သတင်း

စစ်ကိုင်းတိုင်းတွင် မိုးကြိုစပါးများ ဝယ်သူမရှိဖြစ်နေ

စစ်ကိုင်းတိုင်း ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်နှင့် ကန့်ဘလူ မြို့နယ်များတွင် ရိတ်သိမ်းပြီး မိုးကြိုစပါး (နွေစပါး) များမှာ ဝယ်ယူသူ မရှိသည့် အခြေအနေဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံက သိရသည်။

လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ သယ်ယူစရိတ် ကြီးမြင့်မှုများဖြစ်ပွားနေသဖြင့် စပါးများ ရောင်းဝယ်ရေး အခက်အခဲကြုံနေရကြခြင်းဖြစ်ကြောင်း ဒေသခံ တောင်သူများ ထံမှ စုံစမ်းသိရှိရသည်။

ကန့်ဘလူမြို့နယ် ချပ်ကြီးဒေသမှ တောင်သူတဦးက “စစ်တပ်လာရင် ပြေးလိုက်၊ သူတို့ မရှိတော့ဘူးဆိုရင် ရွာထဲပြန်ဝင် စိုက်စရာ ပျိုးစရာလေးတွေကို လုပ်လိုက်နဲ့ ရက် ၁၀၀ စပါးတော့ ရိတ်သိမ်းပြီးပြီပေါ့၊ အဲဒီလို ရိတ်သိမ်းထားတဲ့ စပါးတွေကို ဝယ်သူ မရှိဖြစ်နေတာက အတော်ဆိုးတယ်၊ အရင်က ဆိုရင် စပါးမရိတ်ရသေးဘူး ပွဲစားတွေက ကြိုရောက်နေတာ၊ အခုက ရောင်းရပြန်ရင်လည်း စျေးတွေ အနှိမ်ခံရတယ်၊ အဲဒီလို အခြေအနေဖြစ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်တပ်က အာဏာသိမ်းမှု အပေါ် ရရာလက်နက်စွဲကိုင်၍ အပြင်းအထန် ပြန်လည်ခုခံနေသော တိုင်း တတိုင်းဖြစ်ပြီး ထိုတိုင်းအတွင်းမှ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်များတွင်လည်း စစ်တပ်က မြေပြင် စစ်ကြောင်းထိုးခြင်းများအပြင် ဝေဟင်မှ လေကြောင်းပစ်ခတ်မှုများကြောင့် ကျေးရွာအချို့မှ ဒေသခံများ မကြာခဏ တိမ်းရှောင်နေကြရသည်။

ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ တလိုင်းကျွန်းကျေးရွာ

ထိုအခြေအနေကြားမှပင် ဆည်ရေသွင်း စိုက်သော မိုးကြိုစပါးများမှာ တဧကလျှင် ပျမ်းမျှ ၇၅ တင်းခန့် အထွက်နှုန်းရှိခဲ့ကြောင်း တောင်သူများထံမှ သိရသည်။

တန့်ဆည်မြို့နယ်မှ တောင်သူတဦးက “စပါးဝယ်မယ့်သူနဲ့ ချိတ်မိတော့ သူတို့က ရွာထိ လာမသယ်နိုင်ဘူး၊ မြို့ပေါ်အရောက် ပို့ပေးရမယ်ဆိုေတာ့ ဘယ်လိုမှ အဆင် မပြေတာနဲ့ စပါးကို ဒီအတိုင်း လှောင်ထားရတယ်၊ အခုက ကုန်သည်တွေ ပွဲစားတွေက ရွာတွေကို ဆင်းမလာတော့ဘူး၊ လက်ရှိက ဘယ်နေ့ ကိုယ့်အိမ်လေး မီးရှို့ခံရမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတော့ စပါးကို လှောင်မထားချင်ကြဘူး၊ စပါး ဝယ်သူ မရှိတော့ လက်ရှိ မိုးစပါးကို မလုပ်ရဲတော့ဘူး” ဟု ပြောသည်။

ယခုအခါ စစ်ကောင်စီတပ် စစ်ကြောင်းများသည် ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ်များ၊ စပါးတိုက်၊ စပါးကျီများ၊ မျိုးစပါး၊ မျိုးသီးနှံများ၊ လယ်ယာသုံး စက်ပစ္စည်းများ၊ ထွန်စက်များနှင့် ကျွဲ နွားများကိုပါ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ကျနော်တို့ ရွှေဘိုအနောက်ခြမ်းကတော့ စက်ပိုင်တွေ၊ ကုန်သည်တွေကလည်း မဝယ်ရဲကြဘူး၊ အချိန်မရွေး ပြေးရ လွှားရဖြစ်လာနိုင်တဲ့ အနေအထားဆိုတော့ တောင်သူတွေ ကတော့ စပါးကို ရောင်းပြီး ငွေပဲ ကိုင်ထားချင်ကြတာပေါ့၊ ဒါတောင် မိုးကြိုစိုက်တဲ့သူ အတော်နည်းတယ်၊ စစ်တပ်စိုးမိုးထားတဲ့နေရာတွေဆိုရင် စိုက်တာ ပျိုးတာ မရှိသလောက်ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ တလိုင်းကျွန်းကျေးရွာ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တဦးကတော့ ထိုသို့ ရိတ်သိမ်းပြီး စပါးများ ဝယ်ယူသူ မရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ် ရောင်းချနိုင်ကြောင်း၊ ရောင်းချလိုသည့် တောင်သူများဖြင့် ညှိနှိုင်း၍ ဝယ်ယူပေးမည်ဟု ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုသည်။

