ငှက်ကလေးများ သီချင်းမဆိုနိုင်ကြ၊ ရွှံ့နှစ်ရောင်ဖြစ်နေသော မြစ်များအတွင်း ငါးများမကူးခတ်ကြတော့။ တိရစ္ဆာန်များသည် ပတ်ဝန်းကျင်တွင် လှည့်လည်နေခြင်း မရှိကြ။ နွားများသေဆုံးနေသည်ကို မကြာခဏ တွေ့ရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း သစ်တောများအတွင်းမှ ပြည်သူများသည် မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းခဲ့သည့် ဘဝနေနည်းများကို ဆုံးရှုံးကြသည်။ သို့သော် ထိုကိစ္စကို မကျေနပ်ကြောင်း ပြောပါက အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရသည်။
ထိုသစ်တောများသည် ကမ္ဘာ၏ ဗီတာမင်များဟုခေါ်သည့် မြေရှားသတ္တုဝင် အဓိကသတ္တု အမျိုးအစားပေါင်းစုံ၏ ရင်းမြစ်ဖြစ်သည်။ မြေရှားသတ္တုများသည် ယခုအခါ ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါး၏ ဘဝအတွင်း ချင်းနင်းဝင်ရောက်နေပြီးဖြစ်ပြီး ကွန်ပျူတာများ၊ ဆဲလ်ဖုန်းများမှသည် ဓာတ်လှေခါးများနှင့် ရထားများတွင်လည်း အသုံးပြုနေရသည်။
ထိုသတ္တုများသည် အလျင်အမြန် တိုးတက်နေသောကဏ္ဍဖြစ်သည့် အစိမ်းရောင်စွမ်းအင်နယ်ပယ်အတွက် အထူးအရေးပါပြီး လေအားတာဘိုင်စက်များနှင့် လျှပ်စစ်ကားများတွင် အသုံးပြုနေရသည်။ ထိုသတ္တုများသည် ကမ္ဘာတွင် အကျော်ကြားဆုံး ကုမ္ပဏီအချို့ဖြစ်သည့် General Motors, Volkswagen, Mercedes-Benz, Tesla နှင့် Apple တို့သို့သော လုပ်ငန်းများထံ ရောက်ရှိသွားကြသည်။
သို့သော် AP သတင်းဌာနက ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတခုအရ ထိုသတ္တုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်းသည် ထိုလုပ်ငန်းတွင် လူတိုင်းသိနေသည့် ညစ်ညမ်းသော လျှို့ဝှက်ချက်တခုကို ဖုံးကွယ်ထားကြောင်း သိရသည်။ ထိုသတ္တုများအတွက် ပေးဆပ်ရသည့် တန်ဖိုးများမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွာသားများ၏ မြေများလုယက်ခံရခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်နှင့် ပတ်သက်နေသည့် ခါးပိုက်ဆောင်တပ်တခုကို ငွေကြေးထောက်ပံ့ခြင်းတို့ ဖြစ်နေသည်။ မြေရှားသတ္တုဝယ်လိုအား မြင့်မားလာသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း တိုးလာနိုင်သည်။

