သတင်း

ဂျပန်လေ့ကျင့်ပေးသည့် မြန်မာဗိုလ်ချုပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်

ဂျပန်နိုင်ငံက လေ့ကျင့်ပေးထားသည့် မြန်မာစစ်ဗိုလ်ချုပ်တဦးသည် လွန်ခဲ့သောနှစ် ခရစ်စမတ်မတိုင်မီနေ့က ကယားပြည်နယ်မှ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်ပတ်နေသည်။ ထိုသတ်ဖြတ်မှုတွင် စစ်သားများသည် ကလေးငယ်များ၊ အမျိုးသမီးများနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းဖြစ်သော Save the Children မှ ဝန်ထမ်း ၂ ဦးအပါအဝင် အရပ်သား ၃၅ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည်။

ဗိုလ်မှူးချုပ် တင်စိုးသည် ၂၀၂၁ သြဂုတ်လမှ ၂၀၂၂ ဇူလိုင်လအထိ စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တာဝန်ကျကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ ထိုစစ်ဌာနချုပ်သည် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်မှ စစ်ဆင်ရေးများကို ကြီးကြပ်သော စစ်တိုင်းဖြစ်သည်။

လူအနည်းဆုံး ၃၅ ဦးကို သတ်ဖြတ်သည့် ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပွားသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၅၃၁ ခြေလျင်တပ်ရင်းနှင့် အမှတ် ၆၆ ခြေမြန်တပ်မသည် ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသည်။ ကယားပြည်နယ်မှ မြေပြင်စစ်ဆင်ရေးများ အားလုံးကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကြပ်ကြောင်း အမှတ် ၆၆ ခြေမြန်တပ်မမှ တပ်မှူးတဦးက HRW သို့ ပြောသည်။

ထိုစဉ်က ဗိုလ်မှူးကြီးအဆင့်ဖြစ်သော တင်စိုးသည် ၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ် မတ်လအထိ ဂျပန် မြေပြင်ကာကွယ်ရေးတပ် စစ်ဦးစီးကောလိပ်တွင် သင်တန်းတက်ခဲ့ကြောင်း ဂျပန်နိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေး အသင်း ( All Japan Defense Association ) နှင့် ကာကွယ်ရေးဝန်ကြီးဌာန စာရွက်စာတမ်းတခုအရ သိရကြောင်း HRW ပြောသည်။

တင်စိုးသည် တိုကျိုရှိ မြန်မာသံရုံးတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်သံမှူးတာဝန်ယူခဲ့သူလည်း ဖြစ်ကြောင်း ထိုအကြောင်းကို တိုက်ရိုက်သိသည့် သတင်းရင်းမြစ်တခုနှင့် စစ်ကောင်စီ မီဒီယာ သတင်းများအရ သိရသည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက မြန်မာတွင် အာဏာသိမ်းသောအခါ တင်စိုးသည် ဂျပန်မှ ပြန်လာပြီး ဗိုလ်မှူးချုပ်ဖြစ်လာသည်။ သူ့ကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ရှမ်းပြည်နယ်တောင်ကြီးရှီ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တာဝန်ပေးခဲ့သည်။ ၂၀၂၂ ခုနှစ်ဇူလိုင်လတွင် တင်စိုးကို နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ပေးကြောင်း သတင်းရင်းမြစ်တခုက ပြောသည်။

၂၀၁၅ ခုနှစ်မှ စတင်ပြီး ဂျပန်အစိုးရသည် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့အက်ဥပဒေ အပိုဒ် ၁၀၀ အရ မြန်မာမှ ဗိုလ်လောင်းများနှင့် အရာရှိများကို လက်ခံလေ့ကျင့်ပေးသည်။ ထိုဥပဒေအရ ကာကွယ်ရေး ဝန်ကြီး၏ အတည်ပြုချက်ဖြင့် နိုင်ငံခြားသားများကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတွင် လေ့ကျင့်ပညာသင်ကြားပေးခွင့် ရှိသည်။

အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ ဂျပန်ကလေ့ကျင့်ပေးခဲ့သည့် ထိုအရာရှိများသည် စစ်ကောင်စီ၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများတွင် ပတ်သက်နေကြောင်း တွေ့ရခြင်းဖြစ်သည်။

ဂျပန်က လေ့ကျင့်ပေးထားသည့် လေတပ် ဒုဗိုလ်မှူးကြီး လွှမ်းမိုးဆိုသူသည် စစ်ကောင်စီဆန့်ကျင်ရေး အမာခံ ဒေသဖြစ်သည့် မကွေးတိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြောင်း HRW နှင့် တရားမျှတမှုနှင့် တာဝန်ခံမှု အတွက် လှုပ်ရှားသူများအဖွဲ့ဖြစ်သည့် Justice for Myanmar တို့က မေလတွင် ပြောကြားခဲ့သည်။ သူသည် မကွေးလေတပ်စခန်းတွင် ဒုတပ်မှူးဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ်တင်စိုး၏ အမှုနောက်ပိုင်း ဂျပန် အစိုးရက မြန်မာစစ်သားများနှင့် အရာရှိမျာကို လေ့ကျင့်ပေးနေသမျှ ဂျပန်အစိုးရ၏ နိုင်ငံတကာ ဂုဏ်သတင်း ထိခိုက်နေမည်ဖြစ်ပြီး မြန်မာပြည်သူများ အသက်အန္တရာယ် ကျရောက်နေမည်ဖြစ်ကြောင်း HRW က ပြောသည်။

“လူ့အခွင့်အရေးကို အားပေးတယ်လို့ အသိအမှတ်ပြုခံချင်တဲ့ နိုင်ငံတခုအနေနဲ့ ဂျပန်ဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေး ဆက်ဆံရေးကို ရပ်ဆိုင်းသင့်တယ်” ဟု HRW ၏ အာရှအစီအစဉ်ဆိုင်ရာအရာရှိ တက်ပိုင် ကာဆိုင်းက ပြောသည်။

ထိုလေ့ကျင့်ရေးအစီအစဉ်များကြောင့် ဂျပန်သည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါဖြစ်မည့် အန္တရာယ် ရှိသောကြောင့် ၎င်းတို့ကို ချက်ခြင်းရပ်ဆိုင်းရန် လူ့အခွင့်အရေး အဖွဲ့များက ၂၀၂၁ ခုနှစ်မှစတင်ပြီး တောင်းဆိုနေကြသည်။

You may also like these stories:

မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို

စစ်တပ်ဝင်စီးတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ ၂၉ ဦး သတ်ခံရ

ရိုဟင်ဂျာ အမှု အထောက်အထားသစ်များ ထပ်မံရရှိ

မြန်မာ ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

Loading