ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ရုရှားသံရုံးကို အာဏာသိမ်း စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့် လှစ်ရန် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေလဗ်ရောဗ်သို့ ပြောဆိုခဲ့ကြောင်း ရုရှားဝါဒဖြန့် သတင်းဌာန TASS က ယနေ့ ရေးသား ဖော်ပြသည်။
စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသို့ ယနေ့ ဩဂုတ်လ ၃ ရက်တွင် အလုပ်သဘော ရောက်ရှိလာသည့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေလဗ်ရောဗ်နှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးစဉ်တွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“ကျနော်တို့နိုင်ငံမှာ ခင်ဗျားရဲ့သံရုံးက မြို့တော်ဟောင်း ရန်ကုန်မှာ ရှိတယ်။ ရုရှားကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဖို့အတွက် နိုင်ငံ ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ မန္တလေးနှင့် နေပြည်တော်တို့မှာ သံရုံးကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ အကြံပြုလိုပါ တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခြင်း ဖြစ်သည်။
ဆက်လက်၍ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်နှင့် နိုဗိုစီဘရက်ခ် မြို့တို့တွင် မြန်မာကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ရန် စဉ်းစားနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးထံ ပြောသည်ဟု TASS သတင်းတွင် ဆက်လက် ရေးသားထားသည်။
စစ်ကောင်စီ ဥက္ကဌ၏ အကြံပြုချက်နှင့် ပတ်သက်၍ ရုရှား၏ သဘောထားကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိ ရသေးပေ။
ဆာဂျေလဗ်ရောဗ်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ သွားမည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက် လည်ပတ်ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းအပါအဝင် နိုင်ငံရေးအတိုက်အခံများအား ကြမ်းတမ်းစွာ ဖိနှိပ်ညှင်းပန်းသောကြောင့် ဒေသတွင်းအသင်း အာဆီယံအစည်းအဝေးများမှ စစ်ကောင်စီခေါင်းဆောင်နှင့် သူ့နိုင်ငံခြားရေးဝန်ကြီးတို့ကို မဖိတ်ကြားတော့ဘဲ အထီးကျန်နေချိန်တွင် နေပြည်တော်သို့ လာရောက်ခြင်း ဖြစ်သည်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီးဆာဂျေလဗ်ရောဗ် က “နိုင်ငံရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်နေတဲ့ (စစ်ကောင်စီရဲ့) ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကျနော်တို့ အတူတကွ ရှိနေပါတယ်”ဟု ပြောဆိုခဲ့ကြောင်း ရုရှားသတင်း မီဒီယာများ၏ ရေးသားချက်အရ သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်သည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ၂ နိုင်ငံအကြား ကုန်သွယ်ရေး အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း နေပြည်တော်မှလာသည့် သတင်းများအရ သိရသည်။
ထို့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာစစ်ကောင်စီက ရုရှား-အိန္ဒိယ ပူးပေါင်းထုတ်လုပ်သည့် BrahMos အသံထက် မြန်သော ခရုဇ်ဒုံးကျည်များအား ဝယ်ယူရန် ရည်ရွယ်နေကြောင်း သတင်းများ ထွက်ပေါ်နေစဉ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ရုရှားသည် မြန်မာကို တရုတ်ပြီးလျှင် အများဆုံး လက်နက်ရောင်းချပေးသူဖြစ်ပြီး မြန်မာနိုင်ငံတွင် BrahMos သင်္ဘောဖျက် ဒုံးပျံများ တပ်ဆင် အသုံးပြုနိုင်သည့် SU-30 တိုက်လေယာဉ်ခြောက်စီးကို ရောင်းချထားကာ နှစ်စီးမှာ ၂၀၂၁ ခုနှစ်၊ တပ်မ တော်နေ့ မတိုင်မီကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ရုရှားလေယာဉ်မှူးများက လာရောက် လေ့ကျင့်ပေးလျက် ရှိ သည်။
မြန်မာနိုင်ငံ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လေ့လာသည့် လွတ်လပ်သော သုတေသီ David Scott Mathieson ကမူ ရုရှား နိုင်ငံခြားဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်သည် နေပြည်တော်နှင့် မော်စကိုအကြားရှိ ရင်းနှီးပြီးသား ဆက်ဆံရေးကို ခိုင်မာ အားကောင်းစေရန် လုပ်ဆောင်ချက်တခုသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အာဏာသိမ်းပြီးနောက်နဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ပူတင်ရဲ့နောက်လိုက်တွေနဲ့ စစ်ကောင်စီဟာ အနောက်နိုင်ငံတွေကို နိုင်ငံတကာရဲ့ ဟန့်တားချက်တွေက အရာမရောက်ဘူးလို့ ပြသလိုက်တဲ့ သဘောလို့ ထင်ပါတယ်။ ရုရှားဟာ လုံခြုံရေးကောင်စီရဲ့ မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ၊ လက်နက်ရောင်းချမှု ပိတ်ဆို့ရေး ကြိုးပမ်းမှုတွေကို ဆက်လက်တားဆီးနေမယ့် သဘောရှိပါတယ်။ အထူးသဖြင့် သူတို့ဟာ နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှု တွေမှာ မပါဝင်ဘဲ အချင်းချင်း ကူညီစောင့်ရှောက်ဖို့ သဘောတူကြမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ David Scott Mathieson က ရုရှားအတွက် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးသည် သိပ်အရေးမကြီးလှသော်လည်း အာဏာသိမ်းပြီးနောက် မည်သည့်နိုင်ငံကမှ တရားဝင်အသိအမှတ်မပြုသည့် စစ်ကောင်စီအတွက်မူ ရုရှားနှင့် ဆက်ဆံရေးသည် အရေးကြီးပုံရကြောင်းလည်း ဆိုသည်။
