ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ပါဝင်ပတ် သက်သူများအား အလွတ်ပေးမည်မဟုတ်ဘဲ တန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ALP ခေါင်းဆောင်များက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စစ်တွေမြို့၊ နာဇီရပ်ကွက်ရှိ ပါတီခေါင်းဆောင်တဦးလည်းဖြစ်သူ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ၎င်းနေအိမ်၌ ရှိစဉ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သြဂုတ် ၃ ရက်တွင် ALP ပါတီက ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ထိုသို့ ပြောဆိုလာခြင်းလည်း ဖြစ်သည်။
ထို့ပြင် သြဂုတ် ၇ ရက်တွင် ALP ပါတီရဲဘော်များက ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံမှုနှင့် ပတ်သက်သည်ဆိုကာ စစ် တွေမြို့ နာဇီရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် ကိုကာနာချေနှင့် ကိုအေးကိုတို့ကို လာရောက်ဖမ်းဆီးခဲ့ရာ ကိုကာနာချေမှာ လွတ်မြောက်သွားခဲ့သော်လည်း ကိုအေးကိုအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ခိုင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုသည်။
၎င်းက “ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးတဲ့လူတွေက နာဇီရပ်ကွက်ကလူတစု ဖြစ်တယ်။ အဲဒီလူတွေက ULA က တာဝန်ပေးထားတဲ့လူတွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ သိထားတယ်။ သူတို့က ဖမ်းဆီးပြီးတော့ AA လက်ထဲကို ပို့လိုက် တယ်။ ကျနော်တို့လူကို ဖမ်းဆီးတဲ့အထဲမှာ ပါတဲ့လူတွေကို ကျနော်တို့က ပြန်ပြီးတော့ လိုက်ဖမ်းတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ဖမ်းတာ ဖြစ်တယ်။ ကျနော်တို့ သည်းမခံနိုင်တော့ဘူး။ ကျနော်တို့တွေကို ဖမ်းဆီးတာ များနေပြီ။ ULA တခု လုံးကို ပြောတာတော့ မဟုတ်ဘူး။ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးတဲ့အထဲမှာ ပါတဲ့လူတွေကို လိုက်ဖမ်းနေတာ။ ဆက်ပြီးတော့လည်း ဖမ်းဆီးဖို့ လုပ်နေတယ်” ဟု ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် စစ်တွေမြို့ ၊ နာဇီရပ်ကွက်တွင် ရုံးခန်းဖွင့်လှစ်ထားပြီး ဒုဗိုလ်မှူးကြီး ခိုင်ပေါ် လင်းမှာ ရပ်ကွက်အတွင်းရှိ မူးယစ်သားကောင်အဖြစ်သို့ ရောက်ရှိနေသော လူငယ်များအား စာရိတ္တပြုပြင် ထိန်းသိမ်းပေး နေသူတဦး ဖြစ်ကြောင်းလည်း ALP ပါတီ ခေါင်းဆောင်များက ပြောသည်။
ကိုကာနာချေနှင့် ကိုအေးကိုတို့အား ဖမ်းဆီးရာတွင် ALP ပါတီဝင်များနှင့်အတူ စစ်ကောင်စီ တပ်သားများလည်း ပူးပေါင်း ပါဝင်ပြီး ရပ်ကွက်အတွင်း သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သည့်အတွက် လွတ်မြောက်သွားသော ကိုကာနာချေမှာ ခြေထောက်၌ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။
နာဇီရပ်ကွက်နေ စစ်တွေမြို့ခံတဦးက “ကာနာချေကို ဖမ်းဆီးတဲ့အချိန်က လူ ၂၀ လောက် ပါတယ်။ အဲဒီအထဲမှာ ဗမာစကားပြောတဲ့လူတွေ ပါလာတယ်။ ကာနာ ချေကို အိမ်ပေါ်တက်ဖမ်းတဲ့အချိန် ပြန်ခုခံတယ်နဲ့ တူတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ သူ ထွက်ပြေးသွားလို့ လှမ်းပစ်တယ် ထင်တယ်။ ကျနော်တို့လည်း ကြောက်ပြီးတော့ အိမ်ပြင်လည်း ထွက်မကြည့်ရဲဘူး” ဟု ပြောသည်။
ALP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ခိုင်ကျော်စိုးကမူ အဆိုပါ ဖမ်းဆီးမှုဖြစ်စဉ်တွင် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းပြီး ဖမ်းဆီးခြင်း မရှိသလို ရပ်ကွက်အတွင်း သေနတ်ပစ်ခတ်မှုလည်း မရှိခဲ့ကြောင်း၊ လွတ်မြောက်သွားသည့် ကာနာချေ ဒဏ် ရာရရှိသည်ဆိုခြင်းမှာ အိမ်ခြံစည်းရိုးကာရံထားသည့် သံဇကာအား ဖောက်ပြေးသည့်အတွက် ဒဏ်ရာရရှိခြင်းသာ ဖြစ်နိုင် ကြောင်း ပြောဆိုသည်။
စစ်တွေအခြေစိုက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဦးမြတ်ထွန်းက “ရပ်ကွက်အတွင်းကို ဝင်ရောက်ပြီး ဖမ်းဆီးတယ်ဆိုတော့ ပြည်သူကြားမှာ အထိတ်တလန့် ဖြစ်တာပေါ့။ ALP က ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတခု လည်း ဖြစ်တော့ ပြည်သူတွေ အထိတ်တလန့်ဖြစ်မယ့် လုပ်ဆောင်ချက်တွေကို မလုပ်သင့်ဘူးလို့ ကျနော်အနေနဲ့ ထင်မြင် ယူဆမိတယ်” ဟု မှတ်ချက်ပေးသည်။
အဆိုပါ ဖမ်းဆီးခံရသူ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းသည် ပြီးခဲ့သော ဇွန်လအတွင်းက စစ်ကောင်စီ ဖိတ်ခေါ်သည့် နေပြည် တော် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင် ဒေါ်စောမြရာဇာလင်းနှင့်အတူ တက်ရောက်ရာတွင် ပါဝင်ခဲ့ သည်။
ULA/AA သည် ယခင်ကလည်း ALP ပါတီဝင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး လက်ရှိအချ်ိန်ထိ ပြန်မလွတ်လာသေး ကြောင်း ALP ပါတီမှ ဗဟိုကော်မတီဝင် ခိုင်အောင်စိုးသန်းက ပြောဆိုထားသည်။
ရခိုင်တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်း ဖမ်းဆီးခြင်းသည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး လုံးဝ မဖြစ်သင့်သည့် လုပ်ရပ်ဖြစ်သလို ပန်းတိုင်တခုတည်းကို ချီတက်နေသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် မိမိတို့ပါတီမှ ဖမ်းဆီးထားသူများအား အမြန်ဆုံးလွတ်ပေးရန်လည်း သြဂုတ် ၃ ရက် ထုတ်ပြန်ချက်တွင် ALP ပါတီက တောင်းဆိုထား သည်။
ALP ပါတီမှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ULA/AA ဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသောအဖွဲ့ ဖြစ်သလို လက်ရှိအချိန်၌လည်း အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မပျက်မကွက် တက်ရောက်နေသည့် အဖွဲ့တခုလည်း ဖြစ်သည်။