စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ မြင်းမူနဲ့ မုံရွာ မြို့နယ် ၃ ခုကို ယခု သြဂုတ် ၁ ရက်မှ ၈ ရက်ထိ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွင်း ဒေသခံပြည်သူတွေ အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂၉ ဦးထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒီပဲယင်း၊ ကိုင်းကံရွာ စီးနင်းခံရမှု ၈ ဦး သေဆုံး
ဩဂုတ် ၄ ရက် နံနက် ၁၀ နာရီခန့်မှစပြီး စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးနဲ့ လိုက်လံ ပစ် ခတ်ခဲ့သလို ကျန်ရဟတ်ယာဉ် ၂ စီးနဲ့လည်း တပ်ဖွဲ့ဝင်တွေ ချထားခဲ့ပြီး ကိုင်းကံရွာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။
ရွာနားကို ရုတ်တရက်ရောက်လာပြီး ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေလုပ်လို့ လယ်စိုက်နေတဲ့ ကိုလှမျိုး (အမည် လွှဲ) တို့ ဒေသခံတွေ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ နေရာရောက်တဲ့ထိ ဝပ်ရင်း၊ ပြေးလွှားရင်းနဲ့ အသက်လု ထွက်ပြေးခဲ့ရ လို့ ရွာက မိသားစုဝင်တွေကိုတောင် မကယ်ထုတ်နိုင်ခဲ့ဘူးလို့ ကိုလှမျိုးက ပြောပြပါတယ်။
“မိုးစပါး စိုက်နေတဲ့အချိန် ပစ်ခတ်လာတော့ ကျနော်တို့ ပြေးလိုက်ဝပ်လိုက်နဲ့ပေါ့။ နေ့လယ် ၁ နာရီထိုး သူတို့ ပစ်တာ နားသွားတော့မှပဲ လွတ်တယ်လို့ ခံစားရတာပဲ။ ကွင်းပြင်တွေထဲကနေ ဖြတ်ပြေးရတာ။ ၃ မိုင်ရှိတဲ့ နေရာတခုကို ခြေ လျင် ထွက်ပြေးကြရတာ။ ဖိနပ်တောင် မစီးနိုင်ဘူး။ တရစပ်ကို ပစ်တာ” လို့ သူက ပြောပြပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်ဟာလည်း ရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဩဂုတ် ၆ ရက်ထိ ကိုင်းကံရွာမှာ တပ်စွဲထားခဲ့တဲ့ အဲဒီ စစ်သားတွေဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၃၇၆) က ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီ တပ်စွဲထားတဲ့ သြဂုတ် ၅ ရက်ကစပြီး သေဆုံးရုပ်အလောင်းတွေ စတင် တွေ့ရှိလာရပါတယ်။ ရေဆိုး မြောင်းကနေ မျက်နှာညိုမဲ၊ နားအတွင်း ထိုးသွင်းဒဏ်ရာတွေနဲ့ ဒေသခံပြည်သူ ၁ ဦးရဲ့ ရုပ်အလောင်း မြောပါလာလို့ ဒေသခံတွေက သဂြိုဟ်ပေးခဲ့ရပါတယ်။ ဒါ့ပြင် လျှော်ဖြူရွာက အသက် ၆၀ အရွယ် ပြည်သူ ၁ ဦးလည်း ပစ်ခတ်သတ် ဖြတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားတဲ့ ဩဂုတ် ၆ ရက်မှာ ဒေသခံတွေ ရှင်းလင်းရေး ဝင်လုပ်တဲ့အခါ ရွာအတွင်း နေအိမ် ၁ လုံးမှာ စုပြီးမီးရှို့ထားတဲ့ ၄ ဦးကို တွေ့ရှိခဲ့ရပေမယ့် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့မရအောင် ပျက်စီး နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မျက်မြင်ဖြစ်တဲ့ ကိုင်းကံရွာခံတဦးက “၄ ဦးကတော့ ရုပ်ရည်တွေ ပျက်စီးသွားတဲ့အတွက် ဘယ်သူဆိုတာ မသိရတော့ ဘူး။ မီးရှို့တဲ့အိမ်ထဲမှာ အလောင်းတွေကိုထည့်ပြီး မီးရှို့သွားတယ်။ သူတို့ ဘယ်သူဆိုတာ စုံစမ်းနေဆဲ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့ပြင် ကိုင်းကံရွာအနီးဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ ကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။
အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကိုင်းကံရွာမှာ နေအိမ် ၁၄၇ လုံး မီးလောင်ပျက်စီးခဲ့ပြီးတော့ လက်တလောမှာ မီးဘေးသင့် ပြည်သူတွေအတွက် ရိက္ခာအခက်အခဲ အဓိက ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကိုင်းကံရွာခံတဦးက “အစာရေစာ လုံလောက်အောင် မနည်းလုပ်နေရတယ်။ ကျနော်တို့မှာ ပိုင်ဆိုင်မှုဆိုလို့ ယုတ်စွ အဆုံး လူတိုင်းကိုယ်စီတောင် ဖိနပ်မစီးနိုင်ဘူး။ ဖိနပ်တောင် မကျန်ဘူး” လို့ ပြောပြပါတယ်။