“ဒီလိုသတ္တုတူးဖော်နိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ရတာက ရာသီဥတုပြောင်းလဲမှုကြောင့်လို့ အကြောင်းပြတယ်” ဟု ‘မြေရှားသတ္တု ရှေ့တန်းမျက်နှာစာများ’ အမည်ရှိ စာအုပ်ကိုရေးသားသူ ဂျူလီ မစ်ချယ်လ် ကလင်ဂါက ပြောသည်။ သူသည် တရားမဝင်စွမ်းအင် သတ္တုများကို ခြေရာခံလိုက်သည့် ဖက်ဒရယ်အစိုးရ စီမံကိန်းတခုကို ဦးဆောင်နေသူဖြစ်သည်။
“အဲဒီသတ္တုတွေတွေ့မယ့် လူမသိသူမသိ ဘယ်သူမှ မထင်တဲ့ နေရာရှာဖို့ တွန်းအားပေးမှုတွေ အများအပြား ရှိနေသေးတယ်” ဟုလည်း သူကပြောသည်။ ထိုလေ့လာမှုတွင် ကုမ္ပဏီ ၇၈ ခု ကုန်ကြမ်းပေးသွင်းရေး ကွင်းဆက်များနှင့် မြန်မာမြေရှားသတ္တုနှင့် ပတ်သက်နေကြောင်းပြသည့် တွေ့ဆုံမေးမြန်းမှု ဒါဇင်ပေါင်းများစွာ၊ အကောက်ခွန် သတင်းအချက်အလက် များစွာ၊ ကော်ပိုရိတ်လုပ်ငန်း မှတ်တမ်းပေါင်းများစွာနှင့် တရုတ်မှ ပညာရပ်ဆိုင်ရာ စာတမ်းများသာမက ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အကျိုးအမြတ်မယူသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း Global Witness က မျှဝေပေးသည့် ဘူမိဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများလည်း ပါဝင်သည်။
ထိုကုမ္ပဏီများအနက် ၃ ပုံ ၁ ပုံက မေးမြန်းစုံစမ်းမှုများကို တုံ့ပြန်ဖြေဆိုကြသည်။ ထိုသူများအနက် ၃ ပုံ ၂ ပုံက ၎င်းတို့မည်သည့်နေရာမှ မြေရှားသတ္တုများရသည်ကို ပြောဆိုခြင်း မရှိကြဘဲ ထိုလုပ်ငန်းများတွင် Volkswagen လည်း ပါဝင်ပြီး ထိုကုမ္ပဏီက ၎င်းတို့သည် မြေရှားသတ္တုဝယ်ယူရာတွင် လုံလောက်သော လုံ့လစိုက်ထိုက်မှုလုပ်ကြောင်း ပြောသည်။ အားလုံးနီးပါးက ၎င်းတို့သည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် လူ့အခွင့်အရေးကို အလေးထားကြောင်းပြောသည်။
အချို့ကုမ္ပဏီများက ၎င်းတို့ထံ မြေရှားသတ္တုပေးသွင်းသည့် ကွင်းဆက်ကို စစ်ဆေးကြောင်းပြောသည်။ အခြားကုမ္ပဏီများက ထိုသို့မလုပ်ကြောင်း သို့မဟုတ် ၎င်းတို့သည် ထိုသို့ပေးသွင်းသူ၏ အာမခံချက်ကို မလိုအပ်ကြောင်းပြောသည်။ General Motors က ၎င်းတို့သည် မြေရှားသတ္တုနှင့်ပတ်သက်ပြီး ဖြစ်လာနိုင်သည့် အန္တရာယ်များကို နားလည်ကြောင်း မကြာမီ အမေရိကန် ပြည်ထောင်စုမှ မြေရှားသတ္တု ပံ့ပိုးသူများနှင့်သာ ဆက်ဆံတော့မည်ဖြစ်ကြောင်း ပြောသည်။