၎င်းက “အခုက နယ်မြေဒေသ တည်ငြိမ်မှုအခြေအနေ လျော့နည်းနေတဲ့အခါမှာ နယ်မြေ ဒေသတည်ငြိမ်မှုနဲ့ သွားလာနိုင်မှု အပေါ် မှာ မူတည်ပြီးတော့ လုပ်နေကြရတာဖြစ်တော့ အခက်အခဲတွေ အများကြီး ရှိတာပေါ့၊ ဒါပေမယ့် ရောင်းသူကလည်း ရောင်းချင်တယ်၊ ဝယ်ချင်သူကလည်း ဝယ်ချင်တယ်၊ အဲဒီလို ရောင်းချင် ဝယ်ချင်တဲ့ ကိစ္စရပ်တွေ ရှိမယ်ဆိုရင် ဆန်စပါး အသင်းချုပ်ကို ဆက်သွယ်ပေးပါ၊ လိုအပ်တာတွေကို ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးပါမယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “လက်ရှိအခြေအနေ အရပ်ရပ်အရတော့ အကုန်လုံးက ချောချေမွေ့မွေ့ ဖြစ်မနေဘူး၊ ကျနော်တို့ဆီကို ဆက်သွယ်လာရင် ကျနော်တို့ ဝယ်ပေးပါမယ်၊ အခက်အခဲကြားထဲက အဆင်ပြေအောင် ညှိနှိုင်းပြီးတော့ လုပ်ပေး နေပါတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကန့်ဘလူဘက်က တောင်သူအချို့က ဆက်သွယ်လာလို့ ညှိနှိုင်းပြီး စပါးတွေ ဝယ်ပေးခဲ့ပါသေးတယ်” ဟု ပြောသည်။

ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ တလိုင်းကျွန်းကျေးရွာ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က စပါးတင်း ၁၀၀ လျှင် ကျပ် ၆ သိန်း ၅ သောင်းနှုန်း အနိမ့်ဆုံးစျေး သတ်မှတ်ပေးထားသော်လည်း ယခုအခါ ရွှေဘိုဘေးကြားပေါ်ဆန်းမွှေး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော်၊ အခြားသော စပါးများမှာ တင်း ၁၀၀ လျှင် ကျပ် ၈ သိန်းခန့်ထိ စျေးပေါက်နေကြောင်း သိရသည်။

ယခုအခါ မိုးစပါးစိုက်ပျိုးချိန် ဖြစ်သော်လည်း ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်များတွင် စစ်ကောင်စီတပ်များက မြေပြင် စစ်ကြောင်းထိုးနေခြင်းနှင့် ဝေဟင်မှ ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်နေခြင်းများကြောင့် စစ်ကြောင်း မရှိသည့် ကျေးရွာများ၌သာ စိုက်ပျိုးနိုင်ကြပြီး စစ်ကြောင်းထိုးနေသည့် ကျေးရွာများမှ တောင်သူ အများစု စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း သိရသည်။

ဝက်လက်မြို့နယ် ဒေသခံတောင်သူတဦး က “အခုက မိုးစပါးအချိန်ဆိုပေမယ့် ရွာတွေ တော်တော်များများက စစ်ရှောင်နေကြရတော့ တောင်သူ လုပ်နိုင်တဲ့သူ မရှိသ လောက်ပဲ၊ လုံးဝ မစိုက်တဲ့သူတွေတောင် ရှိတယ်၊ စိုက်ကြတဲ့သူတွေကလည်း စိုးရိမ်စိတ်နဲ့ စားဖို့ ဝမ်းစာလေးပဲရရဆိုပြီး စပါးနဲ့ ပဲ စိုက်ထားကြတယ်၊ တောင်သူတွေ အနေနဲ့ကတော့ ဖြစ်လာသမျှ အကြောင်း အကောင်းလို့ပဲ မှတ်ယူနေကြရတာပေါ့” ဟု ပြောသည်။

You may also like these stories:

ခရီးသည်တင်ကားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်

ဝေးလံခေါင်ဖျားဒေသများ၌ စက်သုံးဆီနှင့် အခြေခံစားကုန်များ ပြတ်နေ

ရွှေနှင့်ဒေါ်လာဈေး အတက်ကြမ်းနေ

CNG ဂက်စ် မရသဖြင့် YBS ကားများ အစီးရေလျှော့ပြေးဆွဲနေရ

Loading