မြန်မာမှ လျှော့ကျခြင်းမရှိသည့် အကြမ်းဖက်မှုများနှင့် အခြားပြဿနာများနှင့် အခြားပြဿနာများကို ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ကမ္ဘောဒီးယားတွင် တွေ့ဆုံနေပြီး အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ရုရှားတို့မှ နိုင်ငံခြားရေး ဝန်ကြီးများလည်း ထိုအစည်းအဝေးသို့ နောက်ပိုင်းတွင် တက်ရောက်ကြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ နိုင်ငံခြားရေးဝန်ကြီးများသည် ဖနွမ်ပင်တွင် ကြီးထွားနေသော မြန်မာအကျပ်အတည်းကိုသာမက ထိုင်ဝမ်မှ သံတမန်ရေး မုန်တိုင်းအကြောင်းကိုလည်း ဆွေးနွေးကြသည်။
အကျဉ်းသား ၄ ဦးကို မြန်မာကကွက်မျက်လိုက်သောကြောင့် နိုင်ငံတကာ ဒေါသပေါက်ကွဲမှုဖြစ်ပြီးနောက် ထပ်မံကွပ်မျက်ခြင်းမပြုရန် လက်ရှိ ASEAN ဥက္ကဋ္ဌ ကမ္ဘောဒီးယားက မြန်မာကို သတိပေးသည်။ ထိုကွပ်မျက်ခံရသူ ၄ ဦးအနက် ၂ ဦး ထင်ရှားသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများဖြစ်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ၏အခြေအနေသည် “ပိုမိုဆိုးရွား”လာသည်ဟု ပြောဆိုခဲ့ပြီး အတိုက်အခံ တက်ကြွလှုပ်ရှားသူလေးဦးအား ကွပ်မျက်ခြင်းအတွက် “အလွန်စိတ်ပျက်မိ”ကြောင်း ပြောကြားသည်။
“နောက်ထပ်အကျဉ်းသားတွေကို ကွပ်မျက်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ အခန်းကဏ္ဍကိုသာမက ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုပါ ပြန်လည်သုံးသပ်ရလိမ့်မယ်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲတွင် မိန့်ခွန်းပြောသောအခါ ပြောကြားသည်။
အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အာဆီယံ ဝန်ကြီးများ အစည်းအဝေးများ အားလုံးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်များကို တားမြစ်ရန်နှင့် ဂျာကာတာ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှု အားကောင်းစေရန် မူဘောင်တရပ်ကို အဆိုပြုခဲ့သည်။
ဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်ပစ်ရန်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ အားလုံးကို အထူးသံတမန်တဦး ဝင်ရောက်တွေ့ဆုံခွင့် ပါဝင်သည်။
“မြန်မာပြည်သူတွေအတွက် ရှင်းရှင်းလင်းလင်း ‘အဆုံးသတ်’ ရှိတဲ့ မူဘောင်တခု ရှိဖို့ လိုပြီး ‘အဆုံးသတ်’ ဟာ ဒီမိုကရေစီရှိတဲ့ မြန်မာ နိုင်ငံဖြစ်ရမယ်” ဟု Saifuddin က သတင်းထောက်တွေကို ပြောသည်။ နိုဝင်ဘာလ အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အဆိုပြုချက်များနှင့် ပတ်သက်၍ အပြီးသတ် ပြောဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ပါဝင်ခြင်း မရှိကြောင်းကို ထိုင်ခုံလွတ်တလုံးဖြင့် ဖေါ်ပြထားသလို ကမ္ဘောဒီးယား၏ ASEAN ဆိုင်ရာပြောခွင့်ရသူကလည်း ထိုပဋိပက္ခတွင် တိုးတက်မှုရရန် ခက်ခဲမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ဝန်ခံသည်။
မြန်မာတွင် တိုးတက်မှုကင်းမဲ့
လွန်ခဲ့သောနှစ်က မြန်မာတွင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော ASEAN သည် ယခုတိုင်အောင်မြင်မှုမရှိသော ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရေးအားထုတ်မှုများကို ဦးဆောင်နေပြီး စစ်ကောင်စီ၏ အချိန်ဆွဲသော နည်းလမ်းများကြောင့် ဒေါသထွက်နေသည်။
မြန်မာသည်လွန်ခဲ့သောလက အကျဉ်းသား ၄ ဦးကို ကွပ်မျက်လိုက်သောကြောင့် ASEAN ကဝိုင်းဝန်း ရှုတ်ချပြီး မြန်မာပဋိပက္ခဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက် တိုးတက်မှုမရှိခြင်းကို ပိုမိုစိတ်ပျက်လာကြောင်း ပြောသည်။
ဗုဒ္ဓဟူးနေ့က Facebook ပို့စ်တစ်ခုတွင် နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ကွပ်မျက်မှုသည် မြန်မာစစ်အာဏာပိုင်များ၏ အာဆီယံအပေါ် ပြတ်ပြတ်သားသား မလေးစားမှုကို ထင်ဟပ်စေသော်လည်း အလုပ်ဆက်လုပ်ရမည်ဟု အလေးပေးပြောကြားခဲ့သည်။
“ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဓားစာခံအဖြစ် ချုပ်နှောင်ထားရန် ခွင့်မပြုနိုင်သလို ကျွန်ုပ်တို့၏ လက်ရှိအခက်အခဲများကြောင့် အာဆီယံ၏ ဗဟိုဖြစ်မှုနှင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခြင်း မပြုနိုင်ပါ” ဟု ၎င်းက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအားလုံး ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာပိုဒ်ပါရှိရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ် ဧပြီလက သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုချက်ခြင်း ရပ်စဲရေးနှင့် စစ်တပ်နှင့် အာဏာသိမ်းမှုဆန့်ကျင်သူများ တွေ့ဆုံဆွေးနွေးရေး ပါဝင်သည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် မြန်မာသည် ဖရိုဖရဲဖြစ်နေပြီး အတိုက်အခံများကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသောကြောင့် သေဆုံးသူ ၂၁၀၀ ကျော်ပြီဖြစ်သည်။
ထိုင်ဝမ် သံတမန်ရေး မုန်တိုင်း
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီ ထိုင်ဝမ်သို့ အင်္ဂါနေ့တွင် သွားရောက်သောကြောင့် ဖြစ်ပေါ်လာသည့် သံတမန်ရေး မုန်တိုင်းကိုလည်း အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများက ကူညီပြီး ငြိမ်သက်အောင် လုပ်ဆောင်ပေးကြမည်ဖြစ်သည်။
ကြာသပတေးနှင့် သောကြာနေ့များတွင် ကမ္ဘောဒီးယားမြို့တော်တွင် ကျင်းပမည့် ASEAN နှင့် ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲများကို တက်ရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကန်တို့ကို အများက အာရုံစိုက်နေကြသည်။
ASEAN ပြောခွင့်ရသူ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုဝန်ကြီး ကန်း ဖိုအက်က ယခုအစည်းအဝေးသည် တင်းမာမှု လျှော့ချပေးမည့် အစည်းအဝေးဖြစ်ကြောင်း ပြောသည်။
ထိုင်ဝမ်အခြေအနေ တည်ငြိမ်အောင်၊ ပဋိပက္ခမဖြစ်အောင်နှင့် သက်ဆိုင်သူများအကြား နိုင်ငံရေး တင်းမာမှု ဆက်လက်မတင်းမာအောင် နိုင်ငံခြားရေးဝန်ကြီးများက ကြိုးစာမည်ဖြစ်ကြောင်း သတင်းထောက်များကို သူပြောသည်။
တရုတ်ကပိုင်နက်အဖြစ်ကြေညာထားသော ထိုင်ဝမ်သို့ ပလိုစီသွားရောက်သည်ကို တုံ့ပြန်သည့်အနေဖြင့် ပစ်မှတ်ထား စစ်ရေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့နှောင်းပိုင်း တရုတ်က ပြောသည်။
ASEAN တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် တရုတ်နှင့် နီးစပ်သော အုပ်စုများနှင့် ဘေ့ဂျင်း၏ သြဇာထူထောင်မှုကို စိုးရိမ်ပူပန်သည့် အခြားနိုင်ငံများဟု အုပ်စုနှစ်စု ကွဲနေသည်။
သို့သော် မည်သည့် ASEAN နိုင်ငံမျှ ထိုင်ဝမ်ကို တရားဝင်အသိအမှတ်မပြုဘဲ အင်အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုကို ASEAN က မည်သို့ လျှော့ချပေးနိုင်သည်ကို ရှင်းလင်းစွာ မသိရပေ။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်
မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်
ရုရှားသံရုံးကို နေပြည်တော် ပြောင်းရန် စစ်ကောင်စီ ဥက္ကဌ ပြော
ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်