ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနောက်တောင်ဘက်၊ ဥရုချောင်းနံဘေးရှိ ဆယ်ဇင်းရွာတွင် စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် နေအိမ်အလုံး ၄၀၀ ကျော် မီးလောင် ပျက်စီးသွားကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ သတင်းနှင့် ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန်ထားသည်။
သြဂုတ် ၉ ရက် ည ၈နာရီခန့်က ဆယ်ဇင်းရွာပေါ်သို့ ဗုံး ၃လုံးကြဲချရာ အိမ်တချို့ မီးလောင်ခဲ့ပြီး ည ၉ နာရီခန့်တွင် စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ် (SNA) တပ်ဖွဲ့များက ကျန်အိမ်များကို ထပ်မံ မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆယ်ဇင်းရွာခံ အမျိုးသားတဦးကလည်း KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း၂၆ နှင့် ကချင်ပြည်သူ့ ကာကွယ်ရေး တပ် (KPDF) တို့သည် ဩဂုတ်လ ၉ ရက် နေ့လယ် ၁ နာရီက ဆယ်ဇင်းရွာအလည်ရှိ ရဲစခန်းကို လာရောက် ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး ရောက်လာကာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
ဆယ်ဇင်းရွာသည် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ် အစပ်တွင် တည်ရှိပြီး ၂၀၁၄ခုနှစ် သန်း ခေါင် စာရင်းအရ လူဦးရေ ၅ သောင်း ၂ ထောင်ကျော် နေထိုင်သည့် ရွာကြီးလည်း ဖြစ်သည်။ ရှမ်းနီ လူမျိုးအများစု နေထိုင် ကြပြီး ရွာအနီး ဥရုချောင်း၌ ရွှေကျင်ကြသည့် ရွှေလုပ်ကွက်များ ရှိသည်။
ယင်းရွာရှိ စစ်ကောင်စီ စခန်းနှင့် SNA စခန်းများကို KIA နှင့် ကချင်ပြည် သူ့ ကာကွယ်ရေးတပ် (KPDF) တို့က တိုက်ခိုက် နေရာ ဩဂုတ်လ ၈ ရက် တိုက်ပွဲတွင် ရွာထဲရှိ ဘုန်းကြီးကျောင်းအနီးမှ စစ်ကောင်စီစခန်းနှင့် ဆယ်ဇင်းတောင်ဘက် နမ့်ပုတ်ချောင်းကို ကူးသော ရွှေပြည်မြင့် တံတားအနီးရှိ SNA စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ကာ ဖျက်ဆီးခဲ့ ကြောင်း ဖားကန့်ဒေသခံ အချို့ထံမှ သိရသည်။
ယခုအခါ စစ်ကောင်စီ၏ အမှတ် (၁၁၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ရှိနေသည့် ရွာလည်ရှိ ရဲစခန်းကို တိုက်ခိုက်လာသည့်အတွက် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်တစီး လာရောက်ဗုံးကြဲခြင်း ဖြစ်ကြောင်း ဆယ်ဇင်းရွာခံ တဦးက ဧရာဝတီသို့ ပြောသည်။
“ရွာအလယ်တည့်တည့်ကို လေယာဉ်ကနေ ဗုံးသုံးလုံး ကြဲတယ်၊ ရပ်ကွက် ၄ ဆိုတာက ဆယ်ဇင်းဈေးနဲ့ ရဲစခန်း နား မှာပေါ့။ အဲဒီရပ်ကွက်ကတော့ အကုန် မီးလောင်သွားတဲ့ အနေအထား ရှိပါတယ်။ ပြီးတော့လည်း သူတို့က မလောင်တဲ့ အိမ်တွေကို ထပ်ပြီးတော့မှ မီးလိုက်ရှို့တယ်။ တရွာလုံးနီးပါး မီးလောင်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။
