သတင်း

ထိုင်းတွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ပုံမှန်ကုန်ကျငွေထက် ပိုပေးနေရ

ထိုင်းအစိုးရက နိုင်ငံအတွင်း ဝင်ရောက်လာသော အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ အတွက် ထုတ်ပေးနေသည့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ပန်းရောင်ကတ်) များကို သတ်မှတ်စျေးထက် ၂ ဆပိုပေးနေရကြောင်း စုံစမ်းသိရှိရသည်။

ပန်းရောင်ကတ်များကို ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထုတ်ပေးနေခြင်းဖြစ်ပြီး မူလ ကုန်ကျစရိတ်မှာ ဘတ် ၅ ထောင် (ကျပ် ၄ သိန်းဝန်းကျင်) သာ ရှိသော်လည်း လက်တွေ့ ရွှေ့ပြောင်းလုပ်သားများ ပေးနေရသည်မှာ ဘတ် ၁ သောင်းခွဲဝန်းကျင် (ကျပ် ၁၀ သိန်းကျော်) ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အလုပ်သမားတဦးက “အခုတောင်းနေတာက ၁ သောင်း ၂ ထောင် ၁ သောင်း ၅ ထောင်အထိပဲ။ ဒီအချိန်မှာက အလုပ်သမားတွေက တရားမဝင် ပုန်းအောင်းပြီး နေတာထက် တရားဝင်လက်မှတ်တွေရှိရင် လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရှိမှာ ဖြစ်တဲ့အတွက် မရှိရှိတာကိုရှာပြီး လုပ်နေကြရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တရားမဝင်အလုပ်သမားများအတွက် ပန်းရောင်ကတ်ရှိမှသာ ထိုင်းနိုင်ငံအတွင်း နေထိုင်ပြီး အလုပ်သမား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အလုပ်အလုပ် အမျိုးအစားများကို လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။

ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “ပွဲစားဆိုတဲ့လူတွေကတော့ နိုင်ငံရေးမတည်ငြိမ်တာပဲဖြစ်ဖြစ် အလုပ်အကိုင် ရှားပါးနေတာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို သူတို့ကတော့ ကိုယ်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တဲ့အတွက် လုပ်သားတွေအပေါ်မှာတော့ အမြဲတမ်းအမြတ်ထုတ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး အလုပ်သမား သံအရာရှိ များထံ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားပေးနိုင်ကြခြင်း မရှိပေ။

ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာကြသည့် မြန်မာလုပ်သားများ (ဓာတ်ပုံ – วันนี้ที่แม่สอด อ.แม่สอด)

ထိုင်းနိုင်ငံအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်း နယ်မြေတခုထဲတွင် အလုပ်လုပ်ကိုင်၍ ရသည့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အား လုပ်ပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Thanakorn Wangboomkongchana က ဇူလိုင်လ ၅ ရက်နေ့က အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပန်းရောင်ကတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်အနေဖြင့် အလုပ်အကိုင် ရှာဖွေရေး ဦးစီးဌာနထံ လုပ်သားအမည်စာရင်း တင်သွင်းရမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် အလုပ်သမား စီမံခန့်ခွဲမှု ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့် စာအုပ်မရမချင်း ငွေပေးချေထားသည့် ပြေစာနှင့် ဖြေလျှော့ပေးမှုအရ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

ယင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သည် ၁၃-၂-၂၀၂၃ ရက်နေ့အထိ သက်တမ်းရှိမည်ဖြစ်ပြီး ထို့နောက်တွင် ၁ နှစ်သက်တမ်း ၂ ကြိမ်တိုးပိုင်ခွင့် ရရှိမည်ဖြစ်ကာ ၁၃-၂-၂၀၂၅ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ရရှိမည်ဟု ဖြစ်ကြောင်း သိရသည်။

Loading