စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂ သောင်းနီးပါး ရှိလာပြီ ဖြစ်ကြောင်း စစ်ရှောင်များကို ကူညီပေးနေ သည့် ကလေးဒေသခံများထံမှ သိရသည်။
ကလေးမြို့နယ်သည် ၂၀၂၁ စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန္ဒပြသပိတ်လှုပ်ရှားမှုများ အပါအဝင် လက်နက်ကိုင် တော်လှန်ဆန့်ကျင်ရာတွင် အားကောင်းသည့် ဒေသတခုဖြစ်ပြီး လက်ရှိတွင် ကလေးဒေသ၌ PDF တပ်ရင်း ၇ ရင်း အပါအဝင် Ranger Kalay Defend Force၊ ချင်းကာကွယ်ရေးတပ် CDF (KKG) စသည့် တပ်ဖွဲ့များ အခြေပြုလှုပ်ရှား နေပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက် ရှိသည်။
စစ်ကောင်စီဘက်ကလည်း ကလေးမြို့ထဲရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒ.က.စ) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြင့် စစ် ကြောင်းထိုး တိုက်ခိုက်နေပြီး ကျေးရွာများကိုလည်း ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိ ရာ ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် ဩဂုတ် ၄ ရက်က ကလေးမြို့နယ်တောင်ပိုင်း၊ သာယာကုန်းရွာအနီး စစ်ကောင်စီတပ်နှင့် ကလေးဒေသ အခြေစိုက် တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် သာယာကုန်းရွာအတွင်း ဝင် ရောက်မွှေနှောက်ကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံ ၁၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် သယာကုန်းရွာမှ နေအိမ် ၅၆ လုံး မီးလောင်ပျက်စီးသွား ခဲ့ကြောင်း၊ သာယာကုန်းရွာအား ဝင်ရောက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်မှာ ရှမ်းပြည်နယ်၊ ကလောမြို့အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ကလေးတောင်ပိုင်းရွာများမှ ဒေသခံများက ပြောသည်။
အလားတူ သြဂုတ် ၄ ရက်နေ့မှာပင် ကလေးဒေသမြောက်ပိုင်းက ရာဇဂြိုလ်ရွာတွင် ချင်းကာကွယ်ရေးတပ် (CDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နှင့် အခြားတော်လှန်ရေးတပ်များက စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရာဇဂြိုလ်ရွာသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ရာဇဂြိုလ်ရွာကို ဖျက်ဆီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်ရင်း၊ တပ်ဖွဲ့ နံပါတ်များကို လတ်တလောတွင် ဧရာဝတီက အတည်မပြုနိုင်သေးပေ။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေးမှ ပြန်ကြားရေးတာဝန်ခံ ကိုဗိက “ရာဇဂြိုလ်ကတော့ ကလေးမြောက်ပိုင်းပေါ့။ အဲဒီက အိမ်ခြေ ၂၀၀၀ ကျော်လောက် ရှိတယ်။ အဲဒီရွာကို မီးရှို့ဖျက်ဆီးသွားတာကတော့ သိပ်မကြာသေးဘူးပေါ့။ အခု ထိလည်း မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးတာတွေ ဖြစ်နေပါတယ်” ဟု ပြောသည်။
ရာဇဂြိုလ်က မီးရှို့ခံလိုက်ရသည့် အိမ်ခြေအရေအတွက်ကို လတ်တလော မသိရသေးသော်လည်း စစ်ကောင်စီတပ် သည် နေအိမ်များကိုသာမက ရွာထဲရှိ ဆိုင်ကယ်များကိုလည်း ရွာလမ်းမအလယ်၌ တန်းစီကာ မီးရှို့ဖျက်ဆီးသွား ကြောင်း ကလေးဒေသခံအချို့ထံမှ သိရသည်။
