စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနဘေးမှ ကျေးရွာများကို အာဏာသိမ်း စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်များစွန့်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာဘက်မှ အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် ဩဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းအတိုင်း မော်တော်အကြီး ၁ စီး၊ စက်လှေ ၃ စီးတို့ဖြင့် စုန်ဆင်းလာစဉ် မြစ်ဘေးရှိ ငါးပတ်ချောင်း၊ ကမ်းဖြူနှင့် အင်ဒေါင်းကျေးရွာများကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ဗိုလ်မြေသြဇာ က “အင်ဒေါင်းရွာကို လက်နက်ကြီးတွေရော၊ RPG တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့တယ်၊ တဦးက ပေါင်ကို မှန်တယ်၊ တဦးက ခြေသလုံးနဲ့ ပါးကို မှန်တယ်၊ နောက်တဦးက ခြေဖနောင့်ကို မှန်တယ်၊ ၃ ဦးလုံးက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ ဆေးခန်းကို အမှီပို့ပေးနိုင်ခဲ့ပါတယ်” ဟု ပြောသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်ဘေးရှိ ငါးပတ်ချောင်း၊ ကမ်းဖြူနှင့် အင်ဒေါင်းကျေးရွာများ အပါအဝင် မြစ်ကြောင်း အနီးရှိ သစ်ဆိမ့်၊ ကူကြီး၊ မင်းရွာ (တောင်)၊ ရွာသာ စသည့် ကျေးရွာများမှ ဒေသခံ ရွာသူ၊ ရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းသိရသည်။
ဒေသခံတဦး က “သူတို့က အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ထုနေတာဆိုတော့ ကျနော်တို့ ရွာတရွာထဲ မဟုတ်ဘူး အနီးပတ်လည်က ရွာတွေလည်း လွတ်ရာကို ပြေးကြရတာပေါ့၊ ရွာစဉ်တွေက ဆက်နေတာဆိုတော့ တကြောလုံး ပြေးကြရတာပေါ့၊ သူတို့ ပစ်ခတ်မှုတွေ ငြိမ်မှ ပြန်ဝင်ကြရတာ”ဟု ပြောသည်။
သြဂုတ် ၄ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ မြင်းသည်၊ မူးကမ်းလေး၊ ကျောက်တိုင်ကျေးရွာများအား Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ ပစ်ခတ်မှုများ ပြုလုပ်ကာ Mi-17 ၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချထားခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် မူးကမ်းလေးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်စီးနင်း၍ ဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲခဲ့ကာ သြဂုတ် ၅ နေ့လယ်ပိုင်းတွင် မူးကမ်းလေး ကျေးရွာမှ နေအိမ်များအား မီးရှို့ခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင်ပင် ဒီပဲယင်းမြို့နယ် အင်ပင်၊ ရွာဒင်နှင့် ကိုင်းကံကျေးရွာကြား မူးလက်တံအနီး Mi-35 တစီးက ဝေဟင် ပစ်ခတ်မှုများ ပြုလုပ်ပြီး Mi-17 ၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချထားခဲ့ကာ စီးနင်းဝင်ရောက် မီးရှို့ခြင်းများ ပြုလုပ်ခဲ့သလို တိုက်ကြီး၊ ဥသျှစ်ကြီး၊ လျှော်ဖြူကျေးရွာများအနီးတွင်လည်း Mi – 35 ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ကိုင်းကံကျေးရွာအနီးတွင် ကောက်စိုက်နေကြသည့် ကောက်စိုက်သမများထဲမှ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။
ဗိုလ်မြေသြဇာက “အဓိကတော့ မတ္တရာအပိုင် ကျွန်းရွာဖြစ်တဲ့ ရေလယ်ကျွန်းမှာရှိတဲ့ စစ်ခွေးတွေက ဝက်လက်မြို့နယ်ထဲကို ဝင်ချင်ကြတာ၊ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ ထိတွေ့မှုတွေ မိုင်းဆွဲ၊ ဗုံးချတိုက်ခိုက်တာတွေကြောင့် ဝင်လို့ မရဘူးဖြစ်နေတယ်၊ အဲဒီလို တွေကြောင့် မြေပြင်က မနိုင်တော့ အခုလို ဝေဟင်ကနေ တိုက်ခိုက်တာတွေ လုပ်နေတာလို့ သုံးသပ်တယ်” ဟု ရှင်းပြသည်။
ထို့အပြင် ရွှေဘိုမြို့နယ် ဥယျာဉ်သာကျေးရွာဘက်တွင်လည်း Mi-35 ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သလို အရာတော်မြို့နယ် မင်းရွာ၊ အောင်သာ၊ ဘောင်းကျ၊ အောင်စည်ကျေးရွာနှင့် မူးဘောင်တလျှောက်တွင်လည်း Mi-35 ဖြင့် ပစ်ခတ်ကာ စစ်ကောင်စီ တပ်ဖွဲ့များ ချထားခဲ့သေးကြောင်း သိရသည်။