အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် တရားစွဲခံရသည့် ပါမောက္ခ ရှောင်တာနဲလ်က ၎င်းထံမှ တွေ့သည်ဆိုသော စာရွက်စာတမ်းများမှာ လျှို့ဝှက်ချက်များ မဟုတ်ဟု ယနေ့တရားခွင်တွင် ထွက်ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်အား စစ်တပ် အာဏာ သိမ်းအပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏ ကွန်ပျူတာအတွင်းမှ တွေ့ရသည့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်သော အချက်အလက်များနှင့် ပတ်သက်၍ စစ်ကောင်စီက အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲ ထားခြင်းဖြစ်သည်။
ယင်းအမှုကို ယနေ့ နေပြည်တော်အချုပ်ထောင်တွင် ရုံးထုတ်စစ်ဆေးရာ ပါမောက္ခရှောင်တာနဲလ်က စီးပွားရေးနှင့် သက်ဆိုင်သည့် အဆိုပါ အကြံပြုချက်များသည် တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှို့ဝှက်ချက်များ လည်း မဟုတ်ကြောင်း ထွက်ဆိုခဲ့သည် ဟု နီးစပ်သူတဦးက ပြောသည်။
အဆိုပါအမှုတွင် ပါမောက္ခရှောင်တာနယ်နှင့် အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း တရားစွဲခံထားရသည်။
လက်ရှိတွင် ၎င်းတို့ ၅ ဦးစလုံးအား နေပြည်တော်အချုပ်ထောင်တွင် ချုပ်နှောင်ထားပြီး ယနေ့ရုံးချိန်းသို့ အားလုံးတက် ရောက်ခဲ့ကြပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြသည်ကို တွေ့ရကြောင်းလည်း နီးစပ်သူတဦးက ပြောသည်။
ပါမောက္ခ ရှောင်တာနဲလ် အဖမ်းခံရမှုနှင့် ပတ်သက်၍ ၎င်း၏ မိသားစုနှင့် ဩစတေးလျအစိုးရ တာဝန်ရှိသူများအပြင် လက်ရှိအာဆီယံ ဥက္ကဌ ကမော္ဘဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့က ပြန်လွတ်ရန် စစ်ကောင်စီထံ တောင်းဆိုကြသော် လည်း ဆက်လက် ချုပ်နှောင်ထားဆဲဖြစ်သည်။
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး လာမည့် ဩဂုတ်လ ၁၈ ရက်နေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုမည်ဖြစ်သည်။
You may also like these stories:
ရှောင်တာနဲလ် လွတ်မြောက်ရေးနှင့် စစ်ကောင်စီကို အရေးယူမည်ဟု သြစတြေးလျ ပြော