မန္တလေးမြို့ပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် မြေအောက်တော်လှန်ရေးသမား (UG) များကို စစ်ကောင်စီက သတ်ဖြတ်လိုက်ကြောင်း လက်ရှိလှုပ်ရှားနေဆဲဖြစ်သည့် UG အဖွဲ့များက ပြောသည်။
မန္တလေးမြို့ပေါ်တွင် ဩဂုတ်လ ပထမပတ်အတွင်း UG လှုပ်ရှားသူ ၂၀ ကျော် အဖမ်းခံခဲ့ရပြီး ထိုအထဲမှ ၁၀ ဦး အား သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ပေါ်တွင် လှုပ်ရှားနေသည့် Myanmar Return Ranger Force-MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ နှင့် အခြား မန္တလေး UG တပ်ပေါင်းစု အဖွဲ့ဝင် ၁၀ ဦး ယခုလ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ၂ ရက်နေ့တွင် ဗိုလ်အောင်မြေ အပါအဝင် ၃ ဦး၏ ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့သည်။
မန္တလေးမြို့ပေါ်တွင် လှုပ်ရှားနေသည့် UG တဦးက “ဗိုလ်အောင်မြေအပါအဝင် ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရတာ ၁၀ ယောက်ရှိပြီ၊ အခုက ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရ တဲ့သူတွေကို လူမသိ သူမသိ လက်သည်မပေါ်ဘဲ လက်စဖျောက်တာ မျိုးတွေထိ လုပ်လာတယ်၊ ပိုဆိုးတာက ကျနော်တို့အဖွဲ့ တွေကို တွေ့ရင် အရှင်ဖမ်းလို့ ရတာတောင် မဖမ်းတော့ဘဲ အသေပစ်သတ်တဲ့ လုပ်ရပ်တွေကို လုပ်လာကြပြီ” ဟု ပြောသည်။
ဗိုလ်အောင်မြေ နှင့် UG အဖွဲ့ဝင် ၁၀ ဦးကို ယခုလ ၁ ရက်နေ့က အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက် ၈၆ လမ်းနှင့် ၈ လမ်းအနီးရှိ နေအိမ်တအိမ်အား စစ်ကောင်စီလက်အောက်ခံ အဖွဲ့များက ကာ ၆ စီး ဖြင့် တပ်ဖွဲ့ဝင် အင်အား အလုံးအရင်းသုံး၍ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။
ဗိုလ်အောင်မြေ ဖမ်းဆီးခံရပြီးနောက် Mother Son Mandalay Force (MSMF)၊ Kings Cobra Guerilla Force- MDY (KCGF) အဖွဲ့များမှ အဖွဲ့ဝင်များလည်း ဖမ်းဆီးခံရခြင်းများ ရှိခဲ့သလို MSMF အဖွဲ့မှ ဗိုလ်နိုင် (ခ) ကိုရှိုင်းနှင့်အတူ အဖွဲ့ဝင် ၇ ဦး ဖမ်းဆီး သတ်ဖြတ်ခံထားရကြောင်း သိရသည်။
ထို့အတူ သြဂုတ်လ ၇ ရက်တွင် မြို့ပေါ်နေအိမ် တအိမ်တွင် ဖမ်းဆီးခြင်းခံလိုက်ရသည့် Mandalay Black King Scorpion (MBKS) အဖွဲ့ဝင် ရဲဘော်တိမ်ယံ၏ နောက်ဆက်တွဲ အနေခြအနေ ပြတ်တောက်နေသဖြင့် ၎င်း၏ အသက်အန္တရာယ် အတွက် စိုးရိမ်ကြောင်း MBKS အဖွဲ့က ပြောသည်။
စစ်ကောင်စီက မြို့ပြ လှုပ်ရှားမှုများကို ဖြိုခွင်းရန် လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားသဖြင့် UG အဖွဲ့များ လှုပ်ရှားမှုနှင့် ခိုလှုံရေးကိစ္စများမှာ ကျဉ်းမြောင်းလာသလို ဆက်သွယ်ရေး တည်ဆောက်မှု လိုအပ်ချက်များကြောင့် ဆုံးရှူံးနစ်နာမှုများ ဖြစ်ခဲ့ရကြောင်း ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
