ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ၂ ဦး လွတ်မြောက်ရေးအတွက် ဩစတြေးလျနိုင်ငံသား ရှေ့နေ Mr. Lan Yarwood မှ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဩစတြေးလျနိုင်ငံသား ရှေ့နေအနေဖြင့် ထိုင်းဘုရင်နှင့် ရင်းနှီးကျွမ်းဝင်သည့် နိုင်ငံများမှ သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ ဘုရင်အုပ်ချုပ်သည့် နိုင်ငံများမှ မင်းညီမင်းသားများထံသို့ ဝင်းနှင့် ဇော်လွတ်မြောက်ရေးအတွက် ၎င်း၏ အသနားခံစာကို တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း၏ အသနားခံစာတွင် စာမျက်နှာ ၉ မျက်နှာပါဝင်ပြီး မြန်မာ ၂ ဦး ကျခံနေရသည့် အမှုအား အမှန်တကယ်မလုပ်ခြင်းအား ယုံကြည်ကြောင်း ဆင်းရဲနွမ်းပါးပြီး ရခိုင်ဒေသမှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား လခစားဝန်ထမ်းများဖြစ်သည့်အတွက် မိဘများထံသို့ ပြန်ပို့ပေးရန် အသနားခံစာထဲတွင် ပါဝင်သည်။
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက “ဘုရင်အသိုင်းအဝိုင်းနဲ့ ကျွမ်းဝင်မှုရှိပြီး ဩဇာ သက်ရောက်မှု ရှိမယ့် အုပ်စုကို ရွေးပြီး ကလေး ၂ ယောက်ကို လွတ်မြောက်အောင် ကူညီပေးပါဆိုပြီး အကြောင်းကြားတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် အဓိကရည်ညွှန်းသည့် ဂျာမဏီနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့က လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် တခြားနိုင်ငံများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံသားရှေ့နေဖြစ်သူက ၎င်း၏ YouTube ချန်နယ်မှ တဆင့် အသိပေးထားသည်။

ထောင်ဒဏ် တသက်တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရေးနှင့် မိဘများနှင့် တွေ့ဆုံနိုင်ရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ၎င်းတို့အား ထောင်ဝင်စာတွေ့ခဲ့သည့် နိုင်ငံခြားသူတဦးမှ တဆင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်အား ပေးအပ်ခဲ့သည်။
ယင်းစာတွင် ၎င်းတို့ လိုချင်သည်များနှင့် ဖြစ်ချင် သည့် ဆန္ဒများကို ရေးသားခဲ့သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများဖြစ်ကြသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုဖြင့် ထိုင်းရဲတပ်ဖွဲ့၏ တရား စွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၄ သောင်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသည့် လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါလူသတ်မှုအတွက် ၎င်းတို့ ၂ ဦးသည် အစောပိုင်းတွင် ဝန်ခံခဲ့ သော်လည်း နောက်ပိုင်းတွင် ရဲများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဖြောင့်ချက် ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြသည်။
အမှုများအတွက် အယူခံအဆင့်ဆင့် တက်ခဲ့သော်လည်း ၎င်းတို့၏ နောက်ဆုံးအယူခံသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ထိုင်းဘုရင်ထံ သနားခံစာ တင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းဘုရင် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၎င်းတို့ ၂ ဦးအား သေဒဏ်မှ ထောင် ဒဏ် တသက်တကျွန်းအဖြစ် ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။