ဒီးမော့ဆို စစ်ရှောင်စခန်းတွင် ကလေး ၃၀ ကျော် ရေကျောက်ရောဂါ ဖြစ်ပွားနေ
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတခုရှိ ကလေး ၃၀ ကျော် ရေကျောက်ရောဂါ (Chicken Pox) ဖြစ်ပွားနေကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါငံခါး၊ စံပြ (၅) မိုင်၊ ကုန်းသာရွာ စသည့် ရွာပေါင်း ၁၁ ရွာ ကျော်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံပြည်သူ ၁၄၀၀ ကျော် ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လကုန်မှစပြီး ကလေးအများစု ကိုယ်ပူခြင်း၊ ဖျားနာခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ခန္ဓာကိုယ်၌ အဖုများထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “စစ်ဘေးရှောင်စခန်းတခုမှာပဲ ကူးသေးတယ်။ ကလေးက ၇၀ ကျော်လောက် ရှိတာကို ထက်ဝက်ကျော်လောက် ကူးစက်နေတယ်။ ကျန်တဲ့လူတွေလည်း အနာကတဆင့် ကူးနိုင် တယ်လို့ ပြောတယ်။ လောလောဆယ်တော့ ၃၀ ကျော် ၄၀ နီးပါးလောက် ကူးနေပြီ။ ပျောက်သွားတဲ့သူတွေ ရှိတယ်။ တချို့က ပြန်ကူးကြတာတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ရှောင်စခန်းတွင် ရေကောင်းရေသန့်နှင့် သောက်သုံးရေ အလုံအလောက် မရရှိသလို ကလေးများမှာလည်း တကိုယ် ရည်သန့်ရှင်းရေး ကောင်းမွန်စွာ ဂရုမစိုက်နိုင်သည့်အတွက် ထိုသို့သော ကူးစက်မှုများ ဖြစ်လာရခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများက ဆိုသည်။
“စခန်းထဲမှာက အဆင်ပြေသလို နေကြရတော့ အဝတ်အစား လျှော်ဖွပ်တာတွေ၊ ရေရရှိတာတွေက အခက်အခဲ ဖြစ်ပါ တယ်။ အဲဒါက ပိုပြီးတွန်းအားဖြစ်စေတဲ့ကိစ္စတွေလို့ ပြောရင်ရပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးနေတယ်။ နိုင်သလောက်နဲ့ ပြန့်ပွားမှုမရှိအောင် ခွဲထားတာတွေ၊ အနီးကပ်စောင့်ရှောက်မှုတွေတော့ လုပ်ပေး နေပါတယ်” ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောသည်။
ကလေးတချို့မှာ သက်သာပျောက်ကင်းသွားကြပြီ ဖြစ်သော်လည်း အရည်ကြည်ဖုများက ရက်အတန်ကြာပြီးနောက် ပေါက်ကွဲထွက်ကာ တခြားသူများကိုလည်း တဆင့်ကူးစက်စေနိုင်ကြောင်း၊ ရောဂါဖြစ်ပွားချိန်မှာ ၁ ပတ်မှ ၃ ပတ်ခန့်ထိ ကြာမြင့်တတ်ကြောင်း စခန်းအတွင်းကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
ယင်းစခန်းရှိ ကျန်းမာရေးဝန်ထမ်းတဦးက “အခုဖြစ်တဲ့ ရေကျောက်က ရေများများချိုးပေးတာ၊ အဝတ်အစား ချောင် ချောင်ချိချိ ဝတ်ပေးတာ၊ ချွေးနဲ့အပူဒဏ်က ယားယံမှု ပိုဖြစ်စေတဲ့အတွက် အေးတဲ့နေရာမှာနေပေးတာ၊ ရေများများ သောက်ပေးတာတွေ ပြုလုပ်သင့်ပါတယ်” ဟု ပြောသည်။
ရေကျောက်ကို ပဲသီတာဟုလည်း ခေါ်ကြပြီး ဆေးပညာအရ Varicella ဟုလည်း ခေါ်သည်၊ ရေကျောက်ဖြစ်ရခြင်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး လေထဲတွင် လွင့်လာသည့် အရည်အစက်ငယ်များ၊ ရောဂါမျိုးစေ့ စွဲကပ်သောအရာများ ရောဂါ သည်များနှင့် ထိတွေပါက အလွန်ကူးစက် လွယ်သဖြင့် ရေကျောက်ရောဂါဖြစ်ပွားသူရှိပါက အခန်း သီးသန့်ခွဲထားရန် လိုသည်။
ရောဂါပျိုးသည့် ရက်မှာ ပျမ်းမျှအားဖြင့် ၁၈ရက်ခန့်ကြာပြီး ရောဂါလက္ခဏာမပေါ်မီ တရက်မှစ၍ အနာဖုများ ဖြစ်ကာ ၆ရက်အတွင်း အလွန်ကူးစက်န်ိုင်သည်။
ရေကျောက်ရောဂါ ဖြစ်ပွားသည့်အခါ များသောအားဖြင့် မျက်နှာမှ စတင်ဖြစ်ပွားလေ့ရှိပြီး မျက်နှာမှတဆင့် ဝမ်းဗိုက်၊ ခြေထောက်၊ နောက်ကျောများ၌ အဖြစ်များကာ အရည်ကြည်ဖုများ စုနေခြင်း ဖြစ်ပြီး ကာကွယ်ကုသခြင်းမှာ လူနာကို အနာဖေးငယ်များ အားလုံးစုံလင်ကွာကျသွားသည့်အထိ သီးခြားထားရန်လိုအပ်သည်။
ရေကျောက်ရောဂါမှာ အသက် ၁၅ နှစ်အောက် အရွယ်များတွင် အဖြစ်များပြီး ကလေး၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန် ဆောင်များ၌လည်း ဖြစ်ပွားတတ်ကြောင်း၊ ရေကျောက်ရောဂါအား ကာကွယ်ဆေးထိုး၍ ကြိုတင်ကာကွယ်နိုင်သော် လည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေရသည့် နေရာများတွင် ဆေးဝါးရရှိမှု အခက်အခဲများ ရှိနေ ကြောင်း သိရသည်။
ရေကျောက်ရောဂါဖြစ်လျှင် ရေမချိုးရဘူးဆိုသည့်အချက်မှာ မှားယွင်းပြီး ကလေး များကို ပုံမှန်အတိုင်း ရေချိုးပေးနိုင် ကြောင်း ကျန်းမာရေးစာစောင်များတွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများ ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၂ သိန်းခန့် စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။