ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင်မော်တော်ယာဉ်များအနေဖြင့် ကုန်စည် သယ် ယူပို့ဆောင်ခြင်းများကို စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၃ ရက်မှစတင်ပြီး ကန့်သတ်မှုများ ပြုလုပ်လာကြောင်း အဝေးပြေး ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားချိန်က အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများ ခရီးသည်နည်းပါးပြီး အခက်အခဲများ ဖြစ်သောကြောင့် ကုန်ပစ္စည်းသယ်ယူတင်ဆောင် ခွင့်ကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုခဲ့သည်။
လက်ရှိတွင်မူ စစ်ကောင်စီက အကြောင်းပြချက်မရှိ၊ ကြိုတင်အသိပေးခြင်း မရှိဘဲ အဝေးပြေး ခရီးသည်တင်ကားများ ဖြင့် မည်သည့်ကုန်ပစ္စည်းကိုမဆို တင်ဆောင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ဖြတ်သန်းသွားလာခွင့် မပြုကြောင်း၊ ကုန်ပစ္စည်းသယ်ဆောင်လာသည့် ခရီးသည်တင်ကားများကိုလည်း အမြန်လမ်း ဇီးရိုးမိုင်တိုးဂိတ်တွင် ဖမ်းဆီးဒဏ်ရိုက် ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ခရီးသည်တင်ကားပိုင်ရှင်တဦးက “ဩဂုတ် ၃ ရက်က ကျမတို့ ပြင်ဦးလွင်ကလာတော့ ကားမှာ ပန်းတွေပါလာတယ်။ အမြန်လမ်း တိုးဂိတ်ကနေ ကျပ် ၁ သိန်းနဲ့ ၃ သောင်း တရားရုံးမှာ ဆောင်ရမယ်ဆိုပြီး ဒဏ်ရိုက်လိုက်တယ်။ လိုင်စင် အသိမ်းခံလိုက်ရတယ်။ ကုန်တင်လာတယ်ဆိုရင် လမ်းဟောင်းကို ဆင်းရမယ်လို့ ပြောတယ်။ ဒါက နေ့တိုင်းဖြစ်မှာ လား၊ တရားဝင်လား။ ကြိုတင်ပြောတာ၊ သတိပေးတာ မလုပ်ဘဲ ချက်ချင်းဒဏ်ရိုက် ဖမ်းလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ခရီးသည်တင်ကားများမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်မှစပြီး ခရီးသည်လိုက်ပါ စီးနင်းမှု နည်းသောကြောင့် ပန်း၊ ကြက်ဥ၊ မက်မန်းသီး၊ ကုန်စိမ်း စသည့် ကုန်စည်များကို အများဆုံး သယ်ယူပို့ဆောင် ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျမတို့က ခရီးသည်မရလို့ ကုန်တင်စားရတာ။ ခရီးသည်ပဲ ရမယ်ဆိုရင်တော့ လူ ၁ ဦး ကျပ် ၂ သောင်းလောက်နဲ့ဆို လူပဲ တင်စားချင်တာပေါ့။ ပါဆယ်တနင့်တပိုးကြီး ဘယ်တင်ချင်ပါ့မလဲ။ ပြင်ဦးလွင်ကနေ ပန်း ၁ ဖာ တင်မယ်ဆိုရင် လူ ၂ ယောက် မသယ်ရတယ်။ အဲဒါမှ ကျပ် ၁၀၀၀ ပဲ ရတယ်။ အဲဒီလို နည်းတဲ့ဟာကို ဘာလို့တင်စားလဲဆိုရင် ခရီးသည် မရလို့ ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။
လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ခရီးသွားလာမှု နည်းပါးသဖြင့် ကုန်ပစ္စည်း တင်ဆောင်မှုကိုသာ အားထားနေရသည့် အခြေအနေတွင် ထိုသို့ ကန့်သတ်လိုက်ခြင်းက ခရီးသည်တင်ကားများ ဆက်လက် ရပ်တည်ရန် ခက်ခဲသွားသလို ယင်းသယ်ယူပို့ဆောင်ရေးကို အမှီပြုကာ တနိုင်တပိုင် ကုန်သည်များ အတွက် အခက်အခဲ ဖြစ်သွားကြောင်း သိရသည်။
သို့သော် စစ်ကောင်စီက ထိုသို့ ကန့်သတ်ခြင်းနှင့် ပတ်သက်၍ အဝေးပြေး ခရီးသည်တင်ကားအသင်း၊ ယာဉ်ပိုင်ရှင် များထံ တရားဝင် အကြောင်းကြားခြင်း လက်ရှိအချိန်ထိ မရှိသေးဘဲ မြို့အဝင်တိုးဂိတ်တွင် ဖမ်းဆီး ဒဏ်ရိုက်မှုများ ကြောင့်သာ သိရှိရခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမှမဟုတ်ဘဲ လမ်းဟောင်းမှ သယ်ယူပို့ဆောင်လျှင် ရသည်ဟူသော ပြောဆိုချက်များ ထွက်ပေါ်နေသော်လည်း ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။
အဝေးပြေး ခရီးသည်သယ်ယူပို့ဆောင်ရေး ယာဉ်ပိုင်ရှင်တဦးက “လောလောဆယ် အမြန်လမ်းက ဖြတ်မယ်ဆိုရင် ခရီး သည်ထိုင်တဲ့နေရာမှာ တင်မရဘူး။ ဝမ်းဗိုက်ထဲတော့ တင်လို့ရတယ်။ အရင်က ခရီးသည်နည်းတော့ ထိုင်ခုံနေရာတွေ မှာပါ တင်တာတွေ ရှိတယ်။ အခုတင်လို့ မရတော့ဘူး။ နောက် ကုန်ပစ္စည်းတင်ရင် ခရီးသည်ပါရမယ်လို့ သတင်းတွေ ထွက်နေပေမယ့် ညွှန်ကြားချက်တော့ မလာသေးဘူး။ အခုတော့ ကားဝမ်းဗိုက်ထဲကနေ တချို့ စားစရာတို့၊ အွန်လိုင်း ပစ္စည်းလေးတွေတော့ သွားနေတယ်။ ဘယ်လို လာမလဲတော့ မပြောတတ်သေးဘူး” ဟု လက်ရှိ အခြေအနေကို ရှင်း ပြသည်။
ယခုလိုကာလမျိုးတွင် ဆီဖိုးနှင့် လမ်းစရိတ်ကာမိစေရန် ခရီးသည်မပါသည့် နောက်တန်းခုံများ၌ ကုန်ပစ္စည်းများတင်ပြီး ကားထွက်နေကြရာ စစ်ကောင်စီ၏ ကန့်သတ်ချက်ကြောင့် ယာဉ်လိုင်းတချို့ ရပ်သွားနိုင်သည့် အခြေအနေ ရှိနေသည် ဟုလည်း ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် အဝေးပြေးကားများဖြင့် တန်ဆာပစ္စည်းတင်ပို့မှု၌ ဒရုန်း၊ မှန်ဘီလူး၊ သံထည်ပစ္စည်းများ အပါအဝင် ပစ္စည်း ၁၉ မျိုးကို ကန့်သတ်ထားပြီး လမ်းခရီးတလျှောက် စစ်ဆေးရေးဂိတ်များတွင် လည်း တင်းကျပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာမှ ယခုအခါ ကုန်စည်တင်ဆောင်ခွင့်ကိုပါ ကန့်သတ်လာခြင်း ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီသည် အွန်လိုင်း ဈေးအရောင်းအဝယ်သမားများ အားထားရသည့် ရန်ကုန်မြို့ အောင်ဆန်းကွင်းရှိ ပစ္စည်းပို့/ထုတ် ဂိတ်များကိုလည်း ယခု သြဂုတ် ၆ ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း သိရ သည်။
You may also like these stories:
စက်သုံးဆီဈေးကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ရပ်ဆိုင်း