သတင်း

ကွပ်မျက်မှုများ ကြံ့ခိုင်ရေးပါတီဝင်များ ထောက်ခံ

မြန်မာစစ်ကောင်စီ၏ လက်ဝေခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် လွန်ခဲ့သောအပတ်က ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်သည့် ကွပ်မျက်မှုထောက်ခံပွဲများတွင် ပါဝင်ပတ်သက်နေသည်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဇူလိုင်လနှောင်းပိုင်းက ကွပ်မျက်မှုကြောင့် ကမ္ဘာတဝှမ်းမှ ပြစ်တင်ရှုတ်ချနေချိန်တွင် ထိုထောက်ခံပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုကွပ်မျက်မှုများကို USDP က တရားဝင် ထောက်ခံကြောင်း မထုတ်ပြန်သော်လည်း အမည်ဆိုးဖြင့် ကျော်ကြားသော အမျိုးသားရေးဝါဒီ ဦးလှဆွေသည် ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီးတွင် ပြုလုပ်သည့် ထိုကွပ်မျက်မှု ထောက်ခံပွဲများကို ဦးဆောင်သူများအနက် တဦးဖြစ်သည်။ ထိုထောက်ခံပွဲကို စစ်ကောင်စီ စစ်သားများက လုံခြုံရေးယူပေးသည်။

USDP ခေါင်းဆောင်ပိုင်းတွင် မြန်မာစစ်တပ်မှ အရာရှိဟောင်း အများအပြားပါဝင်နေသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် USDP ထောက်ခံသူများ အပါအဝင် ၎င်းတို့ပါတီဝင် ၁,၈၀၀ ကျော်သည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများ၏ သတ်ဖြတ်ခံရသည်ဟု ပြောသည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၄ ဦးကို အလျင်အမြန် ကြိုးပေးကွပ်မျက်ခဲ့ခြင်းမှာ ယင်းသို့ အောက်ခြေရှိ စစ်အာဏာသိမ်းမှုအား လိုလားထောက်ခံသူများ သတ်ဖြတ်ခံနေရခြင်းအပေါ် တုန့်ပြန်လက်စားချေရန် ဖိအားပေးတောင်းဆိုတိုက်တွန်းနေခြင်းကြောင့် ဖြစ်ပုံရသည်။

ရန်ကုန်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က မြို့တော်ခန်းမအနီး ပြုလုပ်သည့် ကွပ်မျက်မှုထောက်ခံပွဲတွင် တွေ့ရသည့် ဦးလှဆွေ

ဦးလှဆွေသည် ဦးသိန်းစိန် သမ္မတလုပ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အမျိုးသားလွှတ်တော်တွင် USDP ကို ကိုယ်စားပြုသူဖြစ်သည်။ သူသည် ယခုဖြုတ်ချခံလိုက်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်တွင် စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်ပြုလုပ်သူလည်းဖြစ်ပြီး ထိုစဉ်က အစိုးရဆန့်ကျင်ရန် လှုံ့ဆော်မှုဖြင့် တရားစွဲခံရသူလည်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က ပြုလုပ်သည့် ကွပ်မျက်မှုထောက်ခံပွဲတွင် စစ်ကောင်စီ လိုလားသောသူများ၊ USDP ပါတီဝင်များ၊ ကွပ်မျက်ခံရသည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့သည် အကြမ်းဖက်သမားများ ဖြစ်သည့်ဆိုသည့် ဆိုင်းဘုတ်ကိုင်ထားသည့် ဘုန်းကြီးများ အပါအဝင် ဗုဒ္ဓသာသာ အမျိုးသားရေးသမား ဆိုသူများလည်း ပါဝင်ခဲ့သည်။

ဦးလှဆွေနှင့် အခြားအမျိုးသားရေးဝါဒီများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိုအစိုးရ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေး အင်အားစု PDF တပ်များကို ဆန့်ကျင်ဝေဖန် ဆဲဆိုသည့် မိန့်ခွန်းများ ပြောကြသည်။

စစ်ကောင်စီထောက်ခံသောလူအုပ်က ရန်ကုန်ရှိ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ အိမ်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်

ကွပ်မျက်မှုထောက်ခံပွဲ နောက်တပွဲကို နောက်တနေ့တွင် မန္တလေးတွင် ပြုလုပ်သည်။ စစ်ကောင်စီ ထိန်းချုပ် မီဒီယာများက ထိုထောက်ခံပွဲ ၂ ပွဲလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။

ထိုထောက်ခံပွဲများမတိုင်မီ ရက်အနည်းငယ်အလိုက စစ်ကောင်စီထောက်ခံသောလူအုပ်သည် ရန်ကုန်ရှိ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ အိမ်များကို ခဲများဖြင့် ပစ်ပေါက်ကာ ၎င်းတို့နှစ်ဦးကို ရှုတ်ချပြီး ပူဆွေးနေသော ကျန်ရစ်သူမိသားစုများကို ခြိမ်းခြောက် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်သူ လူရမ်းကားများသည် ရန်ကုန်တွင် ပြုလုပ်သည့် ကွပ်မျက်မှုထောက်ခံပွဲများတွင် ပါဝင်ကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်။

USDP နှင့် အစွန်းရောက် အမျိုးသားရေးသမားများသည် ဝါဒဖြန့်ချိရန်အတွက် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရကြောင်း ကြေညာပြီးနောက် USDP ဒုဥက္ကဋ္ဌဖြစ်သော စစ်ကောင်စီ၏ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပစ်မှတ်ထားသည့် ဆန္ဒပြပွဲများကို ဦးဆောင်သူ ဖြစ်သည်။

ထိုသို့သော ဆန္ဒပြပွဲများကို USDP ၏ နေပြည်တော်ဌာနခွဲတာဝန်ခံ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး ဝေလွင်က နေပြည်တော်တွင် ဦးဆောင်ကြောင်း ဦးသိန်းစိန်အစိုးရတွင် သမ္မတရုံးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သူ USDP လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရေးသည့် ဒုတိယ ဒီမိုကရေစီအစိုးရနှင့် မြန်မာနိုင်ငံ စာအုပ်အရ သိရသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူသမ္မတဖြစ်ရေးအတွက် USDP က ကူညီမည်ဆိုသည့် အိပ်မက် မက်နေသည်။

မြန်မာစစ်တပ်သည် စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ရထားသောကြောင့် အာဏာသိမ်းခေါင်းဆောင်သည် သမ္မတဖြစ်ရေးအတွက် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် USDP သည် ကိုယ်စားလှယ်နေရာ ၂၆ ရာခိုင်နှုန်းနိုင်မည်ဟု မျှော်လင့်နေသည်။

You may also like these stories:

စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို လေယာဉ်စင်းလုံးငှားမှုဖြင့် အရေးယူရန် ဘူးလက်လှဆွေတိုက်တွန်း

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

Loading