စစ်ကောင်စီ၏ ဗဟိုဘဏ်က ပို့ကုန်ရငွေမှ ၆၅ ရာခိုင်နှုန်းကို အမေရိကန် တဒေါ်လာ ၂၁၀၀ကျပ်နှုန်း ဖြင့် လဲလှယ်ရန် သြဂုတ် ၅ရက်က ပြင်ဆင်သတ်မှတ်ပြီးနောက် ပဲဈေးကွက်တွင် ဈေးနှုန်း အတန်ငယ်မြင့်လာသော်လည်း ပြည်ပတင်ပို့ ရန်မူ အခက်အခဲအများအပြား ရှိနေသေးကြောင်းသိရသည်။
သြဂုတ် ၅ရက်က ရန်ကုန်ပဲဈေးကွက်၌ ပြည်ပပို့သည့် မတ်ပဲ (FAQ/RC) ၁ တန် လျှင် ၁၆၆၇၅၀၀ ကျပ်၊ (SQ/RC)မှာ တတန်လျှင် ၁၉၃၂၅၀၀ ကျပ် ရှိရာမှ ယမန်နေ့က မတ်ပဲ (FAQ/RC)မှာ ၁၇၆၀၀၀၀ ကျပ်၊ (SQ/RC)မှာ ၂၀၇၅၀၀၀ ကျပ် အထိရောက်ရှိခဲပြီးနောက် မတ်ပဲ တတန်လျှင် ပျမ်းမျှ ကျပ် ၁ သိန်း ၄ သောင်းကျော်စီ အထိ ဈေးမြင့်လာ ကြောင်း၊ ပဲစင်းငုံ (Rad/RC)မှာ ၁ တန်လျှင် ကျပ် ၁၆၁၂၅၀၀ ကျပ်ရှိရာမှ ၁၈၉၀၀၀၀ ကျပ်အထိ တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်စာရင်းများ အရသိရသည်။
သို့သော် လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် ပို့ကုန်ရငွေကို အမေရိကန်ဒေါ်လာနှင့် သတ်မှတ်ခြင်း၊ ဒေါ်လာငွေ တန်ဖိုးကိုလည်း ကြိုတင်ပေးသွင်းမှသာ လိုင်စင်ချပေးခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန် မဟုတ်လျှင် တင်ပို့ခွင့် မရှိခြင်း ဆိုသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကန့်သတ်ချက်များက ပို့ကုန်သမားများအတွက် အခက် အခဲများ ဖြစ်နေကြောင်း ပြည်ပသို့ ပဲတင်ပို့သည့် လုပ်ငန်းရှင်တဦးက ဆိုသည်။
“အခု ငွေလဲနှုန်းက ဗဟိုဘဏ်ဈေး နည်းနည်း မြင့်လာတယ်။ အပြင်ဈေးနှုန်းနဲ့ တအားကြီး မကွာတော့ဘူး။ အရင် ထက် နည်းနည်း အသက်ရှူပေါက်လေး ရတယ်၊ ဒါပေမယ့် ငွေလွှဲပြီးမှ ကုန်တင်ခွင့်ပေးမှာ ဆိုတော့ ကုန်သည် တွေမှာ ငွေအရင်းက တရင်း မဟုတ်တော့ ဘူး။ နှစ်ရင်း သုံးရသလို ဖြစ်သွားတော့ အခက်အခဲ ရှိနေဆဲပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် ကုန်ကြမ်းအဖြစ် (ဥပမာ- ပဲအတိုင်း၊ ပြောင်းဆန် လုံး အတိုင်း) အစရှိသည်ဖြင့် တင်ပို့ခြင်းများကြောင့် စစ်ကောင်စီက တန်ဖိုးမြှင့် ထုတ်လုပ် ကြိတ်ခွဲပြီးမှ တင်ပို့ရန် သတ် မှတ်ထားသည်။