သြဂုတ် ၈ ရက် တိုက်ပွဲတွင် ဆယ်ဇင်းရွာထဲရှိ ဘုန်းကြီးကျောင်းအနီးရှိ စစ်ကောင်စီ တပ်စခန်းနှင့် ဆယ်ဇင်းတောင်ဘက် နမ့်ပုတ်ချောင်းကို ကူးသော ရွှေပြည်မြင့် တံတားအနီးရှိ SNA စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ကာ ဖျက်ဆီးခဲ့ ကြောင်း ဖားကန့်ဒေသခံ အချို့ထံမှ သိရသည်။
ရှမ်းနီအမျိုးသားများတပ် (SNA) မှ ဗိုလ်မှူးကြီး စိုင်းအောင်မိန်း ကမူ နေအိမ်များကို မီးရှို့သူများသည် SNA မဟုတ်ဘဲ KIA နှင့် PDF များသာ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဧရာဝတီသို့ ဆိုသည်။
၎င်းက “ကျနော်တို့ မေးကြည့်တော့ ဆယ်ဇင်းရွာလည် ရဲစခန်းကိုဝင်တဲ့ KIA နဲ့ PDF တွေက ဒီမနက် ၁ နာရီမှာ ဆယ်ဇင်း ရပ်ကွက် ၅ ကို မီးဝင်ရှို့တယ်လို့ ကြားပါတယ်။ အဲဒီမှာ မီးသွားငြှိမ်းတဲ့သူတွေကိုလည်း KIA နဲ့ PDF တွေက ပစ်ပါတယ်။ သူတို့ပစ်လို့ ဒေသခံ ၁ ဦး သေပြီး ရပ်ကွက် ၅ မှာ အိမ် ၁၀ လုံးလောက်မီးလောင်တယ်လို့ သိရပါတယ်။ အဲဒီနောက်တော့ သူတို့ဟာ ဆယ်ဇင်းမှာ တောင်ပေါ် နဲ့ တောင်အောက်ရွာရှိတဲ့ အထဲက တောင်အောက်ရွာမှာ မီးရှို့ပါတယ်။ အဲဒီမှာလည်း အိမ်ခြေရာ ဂဏန်းလောက် ပါသွားပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက SNA သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေခြင်း မရှိဘဲ SNA နှင့် စစ်ကောင်စီ ပူးပေါင်းသည်ဆိုသည်မှာ သတင်းအမှားသာ ဖြစ်ကြောင်း ပြောသည်။ ၎င်းက KIA အဖွဲ့သည် ရှမ်းနီလူမျိုးများနေထိုင်သည့် ရွာများတွင် PDF များကို ရှေ့တင်၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး ရှမ်းနီလူမျိုးများ ထိခိုက်ပျက်စီးစေရန်လုပ်ဆောင်နေ ကြောင်း ဧရာဝတီသို့ ပြောသည်။
ဆယ်ဇင်းရွာမှ ဒေသခံအမျိုးသား ၁ ဦးကမူ ဩဂုတ်လ ၉ ရက် ညပိုင်းတွင် လေကြောင်းမှတဆင့် အင်အား ဖြည့်တင်း လာသည့် စစ်ကောင်စီတပ်နှင့် SNA တပ်များသည် ဆယ်ဇင်းရွာ ဒေသခံများကို ရွာအပြင် ထွက်ခွင့် မပေးဘဲ ရွာအပြင် ထွက်ပြေးပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
ထိုသို့ ခြိမ်းခြောက်ထားသော်လည်း ရွာသူ၊ ရွာသားများသည် ဆယ်ဇင်းမြောက်ဘက် တာမခန်ရွာဘက်ကို တိမ်းရှောင်မှုများ ရှိနေကြောင်း၊ ဩဂုတ်လ ၉ ရက် ၁ ရက်တည်းမှာပင် တာမခန်ဘက်ရှောင်သည့် စစ်ရှောင်၂၅၀၀ ကျော်ရှိကြောင်း ၎င်းက ပြောသည်။
ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းကလည်း တာမခန်ရွာဘက်ကို ဆိုင်ကယ် မောင်းလာသော စစ်ရှောင်လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဘက်က ပစ်သတ်ခဲ့ကြောင်း ဆယ်ဇင်းရွာမှ ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။
