စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာလျှင် ယခင် ၁၈၅၀ ကျပ်မှ၂၁၀၀ ကျပ်အထိ တိုးမြှင့် သတ်မှတ် လိုက်ပြီးနောက် စက်သုံးဈေးနှုန်းမှာ တက်လာခဲ့ရာ တိုင်းနှင့်ပြည်နယ် နေရာတော်တော် များများ၌ စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်ဈေးကွက်တွင် ဩဂုတ်လ ၇ ရက်က စက်သုံးဆီ တလီတာ ၁၆၀၀ ကျပ် ကျော်ရှိရာမှ ယနေ့တွင် တလီတာ၊ ၁၈၀၀ ကျော်ဖြစ်လာသဖြင့် ငွေကျပ် ၂၀၀ ခန့် မြင့်တက်နေသလို ကျန်သည့် တိုင်းနှင့် ပြည်နယ်များတွင်လည်း သယ် ယူစရိတ် အကွာအဝေးပေါ် မူတည်၍ ရန်ကုန်ဈေးထက် ပိုပြီး မြင့်နေသလို၊ တချို့ဆီဆိုင်များတွင် အရောင်းပိတ်ထား သည့် အခြေအနေများ ဖြစ်နေကြာင်း စက်သုံးဆီ လုပ်ငန်းရှင်များထံက သိရသည်။
စက်သုံးဆီ လက်ကား ဖြန့်ဖြူးရောင်းချသူတဦးက “ဈေးလည်း ဒီနေ့ တက်တယ်။ ဈေးကွက်မှာ ဘယ်လို ဖြစ်နေလဲဆို တော့ ဈေးသာ တက်တာ။ ဆီက ဘယ်မှာမှ ဝယ်လို့/ ထုတ်လို့ မရဘူး။ နယ်ဘက်တွေမှာ အများဆုံး ဆီပြတ်တယ်ဗျ။ ကျနော်တို့ စစ်ကောင်စီရဲ့ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာန (PPRD) မှာ ပြောပြီး ထုတ်လည်း လုံလုံလောက် လောက် မထုတ်ပေးနိုင်ဘူး။ ဥပမာ လီတာ ၄ သောင်းကျော်တင်ရင် တဝက်လောက်ကိုတောင် ခွဲချပေးတာ။ အဲဒီလို မျိုးတွေပဲရှိတော့ ဆီတွေက ဈေးကွက်မှာ ပြတ်တာပေါ့။ ကျနော်တို့ လက်ကား ရောင်းတဲ့သူက ပြန်မရောင်းနိုင်တော့ လက်လီမှာလည်း ပြတ်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအခြေအနေများကြောင့် ဈေးကွက်အတွင်း စက်သုံးဆီ လိုအပ်ချက်ရှိနေသော်လည်း စစ်ကောင်စီအနေနှင့် ဈေး ကွက် လိုအပ်ချက်ကို ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “အခုက လုံးဝ ဝယ်လို့ မရဘူးတော့ မဟုတ်ဘူး။ ဝယ်လို့တော့ ရတယ်။ ဒါပေမယ့် လိုအပ်သ လောက် မရောင်းနိုင်ဘူး။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်တယ်။ ပြတ်တာကတော့ ဓာတ်ဆီရော၊ ဒီဇယ်ရော၊ ပရီမီယံရော ၄ မျိုးစလုံးပဲ ပြတ်တာ။ ကိုယ့်ဆိုင် ရောင်းရဖို့တောင် မနည်းပဲ။ ဖောက်သည်တွေလည်း ကတိပျက်ရ တာပေါ့” ဟု ဆိုသည်။
လက်ရှိတွင် ပြင်ပ ဒေါ်လာဈေးနှင့် ကွာဟမှု ထိန်းညှိရန်နှင့် ကျပ်ငွေတန်ဖိုး မြင့်တက်ရန်၊ ကုန်ဈေးနှုန်း ကျဆင်းရန် အစ ရှိသည့် အကြောင်းပြချက်များနှင့် စစ်ကောင်စီ၏ ဗဟိုဘဏ်က ယခင် ဧပြီလ ၄ ရက်မှ စတင်ပြီး ၁ ဒေါ်လာ ၁၈၅၀ ကျပ် သတ်မှတ်ရာမှ ယခု ဩဂုတ် ၈ ရက်မှ စတင်ပြီး ၁ ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်လိုက်သောကြောင့်လည်း ၎င်းသတ်မှတ်ထားသည့် စက်သုံးဆီ ညွှန်းကိန်းများ ပြန်လည် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆီပြတ်နေသဖြင့် ရန်ကုန်ရှိ Max ဆီဆိုင်တော်တော်များများတွင် ဓာတ်ဆီ ၉၂ အရောင်း ပိတ်ထားပြီး မန္တလေး၊ မူဆယ်၊ လားရှိုး အစရှိသည်တို့တွင် ဓာတ်ဆီ ၉၂ နှင့် ၉၅ များ အရောင်းပိတ်ထားပြီး တချို့ဆိုင်များ လုံးဝ အရောင်း ပိတ်ထားသည်အထိ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မန္တလေးမြို့ရှိ ဒေသခံ တဦးက “မနေ့ (ဩဂုတ်လ ၇ ရက်) ထဲက ဖြစ်တာ။ မနေ့ကတော့ ဈေးတွေက ကျတယ်။ အဲဒါကို ဆိုင်တွေက မရောင်းကြတာ။ ရောင်းတဲ့ ဆိုင်ကျတော့လည်း တလီတာ၂၈၀၀ ကျပ်က ချမရောင်းဘူး။ ဒီနေ့ (ဩဂုတ် ၈) ရက်ကျတော့ စက်သုံးဆီ ပြတ်သွားတယ်။ ၉၂ ရော၊ ၉၅ ရော မရှိတော့တာ။ ဒီနေ့ မန္တလေးမှာဆိုရင် ဓာတ်ဆီက တလီတာ ကျပ်၂၁၀ လောက် တက်တယ်။ တချို့ဆိုင်တွေ မရတော့ဘူး။ Denko မှာတော့ ရခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လများအတွင်းက စတင်ပြီး စစ်ကောင်စီက စက်သုံးဆီဆိုင်များကို ခွဲတမ်းနှင့်သာ ရောင်းချပေးနေခြင်း များကြောင့် ဈေးကွက်အတွင်းသို့ လိုအပ်သည့် ပမာဏကို တိုက်ရိုက် ရောက်ခြင်း မရှိပေ။
ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတဦးက “သတ်မှတ် ဒေါ်လာဈေးတက်တော့ စက်သုံးဆီဈေး ပြန်မြင့်တယ်ပေါ့။ Max ဆီ ဆိုင် တော်တော်များများကတော့ အရောင်း ပိတ်ထားတယ်။ ဝယ်လို့လည်း မရဘူး။ ဆီက ရောက်ကုန်ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဧပြီ ၂၀ ရက်မှစတင်၍ ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချသူများကို သတ်မှတ်ဈေးများဖြင့်သာ ရောင်းချရန် ကြေညာခဲ့သည်။
ယင်း သတ်မှတ်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဓာတ်ဆီ 92 တလီတာ ၁၈၁၅ ကျပ်၊ ဓာတ်ဆီ 95 တလီတာ ၁၈၈၀ ကျပ်၊ ဒီဇယ်တလီတာ ၂၂၂၅ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ၂၂၉၀ ကျပ်နှုန်းနှင့် ကြေညာထားကာ ပြည်နယ်နှင့် တိုင်း အလိုက် ဈေးနှုန်းများကို သတ်မှတ်ထားသည်။
You may also like these stories:
ခရီးသည်တင်ကားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်
ဝေးလံခေါင်ဖျားဒေသများ၌ စက်သုံးဆီနှင့် အခြေခံစားကုန်များ ပြတ်နေ
ရွှေနှင့်ဒေါ်လာဈေး အတက်ကြမ်းနေ
CNG ဂက်စ် မရသဖြင့် YBS ကားများ အစီးရေလျှော့ပြေးဆွဲနေရ
စက်သုံးဆီဈေးကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ရပ်ဆိုင်း
စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူမည် ဟု စစ်ကောင်စီ ကြေညာ