ယင်းနှင့် ပတ်သက်၍ မန္တလေးမြို့မှ ပြည်ပ ပဲတင်ပို့သူ တဦးက “ကျနော်တို့ဆီက ထွက်တာ ကုန်ကြမ်းဆိုပေမယ့် သူတို့ တဖက်နိုင်ငံက လက်ခံနိုင်တဲ့ အရည်အသွေး သန့်စင် ပြုပြင်ပြီးမှထွက်ရ တာပါ။ မပြုပြင်ဘဲနဲ့ ထွက်ရတဲ့ ပဲတံဆိပ် မရှိ ပါဘူး။ ပဲကို စက်တွေနဲ့ သန့်ပြီး (RC) လုပ်မှ ထွက်ရတာ။ ဒါကို တန်ဖိုး မြှင့်လို့ မသတ်မှတ်တာက ဌာနဆိုင်ရာတွေနဲ့ နည်းနည်းလွဲနေတာ ရှိပါတယ်။ ဒါကြောင့် အသင်းတွေ ကုန်သည်တွေက လိုက်ပြီး ရှင်းပြလုပ်နေရတာ ရှိပါတယ်” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
ယခင်က ပို့ကုန်တင်ပို့သူများ၏ ကုန်ဖိုးရငွေများကို ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနှင့် ကုန်သည်က လဲလိုသည်ဖြစ်စေ မလဲလိုသည်ဖြစ်စေ ဘဏ်အကောင့်ထဲ ဒေါ်လာဝင်သည်နှင့် စစ်ကောင်စီ၏ ဗဟိုဘဏ်ဖြတ်ယူထားသဖြင့် ပို့ကုန် တင်ပို့သူများမှာ စစ်ကောင်စီ သတ်မှတ်နှုန်းနှင့် ပြင်ပ ဒေါ်လာလဲလှယ်နှုန်း ကွာဟချက် ကြီးမားပြီး အရှုံးနှင့် ရင်ဆိုင် ရသောကြောင့် နယ်စပ်မှ တင်ပို့သော ပဲမျိုးစုံ၊ ပြောင်း အစရှိသည်တို့မှာ တင်ပို့မှုများ ရပ်ဆိုင်းထားရသည် အထိ ဖြစ်နေသည်။
ထိုအခြေအနေများကြောင့် စစ်ကောင်စီက သြဂုတ် ၈ရက်မှစကာ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ၁ ဒေါ်လာ ၂၁၀၀ ကျပ်အထိ သတ် မှတ်ပေးလိုက်သလို တင်ပို့မှု ရငွေများကိုလည်း ၆၅ ရာခိုင်နှုန်းသာ ယူပြီး ၃၅ ရာခိုင်နှုန်းကို ကုန်သည်သို့ ပေးလိုက်ခြင်းဖြင့် ဖြေလျော့ပေးခဲ့သည်။
ယင်းအချက်ကြောင့် ကုန်သည်များ ပြည်ပသို့ပို့ကုန်တင်ပို့ရာတွင် အနည်းငယ် အဆင်ပြေခဲ့သော်လည်း အလုံးစုံပြေ လည်သည့် နည်းလမ်းတခု မဟုတ်ကြောင်း ကုန်သည်များနှင့် စီးပွားရေး ပညာရှင်များက သုံးသပ်ထားသည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၅၈၇၀၀ ဒသမ ၂၇၆ တန်တင်ပို့ထားရာမှ တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၄၂၆ ဒသမ ၄၁၁ သန်းရရှိထားကြောင်း စစ်ကောင်စီ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲ ၃ မျိုးကို ပြည်ပနိုင်ငံများသို့ အများဆုံး တင်ပို့လျက်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ တင်ပို့ကာ ပဲတီစိမ်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
You may also like these stories:
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ
နိုင်ငံခြားငွေ ဈေးမြင့်မှု သွင်းကုန်ပစ္စည်းများပါ ဂယက်ရိုက်လာနိုင်