ထို့အပြင် အလှူရှင်များနှင့် ဆက်သွယ်ရာတွင်လည်း လုပ်ငန်းစဉ်များကို လိုအပ်သည်ထက် ပိုပြောမိခြင်းသည် လုံခြုံရေးအတွက် ထိခိုက်နိုင်ကြောင်း သို့မဟုတ်ပါက တယောက်မိ အကုန်ပါ အခြေအနေများ ထပ်မံရင်ဆိုင် ရနိုင်ကြောင်း ထောက်ပြသည်။
ဗိုလ်ကြီး လင်းထက်အောင် က “အခုဟာက မြို့ပြတွေရဲ့ တော်လှန်မှုဟာ အရှိန်မြင့်လာချိန် စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုကလည်း အားကောင်းတဲ့ အချိန်ဆိုတော့ မြို့ပြတွေရဲ့ Network (ကွန်ရက်) ကို ဖြိုခွင်းလာတာမျိုးပေါ့၊ အဓိက ငြိမ်သက် သွားအောင်လို့ လုပ်တဲ့ သဘောတရားပါပဲ၊ မြို့ပြတွေ အားကောင်းရင် လူထုရဲ့ ပါဝင်မှုကလည်း အရှိန်က မြင့်တယ်၊ မြို့ပြတွေမှာ လူသိရှင်ကြား ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေ အများကြီးရှိခဲ့တယ်၊ အဲဒီလိုဖြစ်စဉ်တွေမှာ မြို့ပြလူထုရဲ့ပါဝင်မှုက အားကောင်းခဲ့တာကို တွေ့ရတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “အခုပုံစံက မြို့ပြပြောက်ကျား Network တွေတင် မဟုတ်ဘဲ မြို့ပြလူထုကိုပါ အကြောက်တရား ရိုက်သွင်းဖို့အတွက် အခုလို မြို့ပြပြောက်ကျားတွေကို အကြမ်းဖက် သတ်ဖြတ်တဲ့ပုံစံမျိုးလို့ပဲ ပြောချင်တယ်၊ အဓိကတော့ မြို့ပြပြောက်ကျားတွေကို လက်မခံ ရဲအောင်လို့ လူထုကိုပါ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ခြိမ်းခြောက်တာလို့ မြင်တယ်”ဟု ပြောသည်။
သြဂုတ် ၇ ရက် နေ့လယ်ပိုင်းကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနှင့် ၁၆ လမ်းထောင့်တွင် ဆိုင်ကယ်စီးလူငယ် ၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များ ဝတ်ဆင်ကာ အိမ်စီးကားဖြင့် လိုက်တိုက်၍ ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၁၆ လမ်းနှင့် ၁၇ လမ်းကြား၊ ၈၂ လမ်းပေါ်ရှိ နေအိမ်အုတ်တံတိုင်း ကျော်တက်နေချိန် ပစ်ခတ်ခံရသဖြင့် လူငယ်တဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်။
စစ်ကောင်စီအနေဖြင့် ဗိုလ်အောင်မြေအပါအဝင် ဖမ်းဆီးခံရသူများ၏ သတင်းကို ထုတ်ပြန်ခြင်း မရှိသေးသလို နောက်ဆက်တွဲသတင်းများကိုလည်း ထုတ်ပြန်ထားသည်ကို မတွေ့ရသေးပါ။
