ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများ အင်အားအပြည့်ဖြင့် တရွာဝင်တရွာထွက် သွားလာ လှုပ်ရှားနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ပြီး ထွက်ပြေးနေရသည်။
သြဂုတ် ၉ ရက်မှစကာ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များ ကိုင်ဆောင်ကာ ကျောက်တော်မြို့နယ်အတွင်းရှိ ဘုရားပေါင်း၊ တောင်ပေါက်၊ သင်္ဂနက်၊ ကွမ်းအုံချောင်း စသည့် ကျေးရွာများ၌ သွားလာ လှုပ်ရှားနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဘုရားပေါင်းကျေးရွာသားတဦးက “မနေ့က နေ့လယ်ပိုင်းလောက်မှာ ပိုက်သည် မွတ်ဆလင်ရွာဘက်ကနေ စစ်ကောင်စီ တပ်သားတွေ ကျနော်တို့ ရွာဘက်ကိုလာတာ။ စစ်တပ် လာတာကို မြင်ကတည်းက ရွာသားတွေကြောက်ပြီး အကုန်ပြေး ကြတယ်။ ဘာလုပ်ဖို့ လာတယ်ဆိုတာတော့ မသိဘူး။ အင်အား ၁၀၀ လောက် ပါတယ်။ ကျနော်တို့ ရွာဘုန်းကြီးကျောင်း မှာ မနေ့က ၅၀ လောက်နေခဲ့ပြီး ကျန်တဲ့စစ်သားတွေ တခြားရွာတွေကို ဆက်သွားကြတော့ ကားလမ်းတလျှောက်မှာရှိတဲ့ ရွာတွေ အကုန်ပြေးကြရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကုလာတန်မြစ်ကမ်းဘေး ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တည်ရှိ ဘုရားပေါင်း၊ တောင်ပေါက်ကျေးရွာတို့မှာ ပြီးခဲ့သော ရခိုင်စစ်ပွဲကာလအတွင်း ၂၀၂၀ စက်တင်ဘာ ၃ ရက်တွင် စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့်အတွက် နေအိမ်များအား အပြည့်အဝ ပြန်လည်ဆောက်လုပ်နိုင်ခြင်းပင် မရှိသေးပေ။
သင်္ဂနက်ကျေးရွာသားတဦးကလည်း “စစ်သားလာတယ် ဆိုကတည်းက ရွာမှာ လူမရှိတော့ဘူး။ ကျနော်တို့ ရွာမှာဆို မနေ့ကတည်းက စာသင်ကျောင်းတွေပါ ပိတ်လိုက်ရတယ်။ တချို့လည်း မိုးရာသီလယ်ထွန်ချိန်ဆိုတော့ ကျွဲ၊ နွားတွေကို စောင့်ဖို့ အခြေအနေကြည့်ပြီး ညဘက်ပြန်လာကြတာတော့ ရှိတယ်။ ကျနော့်မှာလည်း နွားတွေကျန်ခဲ့တော့ ဒီနေ့မနက် ရွာကို ပြန်လာတဲ့အချိန် စစ်တပ်က ကျနော်တို့ကို ခေါ်တယ်။ ကြက်တွေ ရောင်းဖို့မရှိဘူးလား မေးတယ်။ ကျနော့်ကို ခေါ်တဲ့ အချိန် စကားပြောစက်တွေနဲ့ ပြောသံကြားတယ်။ မိုင်းပေါက်နိုင်တဲ့ အခြေအနေ ရှိနိုင်တယ်ဆိုပြီး သတိပေးပြောသံ ကြား တယ်။ သူတို့ ကြာကြာတော့ မနေခဲ့ဘူး။ ချက်ချင်း ပြန်ထွက်သွားတယ်” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီက ကျေးရွာသားများကို မကြာခဏ အနှောင့်အယှက်ပေးပြီး စိုးရိမ်ထိတ်လန့်အောင် လုပ်ဆောင်ခြင်းမှာ တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲခေါ်ဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပေးသည်။
“စစ်ကောင်စီတပ်က ပြည်သူတွေကို ထပ်ခါထပ်ခါ အနှောင့်အယှက် ပေးနေမယ်။ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင်၊ ULA /AA နဲ့ မဆက်သွယ်ရဲအောင် အတားအဆီး၊ အနှောင့်အယှက်တွေ ပေးနေမယ်ဆိုရင် ပြည်သူကို ကာကွယ်စောင့် ရှောက်ဖို့ တာဝန်ရှိတဲ့ ULA /AA ကို တမင်တကာ တိုက်ပွဲခေါ်နေတာနဲ့ တူတယ်လို့ပဲ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အဆိုပါ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ တပ်သားများသည် ပိုက်သည် မွတ်ဆလင်ကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး ကုလားတန်မြစ်ကြောင်းတလျှောက် သွားလာနေသည့် စက်လှေများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ် နေသည့်အတွက် ကုလားတန်မြစ်ကြောင်းကို အသုံးပြု၍ ပလက်ဝမြို့နယ်အတွင်းသို့ စစ်အင်အားများ ပို့ဆောင်ရန်နှင့် ရိက္ခာသယ်ယူရန် လမ်းကြောင်းရှင်းနေခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေပြီး မကြာခဏဆိုသလို တကျော့ပြန် တိုက်ပွဲ များလည်း ဖြစ်ပွားနေကာ ယနေ့ နံနက် ၃ နာရီ ဝန်းကျင်ကလည်း ကျောက်တော်မြို့နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက သူဌေးကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် အာဏာသိမ်း စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၄၊ ခမရ ၃၇၅၊ ခမရ ၃၇၆ နှင့် ခမရ ၅၃၉ တို့ အခြေစိုက်လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
You may also like these stories:
စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီ လူထုအပေါ် ရှုံးမဲမဲနေဟု AA ပြော
AA နှင့်တိုက်ပွဲတွင် အထိအခိုက်များပြီးနောက် စစ်တပ်က အရပ်သားများကိုဝင်ဖမ်း