အပြစ်မဲ့ အရပ်သားပြည်သူများကို သတ်ဖြတ်ရာတွင် အသုံးပြုနေသော မြန်မာစစ်တပ်၏ စစ်လက်နက် ပစ္စည်းများအား အဓိကတင်သွင်းပေးနေသော လက်နက်ပွဲစားကုမ္ပဏီများနှင့် ဆက်နွယ်နေသော ကုမ္ပဏီများကို စင်ကာပူနိုင်ငံအနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လက်နက်ပွဲစားကုမ္ပဏီများကို စောင့်ကြည့်ဖော်ထုတ်နေသော အရပ်ဘက်အဖွဲ့အစည်း Justice for Myanmar က တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာ သန်းချီတန်ကြေးရှိသော စစ်လက်နက်များကို စင်ကာပူ နှင့် မြန်မာနိုင်ငံတို့၌ မှတ်ပုံတင်ဖွင့်လှစ်ထားသော ကုမ္ပဏီ ၁၁၆ တို့က တင်သွင်းပေးခဲ့ကြပြီး ထိုအထဲမှ ကုမ္ပဏီ ၇၈ ခုက မြန်မာတွင် အခြေစိုက်ထားကာ ၎င်းတို့နှင့် ဆက်နွယ်သော ကုမ္ပဏီခွဲများနှင့် လက်အောက်ခံ ကုမ္ပဏီ ၃၈ က စင်ကာပူနိုင်ငံတို့တွင် အခြေစိုက်ထားကြောင်း Justice for Myanmar က စာရင်းဇယားနှင့်တကွ ယနေ့ ထုတ်ပြန်သည်။
စင်ကာပူနိုင်ငံအနေဖြင့် ၎င်းတို့၏ ဘဏ်လုပ်ငန်းများ၊ ဆိပ်ကမ်းများနှင့် နယ်မြေများကို အသုံးချပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက်နှင့် ပစ္စည်းကိရိယာများကို ကူညီထောက်ပံ့နေမှုများကို ချက်ချင်း အရေးယူပိတ်ဆို့ရန် တောင်းဆိုကြောင်း အဆိုပါ အရပ်ဘက်အဖွဲ့အစည်းက ထုတ်ပြန်သည်။
Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုအချိန်အထိ စစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတချို့ကိုပဲ ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားနိုင်ပါ သေးတယ်။ အများစုက လွတ်လွတ်လပ်လပ် ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။ ဒါက လက်ခံ နိုင်စရာမရှိပါဘူး” ဟု ပြောဆိုသည်။
စစ်ကောင်စီ၏ လက်ရှိကျူးလွန်နေသော စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်ပေါ် ကျူး လွန်နေသော ရာဇဝတ်မှုများကို ချက်ချင်းရပ်တန့်သွားနိုင်ရန် စင်ကာပူနိုင်ငံတွင် စွမ်းအား ကောင်းကောင်းရှိပြီး စင်ကာပူနိုင်ငံအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်ပါက မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်း ကြုတ်သော စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မရတနာမောင်က ဆက်လက်၍ “ စင်ကာပူနဲ့ အခြားအစိုးရတွေက ယူကရိန်းအပေါ် ရန်စမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအစိုးရနဲ့ သူရဲ့ လက်နက်လုပ်ငန်းတွေကိုအပေါ်ကို ပိတ်ဆို့အရေးယူမှုတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ ချမှတ်ဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်ကြဖို့အတွက် နိုင်ငံတကာအစိုးရတွေအတွက် အခုအချိန်က နောက်ကျနေပြီဖြစ်ပါတယ် ” ဟု ပြောဆိုသည်။
လတ်တလောတွင် လူသိများသော စစ်လက်နက်ပွဲစားများ နှင့် ကုမ္ပဏီများဖြစ်သော ဦးတေဇ (ထူး ကုမ္ပဏီအုပ်စု)၊ ဦးအောင်လှိုင်ဦး(MCM)၊ ဒေါက်တာအောင်မိုးမြင့် ( Dynasty Excellency) ၊ ဒေါက် တာနိုင်ထွဋ်အောင် (International Gateways Group)၊ ဦးစစ်တိုင်းအောင် (Yatanarpon Aviation Support)၊ ဦးဂျော်နသန်ကျော်သောင်း (KT Group) အစရှိသော ကုမ္ပဏီအနည်းငယ်ကိုသာ အမေရိကန်နှင့် အီးယူ အပါအဝင် အနောက်နိုင်ငံတချို့က အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသည်။
မြန်မာစစ်တပ်၏ လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မောင်မောင်ကျော်၏ မိသားစုဝင်များ ပိုင်ဆိုင် သော LT Resources ကုမ္ပဏီ ၊ Mega Hill General Trading၊ ဒေါက်တာထွန်းမင်းလတ် (Star Sapphire Trading)၊ စင်ကာပူအခြေစိုက် ကုမ္ပဏီများဖြစ်သည့် စိုင်းခမ်းပတ်ဖ (Asia Trading Group Private Limited)၊ Shwe Htee San Trading ကုမ္ပဏီတို့ အပြင် Mega Dynamic Co. Ltd and Achiever Marine Service၊ Myan Shwe Pyi Tractors Ltd၊ Sun & Moon 777၊ Moezac ကုမ္ပဏီ၊ Singa International Enterprise၊ Pyae Naing Thu Co. Ltd and Xinde Marine Engineering Pte Ltd တို့ကဲသို့ မြန်မာစစ်တပ်၏ လေတပ် နှင့် ရေတပ်များအတွက် လိုအပ်သော စစ်လက်နက် ပစ္စည်းကိရိယာ တင်သွင်းပေး နေသည့် လက်နက်ပွဲစားကုမ္ပဏီအများအပြားသည် နိုင်ငံတကာ အစိုးရများ၏ အရေးယူမှုမှ ကင်းလွတ်နေဆဲဖြစ်ပြီး တချို့မှာ ပုံမှန်အတိုင်းလုပ်ငန်းဆောင်ရွက်နေကြဆဲဖြစ်ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာစစ်တပ်သည် အဆိုပါကုမ္ပဏီများ တင်သွင်းပေးသော စစ်လက်နက်ပစ္စည်းအရင်းအမြစ်များကို အသုံးပြုပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူများကို အကြမ်းဖက်နှိမ်နင်းရာတွင် အသုံးပြုလျက်ရှိပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစကာ အရပ်သား ၂၁၅၈ ဦးကို သတ်ဖြတ်ထားခဲ့ပြီးဖြစ်သလို လူပေါင်း ၁၅၀၀၀ ကျော်ကို အကျဉ်းချထားသည်။
ထို့အပြင် ကျေးရွာနေ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ မုဒိမ်းမှုများ ကျူးလွန်ခြင်း၊ နေအိမ်း နှင့် စိုက်ခင်းများကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် ခန့်မှန်းခြေ လူပေါင်း ၈သိန်း ၆ သောင်းကျော်မှ အိုးမဲ့အိမ်မဲ့ ဖြစ်နေရလျက်ရှိကြောင်း အခြားသောသီးခြားလွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းအချက်အလက်များကို ကိုးကားပြီး Justice for Myanmarက ဆိုထားသည်။
You may also like these stories:
ဆာဂေးလက်ဗရော့၏ နေပြည်တော် ကြွတော်မူခန်း
ခရုဇ်ဒုံးကျည် မြန်မာကို ရောင်းရန် ရုရှားကြိုးစားနေ
ဆင်ဖြူတော်မှီကာ အကြံထုတ်ကြသူများ
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