“စစ်ကောင်စီအတွက်ကတော့ အရေးပါတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုခံမှုကို ချေမှုန်းရေးအတွက် အဓိက လိုအပ်တဲ့ လေကြောင်းအင်အားအတွက် ဖြစ်ပါတယ်။ ယူကရိန်း ကျူးကျော်မှုနောက်ပိုင်း ရုရှား-မြန်မာ ဆက်ဆံရေးက ပိုအရေးပါလာမှာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒါဟာ စစ်ဘက်ကိုပဲ ဦးတည်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ထို့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်သည် အာဏာသိမ်းစစ်ကောင်စီအတွက် ပိုက်ဆံပေးနိုင်သရွေ့ ရုရှားက လက်နက်များ ဆက်လက်ရောင်းချပေးနေဦးမည်ဆိုသည့် အဓိပ္ပာယ်လည်းဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သည့် မြန်မာခုခံတော်လှန်သူများအတွက် သတင်းဆိုးသာ ဖြစ်ကြောင်း David Scott Mathieson က ပြောသည်။
“မြန်မာခုခံဆန့်ကျင်သူတွေကတော့ မြန်မာ့လေတပ်ကို ဖျက်ဆီးဖို့ ၎င်းတို့ရဲ့စစ်ပွဲဗျူဟာကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲခုခံဖို့ လိုအပ်ပါတယ်။ ရုရှားရဲ့ထောက်ပံ့မှုတွေကို ဟန့်တားရပါမယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် လေတပ်နဲ့ အမြောက်တပ်တွေဟာ နိုင်ငံတဝှမ်းက ပြည်သူတွေကို ဆက်လက် အကြမ်းဖက်နေဦးမှာပဲ ဖြစ်ပါတယ်”ဟု ၎င်းက သုံး သပ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားနိုင်ငံ၏ စစ်လက်နက် ပစ္စည်းများသည် ကမ္ဘာပေါ်တွင် အင်မတန် အဆင့်မြင့်ပြီး နည်းပညာအားဖြင့်လည်း မြင့်မားသဖြင့် မြန်မာ့ တပ်မတော်အတွက် အလွန်အသုံးဝင်ကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တခုအတွင်း ပြောဆိုခဲ့ဖူးသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပြီးနောက် ရုရှားနိုင်ငံသို့ ၁၀ ကြိမ်ထက် မနည်း သွားရောက်ခဲသည့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ခရီးစဉ်အတွင်း အစိုးရ၊ တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံပြီးပါက ရုရှားနိုင်ငံ တဝန်း လှည့်ပတ်ကြည့်ရှု့လေ့ ရှိသည်။
သူသည် စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ခြင်းများအပြင် ရုရှားနိုင်ငံ၏ လျှပ်စစ် ရထား စီမံကိန်းကို အလွန်သဘောကျခဲ့သောကြောင့် မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ အစည်းအဝေးတစ်ချို့တွင် မြန်မာပြည်တွင်လည်း လျှပ်စစ်ရထား စီမံကိန်းများ ဖော်ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုသည့်အခါ ပြည်သူများ၏ လှောင်ပြောင် ဝေဖန်မှုကို ခံခဲ့ရသည်။
ယခင်က မြန်မာနှင့် ရုရှားနိုင်ငံတို့ကြားတွင် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသာ ပိုများခဲ့သော်လည်း စစ်အာဏာသိမ်း ပြီးနောက် မြန်မာသည် အခြားနိုင်ငံများနှင့် အထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာလာပြီးနောက် ရုရှား နှင့် နယ်ပယ်ပေါင်းစုံတွင် ဆက်ဆံနိုင်ရန် စစ်ကောင်စီဘက်က ကြိုးပမ်းလျက် ရှိသည်။
ယခု ရုရှားနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်သည် မြန်မာနှင့် ရုရှားတို့ကြား စစ်ရေးသာမက အခြားကဏ္ဍများတွင်ပါ ပိုမို ပူးပေါင်း ဆောင်ရွက်တော့မည်ကို ပြသနေကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
ရုရှားနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၄ နှစ်ခန့် ပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အနီးတွင် ရှိသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ အမှတ် ၂ သံမဏိ စက်ရုံ (ပင်းပက်)ကို ရုရှားနိုင်ငံ၏ အကူအညီဖြင့် ပြီးခဲ့သည့်နှစ်က ပြန်လည် ဖွင့်လှစ်ခဲ့သေးသည်။
ထို့ပြင် အနောက်နိုင်ငံများတွင် အဓိကအသုံးပြုနေသည့် နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT (The Society for World wide Interbank Financial Telecommunication)ကို ကျော်လွှားပြီး ရုရှားဗဟိုဘဏ်ရဲ့ ငွေပေးချေမှုစနစ် SPFS (Sistema peredachi finansovykh Soobscheniy)ကိုလည်း မြန်မာက ဝင်ရောက်ရန် စစ်ကောင်စီဘက်က ကြိုးပမ်းလျက်ရှိသည်။
You may also like these stories:
မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများ တွန်းအားပေးမည်
မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်
ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်
ဂျပန်က စစ်ကောင်စီကို ထောက်ခံနေခြင်းသည် မှားယွင်းနေ
ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို