သတင်း

စူပါမန်းပင် မြန်မာအကျပ်အတည်းကို မဖြေရှင်းနိုင်ကြောင်း ASEAN အထူးသံတမန်ပြော

မြန်မာ့ငြိမ်းချမ်းရေးအတွက် တာဝန်ပေးအပ်ခံရသော ASEAN အထူးသံတမန်က ထိုအကျပ်အတည်းကို စူပါမန်းပင် ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး တိုးတက်မှုမရသလောက်င်ဖြစ်သော တပတ်ကြာ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို အဆုံးသတ်ခဲ့သည်။

မြန်မာသည် လွန်ခဲ့သောနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး အတိုက်အခံများကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းသောကြောင့် လူ ၂၁၀၀ ကျော်သေဆုံးပြီး ပြည်တွင်းစစ်က ပိုမိုကျယ်ပြန့်လာသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် လက်ရှိအချိန်အထိ အောင်မြင်ခြင်းမရှိသည့် မြန်မာအကျပ်အတည်းကိုဖြေရှင်းရန် ဦးဆောင်နေပြီး ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်ပြီး တိုးတက်မှုမရှိကြောင်း သောကြာနေ့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တစောင်တွင် ပြောသည်။

အာဏာသိမ်းပြီးနောက် မြန်မာသို့ ၂ ကြိမ်သွားရောက်ပြီးဖြစ်သည့် ASEAN အထူးသံတမန် ပရက် ဆိုခွန်းက ကာလတိုအတွင်း အဓိက တိုးတက်မှုရမည့် မျှော်လင့်ချက် မရှိကြောင်း ပြောသည်။

“ကျနော်က အထူးသံတမန်တယောက်ပဲ။ စူပါမန်း မဟုတ်ဘူး” ဟု သူက ဖနွမ်းပင်တွင် သတင်းထောက်များကို စနေနေ့က ပြောသည်။ “စူပါမန်းတောင်မှ မြန်မာပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

ငြိမ်းချမ်းရေး အစီအစဉ်ကို အချိန်ဆွဲနေသောကြောင့် ASEAN အတွင်းတွင် မြန်မာဗိုလ်ချုပ်များကို ဒေါသထွက်နေပြီး အထူးသဖြင့် ထင်ရှားသော ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၂ ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို လွန်ခဲ့သောလက ကွပ်မျက်လိုက်သောအခါ ပိုမိုဒေါသထွက်ကြသည်။

ဧပြီလက သဘောတူခဲ့သော ထိုငြိမ်းချမ်းရေး အစီအစဉ်တွင် အကြမ်းဖက်မှု ချက်ခြင်း ရပ်ဆိုင်းရေးနှင့် စစ်အုပ်စုနှင့် အာဏာသိမ်းမှုဆန့်ကျင်သူများ တွေ့ဆုံဆွေးနွေးရေး ပါဝင်သည်။

“အစည်းအဝေး တခု နှစ်ခုနဲ့ နှစ်ပေါင်းများစွာ လုပ်ရုံနဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရဘူး” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရက်ဆိုခွန်းပြောသည်။

“မြန်မာလို ပြဿနာမျိုးက နှစ်ပေါင်းများစွာ ညှိနှိုင်းရမယ်။ အထူးသံတမန်က မြန်မာကို နှစ်ခါလောက် သွားတာနဲ့ တချို့လူတွေက စိတ်မရှည်တော့ဘဲ ရလဒ်က ဘာလဲ မေးနေကြတယ်” ဟုလည်း သူပြောသည်။

ပရက်ဆိုခွန်းက ဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်သည့် တိုးတက်မှုအပေါ် မူတည်ပြီး မြန်မာသို့ စက်တင်ဘာလအစောပိုင်းတွင် တတိယအကြိမ် သွားရောက်နိုင်ဖွယ်ရှိကြောင်းအရိပ်အမြွက်ပြောသည်။

“အထူးသဖြင့်တော့ ကျနော် လူသိရှင်ကြားပြောကြားထားတဲ့အတိုင်း ကွပ်မျက်မှုတွေ ထပ်မံကျူးလွန်ရင် အခြေအနေကို ပြန်လည်သုံးသပ်မယ်” ဟု သူပြောသည်။

သူ၏မှတ်ချက်သည် သောကြာနေ့က ပူးတွဲကြေညာချက်အပေါ် အခြေခံသည်။ ထိုကြေညာချက်တွင် စစ်ကောင်စီအနေဖြင့် နိုဝင်ဘာလတွင် ကျင်းပမည့် ASEAN ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ ခိုင်မာသောလုပ်ရပ်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖေါ်ပြထားသည်။

ပရက်ဆိုခွန်းကို သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ပေးရမည်ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသောကြောင့် ဖမ်းဆီးထားသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရမည်ဟု ဆိုလိုသည်။

ပိုမိုပြင်းထန်သော အရေးယူမှုများပြုလုပ်ရန် ဦးဆောင်တောင်းဆိုနေသည့် မလေးရှားက ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ တိုးတက်မှုမရပါက မြန်မာကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရမည့် သဘောမျိုး ပြောဆိုနေသည်။

ကိုးကား။ ။ AFP

ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်

နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး

ရုရှားနှင့် မြန်မာ စီးပွားရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေဟု ICG ပြော

မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်

ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို

Loading