ကိုင်းကံရွာက ထွက်ခွာသွားတဲ့ စစ်ကြောင်းဟာ ကိုင်းကံအနီးတဝိုက် ကျေးရွာတွေဖြစ်တဲ့ လျှော်ဖြူ၊ အင်ပင်၊ ယဒင်နဲ့ နဂါးဘိုရွာတွေက ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းပုံစံအနေနဲ့ စစ်ကြောင်းသွားရာ လမ်းတလျှောက် ခေါ် ဆောင်သွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
မြင်းမူမှာလည်း ၁၈ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ မြင်းမူမှာ ဒေသခံပြည်သူ ၈ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်က သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
သြဂုတ် ၁ ရက်မှာ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ် ၅ စီး နဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ၂၀၀ နီးပါးကို ဓားစာခံအနေနဲ့ ဖမ်းထားခဲ့ပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် မဂျပ်ပိဟာ လေယာဉ်ကပစ်လိုက်တဲ့ လက်နည်ကျည်စမှန်ပြီး သေဆုံးခဲ့သလို ယာခင်းထဲမှာ လယ်ထွန်စက်မောင်းနေတဲ့ ဦးကျော်သန်း (၆၀ နှစ်) ကို ရဟတ်ယာဉ်ပေါ်က ဆင်းလာ တဲ့ စစ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက အသက် ၃၀ နှစ်အရွယ် ဦးကျော်လွှမ်းကို စစ်ဆေးအပြီးမှာ လက်ပြန်ကြိုးတုပ်၊ စာသင်ကျောင်းအနောက်ဘက်ကို ခေါ်ဆောင်ပြီး ဓားနဲ့ လည်လှီးသတ်ခဲ့တယ်လို့ သိရပါတယ်။
“ဓားစာခံ ၁ ယောက်ကို ဒီရွာမှာ PDF တွေ ရှိလားဆိုပြီး မေးတာပေါ့။ အဲဒီ ဓားစာခံက မသိဘူး၊ မရှိဘူး ပြောလို့ မသိရ ကောင်းလားဆိုပြီး စာသင်ကျောင်းအနောက်ဘက်က အိမ်နားကို ခေါ်သွားပြီးတော့ သတ်ထားခဲ့တယ်” လို့
ပြန်လည် လွတ်မြောက်လာတဲ့ ဓားစာခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး လက်ပံကျင်းရွာခံတဦးက ပြောပါတယ်။
အဲဒီ စာသင်ကျောင်းအတွင်း စစ်ဆေးနေမှုတွေကို ကျောင်းနောက်ဘက်ရှိ အိမ်ထဲကနေ ချောင်းကြည့်နေတဲ့ အသက် ၆၀ နှစ်အရွယ် ဦးလှအေးကိုလည်း စစ်တပ်က တွေ့သွားပြီး ပစ်ခတ်သတ်ဖြတ်ပြီးနောက် ၎င်းအိမ်နှင့်တကွ မီးရှို့ခဲ့ ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
အလားတူ ဦးစိုးလင်း (၆၀ နှစ်) နဲ့ လေဖြန်းနေသူ ဦးဌေးဆောင် (၇၀ နှစ်) တို့ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့တွေက အ ကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနိုင်လင်း (၄၀ နှစ်) နဲ့ ဦးကျော်သက်ဦး (၄၃ နှစ်) တို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီးတဲ့နောက်မှာ စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။
အဆိုပါ ပြည်သူ ၈ ဦးအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးလည်း သေဆုံးမှု ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဩဂုတ် ၂ ရက်နေ့ကစပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတဲ့အတွက် စစ်ကောင်စီတပ်ကို တိုက်ရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့မှ ကိုလုလင်က ပြောပါတယ်။
၎င်းက “ရွာကို စီးထားတဲ့အချိန် တိုက်ဖို့ကတော့ ဘယ်လိုမှကို ခေါင်းထဲထည့်လို့ မရဘူး။ ကလေးတွေရော၊ အမျိုးသမီးတွေ ရော၊ သက်ကြီးတွေရော ရွာထဲမှာရှိနေတော့ သွားတိုက်ဖို့ကို ခေါင်းထဲမတွေးရဲဘူး။ ဓားစာခံတွေ ရှိတဲ့အတွက် ဒရုန်း သုံးပြီး တိုက်ဖို့လည်း အဆင်မပြေဘူး” လို့ ဆိုပါတယ်။