Tesla ကို အကြိမ်ကြိမ် မေးမြန်းသော်လည်း တုံ့ပြန်ခြင်းမရှိသလို Mercedes ကလည်း ယခုမေးမြန်းမှုများကို ဖြေကြားနိုင်ရန် ကုန်ကြမ်းပေးသွင်းသူများကို ဆက်သွယ်မည်ဖြစ်ကြောင်း ပြောသည်။ Apple က ၎င်းတို့သည် ပြန်လည်ပြုပြင် အသုံးပြုသည့် မြေရှားသတ္တုများကိုသာ အများဆုံး အသုံးပြုပြီး မြန်မာနှင့် ပတ်သက်သည့် မည်သည့်အထောက်အထားမျှ မတွေ့ကြောင်းပြောသည်။ သို့သော် ထိုကိစ္စကို အတည်ပြုရန် နည်းလမ်းမရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ထိုသို့ ပြစ်မှုမကင်းသည့် မြေရှားသတ္တုများသည် ကုန်ကြမ်းပေးသွင်းသူများထံမှ ရောက်လာတတ်သလို လုပ်ထုံးလုပ်နည်း ဟာကွက်များမှလည်း ရောက်လာတတ်ကြောင်း သိရသည်။
တန်တာလန်၊ သံဖြူ၊ ရွှေနှင့် တန်စတင်ကဲ့သို့ ပဋိပက္ခမှ ရရှိသော တွင်းထွက်များ၏ ရင်းမြစ်များကို ကုမ္ပဏီများအနေဖြင့် ထုတ်ဖော်ပြောဆိုစေရန် အမေရိကန် ကွန်ဂရက်က ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသည်။ သို့သော် ထိုဥပဒေတွင် မြေရှားသတ္တုများ အကျုံးမဝင်ပေ။ ထို့ကြောင့် စစ်ဆေးမှုများသည် ကုမ္ပဏီတခုစီနှင့်သာ သက်ဆိုင်ပြီး မည်သည့်ဌာနကိုမျှ တာဝန်ရှိသည်ဟု သတ်မှတ်ခြင်းမရှိပေ။

နိုင်ငံ၏ မြေရှားသတ္တုလိုအပ်ချက်ကို ဖြည့်ဆည်းရသော လုပ်ငန်းများကို ဦးဆောင်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အကြိမ်ကြိမ် မေးမြန်းသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ သို့သော် ကျွမ်းကျင်သူများက အမေရိကန် အစိုးရသည် မြေရှားသတ္တုနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို လျှပ်စစ်မော်တော်ယာဉ်များ ရောင်းချ အသုံးပြုရေးကဲ့သို့သော အခြား အစိမ်းရောင် ရည်မှန်းချက်ပန်းတိုင်များနှင့် ပြန်လည် ချိန်ထိုးနေရကြောင်း ပြောသည်။ မြေရှားသတ္တုများသည် ဥရောပသမဂ္ဂ၏ ပဋိပက္ခ တွင်းထွက်များဆိုင်ရာ ၂၀၂၁ ခုနှစ် လုပ်ထုံးလုပ်နည်းများမှလည်း ကင်းလွတ်နေပြန်သည်။
အမေရိကန်ပြည်ထောင်စုသည် မြေရှားသတ္တုတူးဖော်ခြင်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ကုန်ကျစရိတ်ကြောင့် ပေးဆပ်ရသော တန်ဖိုးများအတွက် ထိုလုပ်ငန်းကို တရုတ်နိုင်ငံသို့ ၁၉၈၀ ပြည့်နှစ်များတွင် လွှဲပြောင်းလုပ်ကိုင်စေသည်။ ထိုစဉ်က တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က မြေရှားသတ္တုများသည် တရုတ်အတွက် အရှေ့အလယ်ပိုင်း ရေနံပြဿနာမှ ထွက်ပေါက်အဖြေဖြစ်ကြောင်း ပြောခဲ့သည်။
