စစ်ကောင်စီက ငွေကြေးထိန်းချုပ်မှုများ ဆက်တိုက်လုပ်လာပြီးနောက် ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ရှားပါးကာ ဈေးမြင့်လာပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေလည်း ယခုရက်ပိုင်း လိုက်ပါ မြင့်တက်သဖြင့် ပြည်တွင်းသုံးသွင်း ကုန် များပါ ဈေးတက်လာဖွယ် ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယမန်နေ့က အမေရိကန် ၁ဒေါ်လာလျှင် ၂၆၀၀ကျပ်မှ ၂၆၅၀ ကျပ်ဖြစ်လာသလို ထိုင်းဘတ်ငွေမှာလည်း ၁ဘတ်လျှင် ၆၉ ကျပ် ဝန်းကျင်မှ ၇၂ ကျပ် ကျော်ထိ ရောက်လာကာ တရုတ်ယွမ်ဈေးမှာလည်း ၁ ယွမ် ၃၂၀ ကျပ်မှ ၃၇၀ ကျပ်ထိ ဖြစ်လာပြီး ဈေးနှုန်း တည်ငြိမ်မှုမရှိဘဲ အချိန်နှင့်အမျှ ပြောင်းလဲမှုများ ဖြစ်နေသည်။
ထို့အတွက် မြန်မာကျပ်ငွေတန်ဖိုး တဖြည်းဖြည်း ကျဆင်းလာရာ ပြည်ပသွင်းကုန်များဖြစ်သော ဟင်းချိုမှုန့်၊ အချိုရည်၊ ကလေးဖြည့်စွက်စာ စသည့် စားသောက်ကုန်များ၊ ဘိလပ်မြေ၊ သံထည်နှင့် လျှပ်စစ်ပစ္စည်းစရှိသည့် ဆောက်လုပ်ရေး လုပ်ငန်း သုံးပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းများပါ တက်လာနိုင်ကြောင်း သိရသည်။
မြဝတီမြို့မှ သွင်းကုန်လုပ်ငန်းရှင်တဦးက “ကျနော်တို့ မြန်မာပြည်ကထွက်တာက ရှားတယ်။ အကုန်လုံး ပြည်ပကလာ တဲ့ ပစ္စည်းတွေချည်းပဲ။ စားသောက်ကုန်၊ ဆေးဝါး၊ အိမ်သုံး၊ လူသုံးကုန် အကုန်လုံးက တရုတ်၊ ထိုင်းနဲ့ တခြားနိုင်ငံတွေ က လာတာ ဖြစ်တယ်။ ပြီးတော့ ပြည်တွင်းကသူတွေကလည်း ဒီပစ္စည်းတွေမှ မသုံးရင် တခြားသုံးစရာ မရှိဘူး။ အဲဒီ တော့ ဈေးကွက်က ဝယ်လိုအား ရှိတယ်။ စီးပွားရေးသမားက အမြတ်လိုချင်လို့ လုပ်တာဖြစ်တဲ့အတွက် ဈေးတင်မှာပဲ။ သွင်းမှာပဲ။ ဒါကြောင့် စားသုံးသူကတော့ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံရမှာပဲ” ဟု ပြောသည်။
သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ရှိနေသဖြင့် ပြည်ပမှ သွင်းကုန်ပစ္စည်းများကို ငွေကြေးဈေးကွက် တက် သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ တင်သွင်းကြမည်ဖြစ်ရာ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေဈေး မြင့်တက်ခြင်း ၏ အကျိုးဆက်က စားသုံးသူပြည်သူများအပေါ်သာ ရိုက်ခတ်မှု ကြီးမားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မူဆယ်မြို့မှ ကုန်သည်ကြီးတဦးကလည်း “ဒေါ်လာလည်း တက်နေသလို ရွှေဈေးတွေကလည်း တက်တယ်။ အဲဒီတော့ တရုတ်ယွမ်ငွေတွေကလည်း တက်လာတာပေါ့။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းခင်က တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၁၉၀ ကျပ်ပဲ ရှိတယ်။ ဒီနေ့ မြန်မာငွေ ၃၇၀ ကျပ်ကို တရုတ်ငွေ ၁ ယွမ် ရှိတယ်။ နှစ်ဆတက်သွားတာ။ မနေ့ ကနဲ့ ဒီနေ့ဈေးတောင် မတူဘူး။ အရမ်းတက်နေတယ်”ဟု ပြောသည်။
မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု နည်းကာ တန်ဖိုးကျနေသဖြင့် နိုင်ငံခြားငွေလဲနှုန်း များ မြင့်လာကြောင်း၊ အမေရိကန်ဒေါ်လာမှာလည်း ဈေးကွက်အတွင်း လည်ပတ်မှု နည်းပါးကာ ရောင်းလိုသူထက် ဝယ်လိုသူသာများနေသဖြင့် ကြိုက်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်မြို့မှ အမေရိကန်ဒေါ်လာ ရောင်းဝယ်သူ တဦးက ပြောသည်။
“ကျနော်တို့ ငွေကြေးဈေးကွက်က သူတွေကတော့ လက်ရှိဖြစ်နေတဲ့ ဈေးက မမှန်ဘူးလို့ပဲ သုံးသပ်တယ်။ ကစားတဲ့ အနေအထား မြင်နေရတယ်။ အခုဈေးတက်တာက မူမမှန်ဘူး။ နိုင်ငံတကာ ဈေးကွက်ကပဲ ကစားနေတာလား၊ ပြည် တွင်းဈေးကွက်ကပဲ ကစားနေတာလား၊ တကယ်ပဲ ဝယ်လိုအား များနေတာလားဆိုတာ အခုက ပြောလို့မရဘူး ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်လိုက်သော နိုင်ငံခြားငွေ လဲလှယ်သတ်မှတ်နှုန်း၊ ပြည်ပနိုင်ငံများသို့ ချေးငွေပြန် ဆပ်ခွင့် ယာယီပိတ်ပင်ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ဘဏ်အကောင့်မှ ဒေါ်လာများကို သတ်မှတ်ဈေးနှင့်လဲယူခြင်း စသည့် ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးနောက် ဒေါ်လာနှင့် ရွှေဈေးများ မြင့်တက်လာချိန်တွင် ကုန်သွယ်ရေးဦးစီး ဌာနက သွင်းကုန်လုပ်ငန်းရှင်များကို နိုင်ငံခြားငွေ တောင်းခံခြင်းမပြုလုပ်ရန် ထပ်မံထုတ်ပြန် လိုက်ပြန်သည်။
စစ်ကောင်စီက နိုင်ငံခြားငွေကြေးဈေးကွက်ကို မထိန်းချုပ်ခင်က ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဟင်းခတ်အချို့မှုန် အကြီး တထုတ်လျှင် ကျပ် ၁ ထောင်ခန့်ရှိရာမှ ယခုအချိန်တွင် ကျပ် ၂ ထောင်ရှိလာရာ ထက်ဝက်နီးပါးခန့်မြင့်တက်နေသလို တခြား သွင်းကုန် ပစ္စည်းများမှာလည်း ယခင်က ကျပ် ၁၀၀ တန် ကော်ဖီမစ်တထုပ်သည် ယခုအချိန်တွင် ကျပ်၂၀၀ ခန်ရှိနေသည်။
ရန်ကုန်မြို့နေ ပြည်သူတဦးက “ဒီနေ့ ဥပမာ ကျပ် ၁၀၀၀ ဝင်ရင် စားဖို့ပဲ ရမယ်။ နေဖို့နဲ့ဝတ်ဖို့ ရှာတော့ပဲ။ အရင်က တော့ အဲဒီ ကျပ် ၁၀၀၀ က နေဖို့၊ စားဖို့၊ ဝတ်ဖို့ ရချင်ရမယ်။ အခုတော့ မရတော့ဘူး။ ပိုမိုကျပ်တည်းသွားတဲ့ အခြေ အနေတွေ ဖြစ်သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ စသည်တို့ကို ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရသည့်၊ သွင်းကုန်ကို အဓိက အားထားနေရသည့် အခြေ အနေ ဖြစ်သည်။
You may also like these stories:
ရွှေနှင့်ဒေါ်လာဈေး အတက်ကြမ်းနေ
စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်
ဝေးလံခေါင်ဖျားဒေသများ၌ စက်သုံးဆီနှင့် အခြေခံစားကုန်များ ပြတ်နေ
ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၂ သောင်းကျော်ထိ မြင့်တက်