MNPDF မြို့ပြပြောက်ကျားအဖွဲ့မှ ဗိုလ်ဖောင်းဒိုင်းက “UGတွေ တဖွဲ့ပြီး တဖွဲ့ ဖမ်းဆီးခံတာတွေက ခပ်စိပ်စိပ်ဖြစ်လာတယ်၊ မြို့ပြတော်လှန်ရေးသမားတွေလည်း ခိုအောင်း နေထိုင်ဖို့ နေရာ တော်တော်ခက်ခဲလာတဲ့ အနေအထားကို ရောက်နေပြီ၊ အခက်အခဲတွေ များစွာရှိနေတဲ့အထဲက အခု နောက်ပိုင်းမှာ ပြည်သူတွေ ပူးပေါင်းပါဝင်မှု အားနည်းလာတယ်၊ ထုတ်ပြန်ချက် တွေကို လိုက်နာမှု အားနည်းတော့ မစ်ရှင်တွေ လုပ်ဆောင်တဲ့အခါ မအောင်မြင်ဘဲ ဆုံးရှုံးနစ်နာရတာတွေ ရှိလာတယ်၊ ပြီးတော့ မြေပြင်သတင်းတွေ ရရှိမှုလည်း နည်းပါးလာတယ်၊ အဲဒါတွေကြောင့်ပဲ ကျနော်တို့ မြို့ပြတော်လှန်ရေးသမားတွေ အဖမ်းခံရ သတ်ဖြတ်ခံနေရတာပဲ”ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် UG များနှင့် အပြန်အလှန် ပစ်ခတ်ခြင်းမရှိဘဲ စီးနင်း ဖမ်းမိပြီးမှ သတ်ဖြတ်ခြင်းသည် ဥပဒေနှင့် မညီဘဲ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ဗိုလ်ကြီး လင်းထက်အောင် က ပြောသည်။
၎င်းက “မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်မှ မဟုတ်ဘူး ဖမ်းဆီးခံရသူတွေကို သတ်ဖြတ်လို့ မရဘူး၊ သတ်ဖြတ်ခွင့် မရှိဘူး၊ ပြောရမယ်ဆိုရင် လက်နက်ကိုင်ဆောင်ထားသူတယောက်သည် ဘယ်လိုပြစ်မှုပဲ ကျုးလွန်ထားပါစေ သတ်ဖြတ်တာမျိုး လုပ်လို့မရပါဘူး၊ ကိုယ့်ရဲ့ရန်သူ ဖြစ်နေပါစေ စီးနင်းမှုခံရပြီး လက်နက်ချလာတဲ့သူတယောက်ကို သတ်ဖြတ်မှု လုပ်တာက စစ်ရာဇဝတ်မှု မြောက်ပါတယ်၊ စစ်တပ်က စစ်ရာဇဝတ်မှုကို အကြီးအကျယ် ကျူးလွန်တဲ့ ကိစ္စတွေပဲ ဖြစ်တယ်” ဟု ပြောသည်။
မြို့ပြ UG များအနေဖြင့် ယခုထက်ပို၍ ဆက်သွယ်ရေးကွန်ရက်များ စနစ်တကျ တည်ဆောက်ရန် လိုအပ်ပြီး လူထု အနေဖြင့်လည်း UG အဖွဲ့များကို အားကောင်းကောင်း ထောက်ပံ့ပေးရန်လိုအပ်ကြောင်း ယင်းသို့ မထောက်ပံ့နိုင်ပါက UG အဖွဲ့များ ပိုမိုခက်ခဲကြမ်းတမ်းသည့် အခြေအနေမျိုး ထပ်မံရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း ၎င်းက ထောက်ပြသည်။
စစ်ကောင်စီက မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ယခင်ထက် ပိုမိုတင်းကြပ်စွာ ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီးခြင်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းများကို လုပ်နေကြသလို ညပိုင်းအချိန်များ၌ နေအိမ်များအတွင်း စီးနင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်း၊ PDF ၊ CRPH ၊ NUG အဖွဲ့များအား ကူညီထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် နေအိမ်များအား ချိတ်ပိတ်ခြင်း၊ ရှာဖွေသူအား မတွေ့ရှိလျှင် မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ အပြင်ထွက် သွားလာနေသူများအား တားဆီး၍ ရပ်တန့်မပေးလျှင် ပစ်သတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။