ဩဂုတ် ၂ ရက်နေ့မှာ လက်ပံကျင်းရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။ သြဂုတ် ၄ ရက်မှာ တိုက်ပွဲပြင်းထန်နေတဲ့ မြင်းမူကို စစ်ကူလာတဲ့ People Guerrilla Commando – Myinmu အဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားဟာ လမ်းကြောင်းမှားပြီး စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့လို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ကားပေါ်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးစလုံး သေဆုံးခဲ့ပါတယ်။
“တောလမ်းကနေ ကားနဲ့လာကြတာဆိုတော့ လမ်းကြောင်းမှားသွားပြီး ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေဘက်ကို ရောက်မလာဘဲနဲ့ စစ်ကောင်စီအဖွဲ့ဘက်ကို ရောက်သွားတာ။ စစ်ကောင်စီ အယောက် ၂၀ လောက်က ဝိုင်းပစ်တာ။ ကိုယ့်လူတွေကလည်း ကားထဲကနေ ရသလောက် ခံပစ်တာ။ ဒါပေမဲ့ ကိုယ့်လူ ၈ ယောက်လုံး ကျသွားတယ်” လို့ မြင်းမူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဩဂုတ် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ လက်ပံကျင်းရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သူတို့ ပြန်လာမယ်ဆိုတဲ့ အကြောင်း ဖမ်းဆီးထားတဲ့ ဓားစားခံတွေကို ပြောခဲ့လို့ အခုအချိန်ထိ ပြည်သူတွေအနေနဲ့ ကျေးရွာကို ပြန်မဝင်ရဲသေး
ဘူးလို့ သိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့နဲ့ မိုင် ၄၀ ခန့် အကွာအဝေးမှာရှိတဲ့ မြင်းမူမြို့နယ်မှာ တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ လှုပ်ရှားလေ့ရှိပြီး ယခုတခေါက် စစ်ကြောင်းကတော့ တပ်မ ၇၇ က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။
“မြင်းမူ၊ အရာတော်၊ စစ်ကိုင်း၊ မြိုင် ၄ ခုက စစ်ကောင်စီယန္တရား ရပ်သွားပြီ။ မြို့တွေလောက်ပဲ စစ်ကောင်စီ ကျန်တော့ တယ်။ PDF စိုးမိုးမှု အားကောင်းတယ်။ သူတို့ ခြေလျင်စစ်ကြောင်းလာရင် အထိအခိုက်များတယ်။ အဲဒါကြောင့် လေ ကြောင်းနဲ့ လာတာ။ အဓိကကတော့ နယ်မြေစိုးမိုးချင်တာ။ ရတဲ့နည်းနဲ့ဝင်လာပြီး နှိမ်နင်းတာ” လို့ ကိုလုလင်က ပြောပါ တယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာတော့ သပြေစုရွာအနီးစခန်းချထားတဲ့ God Of Snakes ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတခုကို ဩဂုတ် ၈ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ PDF ၃ ဦး ကျဆုံးခဲ့ပါတယ်။
စီးနင်းမှုအတွင်း မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ရာ PDF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး စခန်းကို လမ်းပြအဖြစ် ရိုက်နှက် ဖမ်းဆီးခေါ်လာခံရသူ ၂ ဦးဟာ ဇူလိုင်လအတွင်းက ဖမ်းဆီးခံလိုက်ရတဲ့ PDF ၂ ဦး ဖြစ်ပြီး သူတို့ကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းတခွင် မြေပြင်စစ်ကြောင်းများ ထိုးနေသလို လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။ ကျေးရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာလည်း တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ရုံသာမက နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP-Myanmar) က ထုတ်ပြန်ထားချက်အရ အာဏာသိမ်းကာလအတွင်း ဇူလိုင် ၁၅ ရက်ထိ နေအိမ်၊ အဆောက်အအုံပေါင်း ၂၈,၄၉၁ လုံး မီးရှို့ခံရပြီး အဲဒီထဲကမှ စစ်ကိုင်းတိုင်းဟာ မီးလောင်ဖျက်ဆီးခံရမှု အများဆုံးဖြစ်ကာ ၇၂ ရာခိုင်နှုန်းကျော်သော နေအိမ် တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၂၁၇၁ ဦး ရှိပြီ ဖြစ်တယ် လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။