မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘိုထောင်) တွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသား ၄ ဦး သြဂုတ် ၃ ရက်မှစတင်ပြီး တိုက်ပိတ်ခံထားရကြောင်း သိရသည်။
အဆိုပါ ၄ ဦးမှာ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) ဗဟိုကော်မတီဝင် ဆရာ၊ ဆရာမများ ဖြစ်ကြသည့် ဒေါ်သက်ဆုလှိုင်၊ ဦးနောင်ထက်အောင်နှင့် ဦးနိုင်းသီဟကျော်တို့ အပါအဝင် ၄ ဦး ဖြစ်ကြောင်း သိရပြီး ၎င်းတို့၏ အသက်အန္တရာယ်နှင့် ပတ်သက်၍လည်း များစွာစိုးရိမ်နေရကြောင်း BEGSC က သြဂုတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
BEGSC ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များ၊ သပိတ်တိုက်ပွဲများ၊ ကြားကာလပညာရေးလုပ်ငန်းစဉ်များဖြင့် စစ် အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး တက်ကြွလှုပ်ရှားရန် ၂၀၂၁ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပညာရေးဝန်ထမ်းများဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူ ရဇော်တို့ ၄ ဦးကို သေဒဏ်ကွပ်မျက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသား များက အစာငတ်ခံ ဆန္ဒပြနေကြခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိ သူတဦးက “အဓိကတော့ ကိုဂျင်မီတို့ကို သတ်လိုက်တဲ့ကိစ္စကနေ နောက်ပိုင်းလည်း သေဒဏ်သမားတွေကို သတ်တော့မယ်ဆိုတာ ထွက်ပေါ်နေတာတွေလည်း ရှိတော့ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြတာတွေ ဖြစ်လာတာ” ဟု ပြောသည်။
အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသားများက သေဒဏ်ကျခံအကျဉ်းသားများအား အသက်ချမ်းသာပေးရန်၊ အာဆီယံက တောင်းဆိုထားသည့်အတိုင်း နိုင်/ကျဉ်းများအား လွတ်ငြိမ်းခွင့်ပေးရန်၊ ဖမ်းဆီးထားသည့် နိုင်/ကျဉ်းများ၏ မိသားစုများနှင့် တွေ့ခွင့်ပေးရန်၊ အကျဉ်းသားများ၏ ရပိုင်ခွင့်များကို ထိန်းချုပ်ကန့်သတ်ထားမှုများအား ဖြေလျော့ပေးရန် စသည့် အချက် များကို တောင်းဆိုလျက် ရှိကြောင်း သိရသည်။
မန္တလေး အိုးဘိုထောင်တွင် စစ်ကောင်စီ လက်အောက် တရားစီရင်ရေးဖြင့် သေဒဏ်ချခံထားရသူ ၂၀ ဦးခန့်ရှိနေပြီး ၎င်းတို့ အား သြဂုတ် ၂ ရက်ကစတင်ပြီး အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ လည်ပင်းအရွယ်အစား၊ ဆီးချိုသွေးချို တိုင်းတာခြင်း များ ပြုလုပ်နေသည်ဟူသော သတင်းများထွက်ပေါ်နေသဖြင့် ဧရာဝတီက နိုင်ငံရေးအမှုများအား လိုက်ပါဆောင်ရွက်နေ သည့် ရှေ့နေများ၊ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်ရာ အတည်မပြုနိုင်သေးကြောင်း ပြောဆိုကြသည်။
မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက “လက်ရှိမှာ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေနဲ့ အမှုသည်တွေကို အရင်ကလို အချိန်အတိုင်းအတာတခုထိ တွေ့ခွင့် မရတာ အတော်ကြာနေပြီ။ တရားခွင်ကို ရုံးထုတ်တယ်။ ပြီးရင် ထောင်ထဲကိုပြန်ပို့။ အဲဒီလိုမျိုးတွေ လုပ်နေတာဆိုတော့ ထောင်ထဲက အခြေအနေအမှန်ကို သိရဖို့ ခက်လာတယ်။ ပြီးတော့ ထောင်တွင်းကနေ သတင်းအမှားတွေကလည်း အများ ကြီး ထွက်နေတာဆိုတော့ ဟုတ်တယ်၊ မဟုတ်ဘူး ပြောဖို့ခက်တယ်” ဟု ပြောသည်။
လက်ရှိတွင် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသား အများစုကပါ အစာငတ်ခံ ဆန္ဒပြသပိတ်မှောက်မှု၌ ပါဝင်လာပြီ ဖြစ် သလို သြဂုတ် ၅ ရက်တွင်လည်း ထောင်ဆူမှုဖြစ်ပေါ်ပြီး သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ရာ အကျဉ်းသား ၂ ဦး ပြင်းထန်ဒဏ် ရာများ ရခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
AAPP မှ တာဝန်ရှိသူတဦးက “အကျဉ်းထောင်တွင်းမှာ အကျဉ်းသားတွေက သူတို့ရဲ့ အခွင့်အရေးကို တောင်းဆို တိုက်ပွဲဝင်တဲ့အခါမှာ ပစ်ခတ်နှိမ်နင်းတာ တွေ လုပ်ခွင့်မရှိဘူး။ ထောင်ဥပဒေအရ အကျဉ်းသားတွေက သူတို့ရပိုင်ခွင့်ကို တောင်းဆိုခွင့် ရှိတယ်။ ပစ်ခတ်ဖြိုခွင်းတာ တွေ၊ လူကိုသေစေလောက်တဲ့အထိ လုပ်တာတွေက တကယ်ကို တရားလက်လွတ် ဖြစ်တယ်။ လက်ရှိ ရှိနေတဲ့ဥပဒေတွေ ကို ချိုးဖောက်တာ ဖြစ်တယ်။ ဒီလို ကိစ္စတွေကို ကိုယ်တိုင်ကျုးလွန်သူတွေ၊ အမိန့်ပေးစေခိုင်းသူတွေ အားလုံးဟာ ပြန်လည် ပေးဆပ်ရမှာ ဖြစ်တယ်။ ဒါတွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး” ဟု ပြောသည်။
အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) ကလည်း အာဏာသိမ်း စစ်အုပ်စု၏ နိုင်ငံရေး အကျဉ်းသားများအပေါ် သေဒဏ်စီရင်နေမှုများကို ၎င်းတို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် အသက် အန္တရာယ်ကိုမမှုဘဲ ထောင်တွင်းတိုက်ပွဲဝင်နေကြသော နိုင်/ကျဉ်းများနှင့်အတူ ရပ်တည်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်း နှိုးဆော်ထားသည်။
AAPP ၏ မှတ်တမ်းအချက်အလက်များအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ သြဂုတ် ၅ ရက်ထိ စစ်ကောင်စီ လက်ချက် ဖြင့် သေဆုံးသူ ၂,၁၅၈ ဦးထိ ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁,၉၂၅ ဦးအနက် ၁,၃၇၅ ဦးမှာ ထောင်ဒဏ် ချခံထားရကြောင်း၊ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး အပါအဝင် ၁၁၉ ဦးထိ သေဒဏ် ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချခံရသူ ၇၇ ဦးထိ ရှိကြောင်း သိရသည်။
You may also like these stories:
အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ
အိုးဘိုထောင် အာဏာပိုင်များက နိုင်ကျဉ်းများကို ဓားဖြင့်ထိုးပြီး ရိုက်နှက်ဟုဆို
ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်