ထိုလုပ်ငန်းသည် ဆယ်စုနှစ်များစွာကြာအောင် ဖွံ့ဖြိုးလာသည်။ ထို့နောက် အများပြည်သူ ဝေဖန်မှုများကြောင့် ဘေဂျင်းမှ အရာရှိများသည် မြေရှားသတ္တု တူးဖော်ခြင်း အပါအဝင် တိုင်းပြည်ကို ညစ်နွမ်းစေသည့် လုပ်ငန်းများကို စစ်ကြေညာရသည်။
တရုတ်တွင် မြေရှားသတ္တုမိုင်းများ ပိတ်လိုက်သောအခါ ထိုသတ္တုရိုင်းဈေးများ တက်လာသည်။ ထောင်ပေါင်းများစွာသော ထိုမြေရှားသတ္တုတူးဖော်ရေးသမားများသည် ကမ္ဘာ့အကြွယ်ဝဆုံး သိပ်သည်းဆများသည့် မြေရှားသတ္တုသိုက်များ တည်ရှိသည်ဟု ကျော်ကြားသည့် မြန်မာနယ်စပ်သို့ ချီတက်ကြသည်။
“ဒီလိုဖြစ်လာတော့ ဥရောပနယ်ချဲ့တွေရဲ့ အာဖရိကအပေါ် သဘောထားကို ပြန်သတိရစေတယ်” ဟု တရုတ်အစိုးနှင့် ဆက်ဆံရေးထိခိုက်မည်ကို မလိုလားသောကြောင့် အမည်မဖော်လိုသည့် သုတေသီတဦးက ပြောသည်။ “တတိယကမ္ဘာက သတ္တုတူးတဲ့ ပုံစံမျိုးကို လုပ်နေတဲ့ အာဏာရှင် မြန်မာကို သွားမှီခိုလို့မရဘူး။ အဲဒါက ရေရှည်တည်တံ့မယ့် နည်းလမ်းမဟုတ်ဘူး” ဟု သူက ပြောသည်။
လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရန် သူ၏ အမည်အပြည့်အစုံကို မသုံးလိုသည့် ဂေါ်အမည်ရှိ သတ္တုတွင်း လုပ်ငန်းလုပ်ကိုင်သူတဦးက မြန်မာမှ လွန်စွာခေတ်နောက်ကျသည့် လုပ်ငန်းခွင် အခြေအနေများကို ပြောပြသည်။ ဖြစ်သလိုဆောက်ထားသည့် သစ်သားအိမ်များတွင် ခြင်လွန်စွာပေါပြီး တညလုံး မီးမွှေးထားရသည်ဟုဆိုသည်။ သတ္တုတွင်းတူးလုပ်သားများသည် ပေရာချီနက်သည်အထိ ဂေါ်ပြားများနှင့်သာ တူးနေရပြီး ၎င်းတို့၏ လက်ဗလာများသည် ဖူးရောင်နေကြောင်း သူက ပြောသည်။
“ကျနော်က တောင်တွေမှာ တွင်းတူးဖို့နဲ့ ရောင်းချဖို့ပဲ တာဝန်ယူရတာ။ ကျန်တာတွေက ကျနော့် တာဝန်မဟုတ်ဘူး။ ကျနော်တို့က ငွေရ မရဘဲ ကြည့်ရတာ။ ရှင်းရှင်းလေးပဲ” ဟု သူကပြောသည်။
ထို့ကြောင့် မြန်မာအတွက် အမည်သစ်တခု ပေါ်ပေါက်လာသည်။ ကမ္ဘာ့ကောင်းစားရေးအတွက် ကိုယ်နိုင်ငံကိုယ် ‘စတေးရသောဇုန်’ ဆိုသည့် အမည်ဖြစ်သည်။
ထိုသို့စတေးရခြင်းကို လေထုနှင့် လွန်ခဲ့သောနှစ်အနည်းငယ်က တောတောင်များ ဖုံးလွှမ်းနေသည့် နေရာတွင် ပြန့်ကျဲနေသည့် စိမ်းပြာရောင် ရေကန်များက အထင်အရှား ပြသနေသည်။ မြန်မာမှ မြေရှားသတ္တုပါသော ရွှံ့များသည် နူးညံ့ပြီး အပေါ်ယံတွင် ရှိနေသောကြောင့် ထိုမြေများကို ဓာတုပစ္စည်း ကန်များအတွင်း ထည့်လိုက်ကြသည်။
Global Witness က ထုတ်ပြန်သည့် ဂြိုဟ်တု ဓာတ်ပုံများအရ ထိုသို့သောကန် ၂,၇၀၀ ကျော်ကို သီးခြားနေရာ ၃၀၀ နီးပါးတွင် တွေ့ရသည်။
