ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် သေ့ဘောဘိုး စစ်အခြေစိုက်စခန်း ဝန်းကျင်အား ပြန်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေ သည့် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှုများ လည်း ရှိနေကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ မြဝတီ-ဝေါလေလမ်းကြောင်းပေါ်ရှိ သေ့ဘောဘိုး စစ်အခြေစိုက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ ပူးပေါင်း တပ်များက ပြီးခဲ့သည့် မေ ၁၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဇွန်လကုန်ပိုင်းတွင်လည်း တော်လှန်ရေးတပ်များက ဝေါလေရဲစခန်းအား ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဥကရစ်ထ စစ်အခြေစိုက်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။
ထိုအချိန်မှစ၍ မြဝတီ-ဝေါလေလမ်းကြောင်းပေါ် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ လကျော် ကြာမြင့်လာပြီဖြစ်ပြီး လတ်တ လော၌လည်း မြဝတီ-ဖလူးလေးဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ ဝေါလေ-ဥကရစ်ထဘက်မှ စစ်ကြောင်း ၁ ကြောင်းတို့ဖြင့် စစ်တပ်က နှစ်ဖက်ညှပ်ပြီး သေ့ဘောဘိုးစခန်းဘက်အား ပြန်လည်ထိုးစစ်ဆင်နေကြောင်း ကော်ဘရာစစ်ကြောင်းဘက်က ပြောသည်။
ကော်ဘရာစစ်ကြောင်းမှ ပြောခွင့်ရှိသူက “သေ့ဘောဘိုးဘက်ကို ပြန်လည်ပြီးတော့ စစ်ကြောင်း ထိုးဖို့အတွက် ကြိုးစားနေတာ။ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲ။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) စစ်ကြောင်းတွေ တိုးမလာနိုင်သေးဘူး။ မည်သည့်နေရာကိုမှ မသိမ်းပိုက်နိုင်သေးဘူး။ စစ်ကြောင်းထိုးလာတဲ့ တပ်တွေလည်း ဖွဲ့စည်းပုံပျက်ပြီး ထွက်ပြေးနေရတဲ့ အခြေ အနေပေါ့။ ထပ်ပြီးတော့ တိုက်ပွဲက ပြင်းထန်လာနိုင်ခြေ ရှိပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၁၊ ၄၄၂ နှင့် လက်ရုံးတပ်ရင်းများ အနေဖြင့် ဖလူးလေးမှ နေ၍ သေ့ဘောဘိုးဘက်သို့ စစ်ကြောင်းထိုးလျက်ရှိရာတွင် KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ဖလူးလေး နှင့် ၂ မိုင်ကျော်အကွာ သုံးထပ်ကွေ့နေရာ၌ ပိတ်ဆို့ကာ ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
အဆိုပါ သုံးထပ်ကွေ့အနီးဝန်းကျင် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အရာရှိများ အပါအဝင် ထိခိုက်သေဆုံးမှု များပြား ခဲ့ပြီး တပ်ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးမှုများနှင့် တော်လှန်ရေးတပ်များထံ လက်နက်ချ ဝင်ရောက်လာမှုများလည်း ရှိနေ ကြောင်း သိရသည်။

သြဂုတ် ၂ ရက်ကလည်း သုံးထပ်ကွေ့ဒေသသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် ကော်ဘရာ စစ်ကြောင်းတို့ မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြားစစ်ကြောင်းတခု အနေဖြင့် ဝေါလေ-ဥကရစ်ထ စခန်းဘက်မှ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၃ နှင့် လက်ရုံးတပ်ရင်းများက သေ့ဘောဘိုးဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ကထိ အဆိုပါ စစ်ကြောင်းသည် ရွှေအေးမြိုင်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသတွင်း တော်လှန်ရေးတပ်များက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်ကာ မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ကော်သူးလေတပ်မှ Venom စစ်ကြောင်းနှင့် ဆင်ဖြူစစ်ကြောင်းတို့က ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်ကလည်း ရွှေအေးမြိုင်ရွာကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်နှင့် Venom စစ် ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့ကြောင်းနှင့် Venom စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း Venom စစ်ကြောင်းက ထုတ်ပြန်ထားသည်။

တိုက်ပွဲ၌ပါဝင်သည့် ရဲဘော်တဦးက “မြဝတီ-ဝေါလေ ကားလမ်းမကို အပေါ်ထိပ်၊ အောက်ထိပ်တက်ပြီး ကျနော်တို့ကို ကျူးကျော်ဖို့ ကြိုးစားနေတာပေါ့။ ခုထိ တော့ သူတို့ မအောင်မြင်သေးဘူး” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း KNLA ပူးပေါင်းတပ်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပါဝင်တိုက်ခိုက်နေ သကဲ့သို့ စစ်ကောင်စီတပ်ဘက်ကလည်း နယ်ခြားစောင့်တပ် (BGF) များ ပူးပေါင်းတိုက်ခိုက်လျက် ရှိကြောင်း သိရသည်။
ယင်းဒေသ၌ နေ့စဉ်ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲကာလ ၁ လကျော်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံး မှုများရှိရာ တော်လှန်ရေးပူးပေါင်းတပ်များဘက်က ၁၅ ဦးထက်မနည်း ကျဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ပြောသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကမူ အဆိုပါ တိုက်ပွဲများအတွင်း ၎င်းတို့၏ ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း မရှိပေ။
အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး လက်ရှိအချိန်ထိလည်း ရွှေအေးမြိုင်ရွာ အပါအဝင် ဝေါလေဒေသ အတွင်းက ရာနှင့်ချီသော ပြည်သူများမှာ စစ်ဘေး ရှောင်နေရဆဲ ဖြစ်သည်။
You may also like these stories:
နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း
ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ
ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