“စစ်တပ်က ရွာထဲမှာ မွှေနှောက် နှိပ်စက်နေတာက ၁၅ ရက်လောက် ရှိပြီ။ ပြည်သူလည်း ဒုက္ခရောက်နေလို့ KIA ဘက်က တိုက်တာပါ။ မနေ့ကတော့ လေယာဉ်ဝဲလို့ KIA က ရှောင်ပေးလိုက်တယ်။ ဒါပေမယ့် ဆယ်ဇင်းပတ်ဝန်းကျင် ၅ ဖာလုံ ပတ် လည်မှာတော့ KIA ကလည်း အင်အား အများအပြားနဲ့ ဆက်ရှိနေပြီး စစ်ရေးက တင်းမာနေတုန်းပဲ။ ရှမ်းနီတပ်ကတော့ ဆယ်ဇင်းတဖက်ကမ်း ရွှေပြည်မြင့်ရွာမှာ ထိုင်ထားတာရှိတယ်။ အရင်ရက်ကတော့ သူတို့စခန်းကို KIA က သိမ်းပြီး မီးရှို့ပြီး ဘက်ဖိုးတွေခေါ် မြေပါ ညှိလိုက်တာပေါ့။ ဒီနေ့လယ်မှာတော့ ဆယ်ဇင်းဘုန်းကြီးကျောင်းကို PDF နဲ့ KIA ကို တပ်စွဲခွင့်ပြုလို့ ဆိုပြီး စစ်တပ်က ဝင်စီးတယ်ကြားတယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ ဆယ်ဇင်းရွာ KIA နှင့် PDF များက ရွေး၍ တိုက်ခိုက်ခြင်းက စစ်တပ်အတွက် စစ်တပ်အတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပံ့ ပို့ဆောင်ရန် ခက်ခဲသည့်အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“ဆယ်ဇင်းက ဥရုချောင်းပေါ်မှာပေါ့။ ဖားကန့်နဲ့ ဟုမ္မလင်းကြားမှာရှိတယ်။ အဲဒီနေရာကို ဖြတ်တောက်ထားနိုင်ရင် ဖားကန့် ကို ထိန်းချုပ်ထားရတာ လွယ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ဆယ်ဇင်းရွာကိုသာ KIA က စိုးမိုးနိုင်ပါက ဆယ်ဇင်းရွာဝန်းကျင်ရှိ ရွှေတူးသည့် လုပ်ကွက်များ အပါအဝင် ကျောက်စိမ်း ထွက်သည့် ဖားကန့်ဒေသကို ပိုမို လွှမ်းမိုးလာနိုင်ဖွယ်ရှိသဖြင့် KIA ဘက်က တိုက်ပွဲ ဖော်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူတချို့ကလည်း Facebook လူမှုကွန်ရက်တွင် ရေးသားကြသည်။
ဆယ်ဇင်းရွာအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အလားအလာနှင့် ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသူ တဦးကမူ ယခုကဲ့သို့ မှတ်ချက်ပေးသည်။
“တိုက်ပွဲ ထပ်ဖြစ်မဖြစ်ကတော့ ပြောရခက်တယ်။ KIA နဲ့ PDF ရဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်တယ်။ သူတို့က စခန်းကို တိုက်မှာလား၊ စစ်ကူကို ဖြတ်တောက်မှာလား ဝိုင်းပတ် ပိတ်ဆို့ထားမှာလားစသဖြင့် စစ်ဆင်ရေးကတော့ နည်းပရိယာယ် ပေါင်းစုံဆိုတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ဆယ်ဇင်းရွာဝန်းကျင်တွင် KIA နှင့် စစ်ကောင်စီ ၂ ဖက် တပ်များ ဆိုင်ထားဆဲဖြစ်ပြီး စစ်ရေးတင်းမာသည့် အခြေအနေ၌ပင် ရှိနေသေးသည်။
You may also like these stories:
မန္တလေးတွင် ဖမ်းမိသည့် UG များကို စစ်ကောင်စီ သတ်ဖြတ်
ဧရာဝတီမြစ်ဘေးက ကျေးရွာများအား အာဏာသိမ်းတပ် ပစ်ခတ်တိုက်ခိုက်