ထိုသို့ သတ္တုတူးဖော်သည့် အဓိက နေရာမှ ၁၅ မိုင်အကွာ မြစ်ကြောင်းတွင် နေထိုင်သည့် ကျေးရွာသားတဦးက သူ၏ဇနီးသည် ထိုမြစ်မှငါးများကို ဖမ်းဆီးရောင်းချခဲ့ဖူးကြောင်း၊ သို့သော် ယခုအခါ အနည်းငယ်သာ ရှိတော့သည့် ငါးများကို ဖမ်းဆီးစားသောက် နေထိုင်မကောင်း ဖြစ်ရကြောင်း ပြောသည်။

“မြစ်ကြောင်းတလျှောက်မှာ ငါးက အသေးအမွှားတောင် မရှိတော့ဘူ။ အကုန် မျိုးတုံးကုန်ပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ပြောသည်။
ထိုနယ်စပ်ဒေသများတွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်နှင့် ပတ်သက်နေသည့် ခါးပိုက်ဆောင်တပ် အနည်းဆုံး တခုအပါအဝင် ခါးပိုက်ဆောင်တပ်များစွာ ရှိသည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ ခံရသည်။ ထို့ကြောင့် မြေရှားသတ္တုများမှ ရရှိသော ဝင်ငွေများသည် စစ်ကောင်စီက အရပ်သားများကို အကြမ်းဖက်ဖြိုခွဲရာတွင် သုံးရန် ခါးပိုက်ဆောင်တပ်များက ဆက်သရသည် ငွေဖြစ်သွားသည့် သဘောဖြစ်သည်။ မြန်မာစစ်တပ်နှင့် ခါးပိုက်ဆောင်တပ်များကလည်း စုံစမ်းမေးမြန်းသည်ကို အကြောင်း ပြန်ကြားခြင်း မရှိပေ။
တရုတ်သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒုံက ထိုသို့ မြေရှားသတ္တုတူးဖော်ရန် လမ်းတလျှောက်မှ လက်နက်ကိုင်များကို ဒေါ်လာ ရာဂဏန်းမျှပေးရခြင်းသည် သတ္တုတူးဖော်ခွင့် ဖြစ်ကြောင်း ပြောသည်။ သို့သော် သူသည် သူ၏ မြေတူးစက်များမှ ဂေါ်ပြားများကိုပင် ပျက်ဆီးစေသည့် အက်စစ်များအကြောင်း ကောင်းစွာသိသူဖြစ်သည်။
“ဒီပစ္စည်းတွေက သဘာဝပတ်ဝန်းကျင်ကို သေချာပေါက် ပျက်စီးစေတာပေါ့” ဟု သူက ပြောသည်။
တချိန်တည်းတွင် မြန်မာမြောက်ပိုင်းမှ ဖာလာစေ့နှင့် သစ်ကြားသီး စိုက်ပျိုးနေဆဲဖြစ်သည့် ရွာတရွာတွင် ထိုသတ္တုမိုင်းများကို ဆန့်ကျင် ကန့်ကွက်ကြသည်။
“သူတို့က နေရာတိုင်းမှာ မြေရှားသတ္တုလိုက်တူးနေတာ။ ကျနော်တို့သောက်စရာ အန္တရာယ်ကင်းတဲ့ရေ မရှိတော့ဘူး။ ကလေးတွေအတွက် ဘာမှ ပေးစရာမရှိတော့ဘူး။ စားစရာလည်း ဘာမှ မရှိတော့ဘူး” ဟု ထိုရွာသားက ပြောသည်။
ကိုးကား။ ။ AP သတင်း Once China’s answer to ‘oil in the Middle East’, rare earths mining is making Myanmar a ‘sacrifice zone’
You may also like these stories:
တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ
နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား