ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ပါတီအနေဖြင့် စစ်ကောင်စီနှင့် ပေါင်း၍ သစ္စာဖောက်လုပ်ရပ်များ လုပ်နေ ကြောင်း ရက္ခိုင်စစ်တပ် (AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ယနေ့ ပြုလုပ်သည့် စတုတ္ထအကြိမ် ULA/ AA ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ခိုင်သုခက “ရခိုင်ပြည်နယ်အတွင်းမှာ ဖုန်းတလုံးတောင် ကိုင်သွားခွင့် မရဘူး။ ဖုန်းထဲမှာ ဘယ်ဟာတွေ ပါသလဲ ဆို တာ စစ်ဆေး၊ ရှာဖွေနေတဲ့ အချိန်မှာ စစ်တွေမြို့ လမ်းမထက်တွေမှာ သေနတ် တကားကားနဲ့ ပြည်သူတွေကို ခြိမ်း ခြောက်မှု၊ အနိုင်ကျင့်မှုတွေ၊ အဲဒီလိုလုပ်လို့ ရနေတယ်ဆိုကတည်းက ALP အနေနဲ့ စစ်ကောင်စီနဲ့ ဘယ်လောက် အထိ ပူးပေါင်းဆောင်ရွက်မှု ရှိနေလဲ ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ ရတယ်” ဟု ပြောသည်။
ALP သည် လက်ရှိအချိန်တွင် တော်လှန်ရေး တပ်ဖွဲ့တခု မဟုတ်ဘဲ၊ စစ်ကောင်စီ အားကိုးဖြင့် မြို့ပေါ် ရပ်ကွက်များတွင် လက်နက်ကိုင် ဂိုဏ်းတခု ပုံစံဖြင့် ပြည်သူများအပေါ် မတရား ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများကို ကျူးလွန်နေသည့်အပြင် ပြီးခဲ့သော ရခိုင်တိုက်ပွဲကာလက ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲ၌ AA တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် စစ်ကောင်စီ နှင့်အတူ လမ်းပြအဖြစ် လိုက်ပါခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ALP ပါတီမှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဖမ်းဆီးရခြင်းမှာ ၎င်းအနေဖြင့် ရာဇဝတ်မှု ဆိုင်ရာ အမှုခင်း ကိစ္စများတွင် ပါဝင်ပတ်သက်နေသည့်အတွက် လုံခြုံရေးအတွက် ဖမ်းဆီးထိန်းသိမ်းရခြင်း ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ဆို သည်။
“ကျနော်တို့က ခိုင်ပေါ်လင်းကို ဖမ်းဆီးရခြင်းက သူက ALP ပါတီဝင် တယောက်ဖြစ်လို့ ဖမ်းဆီးတာ မဟုတ်ဘူး။ ALP ပါတီက ခိုင်ပေါ်လင်းသည် ရခိုင်ပြည်သူထဲက ပြည်သူတယောက်သာ ဖြစ်တယ်။ သူ့အနေနဲ့ ရခိုင်ပြည်သူလုထုအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးရတာ ဖြစ်ပါတယ်။ တချို့ ရာဇဝတ်မှုမှာ ပါဝင် ပတ်သက်တယ်ဆိုတာ တိုင်တန်းတာတွေလည်း ရှိတယ်။ ပြည်သူလူထု လုံခြုံရေးအရ သူ ကျုးလွန်တဲ့အပေါ်မှာ လိုအပ်လို့ ထိန်းသိမ်းရတာ ဖြစ်တယ်” ဟု ခိုင်သုခက ဆက်လက် ပြောကြားသည်။
ယခုလ သြဂုတ်လ ၂ ရက်က စစ်တွေမြို့ ၊ နာဇီရပ်ကွက်တွင် ALP ပါတီမှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ULA/AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် နာဇီရပ်ကွက်နေ ULA/ AA အမာခံ တချို့ကို ALP ပါတီဝင်များက စစ်ကောင်စီနှင့် ပူးပေါင်းကာ သေနတ် ပစ်ခတ် ဖမ်းဆီးခဲ့မှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ALP ပြောရေးဆိုခွင့်ရှိသူ ခိုင်ကျော်စိုးကတော့ ၎င်းတို့အနေဖြင့် ပြည်သူများကို မတရားဖမ်းဆီးမှုများ မရှိဘဲ ဒုဗိုလ်မှူး ကြီး ခိုင်ပေါ်လင်းအား ဖမ်းဆီးမှုတွင် ပါဝင်သူများကိုသာ တန်ပြန် ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခဲ့စဉ်က လည်း စစ်ကောင်စီတပ်နှင့် ပူးပေါင်း ဖမ်းဆီးခြင်း မရှိဘဲ သေနတ် ပစ်ခတ်ဖမ်းဆီးမှုမျိုးလည်း မရှိကြောင်းကို သြဂုတ်လ ၉ ရက်က ဧရာဝတီသို့ ဖြေကြားထားသည်။
ထိုသို့ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းသည့်အတွက် ALP ပါတီဝင်များကို စောင့်ကြည့်ကာ လုံခြုံရေးအရ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့မှုများ ရှိသော်လည်း အများစုကို ပြန်လည် လွှတ်ပေးထားပြီး ဖြစ်သော်လည်း စစ်ဆေးရန် လိုအပ်သည့်အတွက် တချို့ကို ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ဆက်လက် ပြောကြားခဲ့သည်။
You may also like these stories:
ဒုဗိုလ်မှူးကြီးဖမ်းခံရမှု တန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ALP ဆို