လက်ရှိအချိန်ထိ ကလေးမြို့နယ်တွင် မီးရှို့ခံရသည့် နေအိမ်ပေါင်း ၁၀၀၀ ကျော် ရှိနိုင်သည်ဟု ဒေသခံများက ဆိုပြီး စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေးကမူ ကလေးတောင်ပိုင်းဒေသတကြောလုံးရှိ ရွာများအားလုံးလိုလို စစ်ကောင်စီ တပ်၏ ဝင်ရောက်မီးရှို့မှုကို ခံထားရကြောင်း ဆိုသည်။
“တောင်ပိုင်းမှာဆိုရင် သာယာကုန်းရွာကနေစပြီး ဂန့်ဂေါမရောက်ခင် တကျောလုံးသည် မီးရှို့ဖျက်ဆီးမခံရတဲ့ရွာ မရှိသ လောက် ရှားပါတယ်။ မရှိဘူးဆိုတဲ့ ရွာမှာတောင်မှ အနည်းဆုံး ၂/၃ အိမ်တော့ အရှို့ခံထားရတဲ့ ရွာတွေချည်းပါပဲ။ စစ် ရှောင်တွေကလည်း ရွာ ၁ ရွာမှာ အနည်းဆုံး ရာဂဏန်းလောက် ရှိပါတယ်” ဟု ကိုဗိက ပြောသည်။
ကလေးဒေသခံများ၏ အဆိုအရ ကလေးမြို့နယ်တောင်ပိုင်းရှိ သာယာကုန်း၊ ထိုမာ၊ ထောက်ကြန့်၊ နတ်ချောင်း၊ နတ် မြောင်း၊ ရှားဖို၊ တင်သား၊ အင်းဒင်၊ ကျောက်ပြုတ်၊ ကျောက်ဖူး၊ ရေရှင်၊ အရှေ့စည်း၊ ကုက္ကိုလ် စသည့် ရွာများမှာ စစ်ကောင်စီတပ်၏ မွှေနှောက်ဖျက်ဆီးမီးရှို့မှု အများဆုံးခံရသည့်ရွာများ ဖြစ်ကြောင်း သိရသည်။
ကိုဗိက “စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်ဆုတ်သွားတဲ့အချိန်မှာဆိုရင် တချို့ကျေးရွာက လူတွေကတော့ မီးရှို့ခံထားရတဲ့ အိမ်တွေမှာ တောထဲတောင်ထဲက ဝါးတွေဘာတွေခုတ်ပြီး တဲထိုးနေကြတယ်။ တချို့ နတ်ချောင်းလမ်းမကြီးဘေး၊ မြောက်ပိုင်းက ကလေး-တမူး လမ်းမကြီးတွေဘေး ဆိုရင်တော့ မိမိရဲ့ အိမ်တွေမှာ ပြန်နေလို့ အဆင်မပြေဘူး။ တော တောင်တွေထဲမှာ နေရတယ်။ တချို့ကျတော့လည်း ယာခင်းပိုင်ရှင်တွေက ဘေးလွတ်ရာ ကိုယ့်ယာခင်းမှာ ယာယီတဲ ထိုးပြီးနေရတာ ရှိပါတယ်” ဟု စစ်ဘေးရှောင်များ၏ အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။
ဆက်လက်၍ ၎င်းက စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေး အနေဖြင့် စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ကဲ့သို့သော အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ထောက်ပံ့ပေးနေသော်လည်း ဘတ်ဂျက်လိုအပ်ချက် အရ စစ်ဘေးရှောင်အားလုံး လွှမ်းခြုံသည်အထိ မထောက်ပံ့ပေးနိုင်သေးကြောင်း ဆိုသည်။
ကျန်းမာရေးနှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့နှင့် Mobile Medical Team ဆေးအဖွဲ့၊ ကျေးရွာများရှိ အာဏာဖီဆန်ရေးလှုပ် ရှားမှု (CDM) ပြုလုပ်ထားသည့် သူနာပြုများ၊ ဆေးမှူးများဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ စစ်ရှောင်ကလေးများ၏ ပညာရေးအတွက်မူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနက လွတ်မြောက်နယ်မြေအချို့တွင် ပညာသင်ကြားပေးနေပြီး CDM ဆရာမများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့ကလည်း သင်ကြားပေးနေမှုများ ရှိ ကြောင်း ကိုဗိက ပြောသည်။
ကလေးတောင်ပိုင်း နတ်မြောင်းရွာမှ ဒေသခံတဦးက ယခုရက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကလေးတောင် ပိုင်းဒေသတွင် စစ်ရှောင်များအတွက် ရိက္ခာနှင့်ဆေးဝါးများ အလွယ်တကူ ရောက်မလာတော့ဘဲ ရေရှည်၌ ရိက္ခာ အခက်အခဲ ဖြစ်မည်ကို စိုးရိမ်နေရကြောင်း ပြောဆိုသည်။
“ဒီရက်ပိုင်း ရွာကြီးတွေဖြစ်တဲ့ ထိုမာ၊ ထောက်ကြန့်၊ သာယာကုန်းဘက်ကိုက စစ်ကြောင်းက ခဏခဏဝင်နေပြီ ဆိုတော့ ရိက္ခာကလည်း အဲဒီဘက်ကပဲ လာတာဆိုတော့ အဲဒီဘက်က မလုံခြုံတော့ မလာဘူး။ အဲဒါနဲ့ ကျနော်တို့မှာ ရိက္ခာက ခက်ခဲနေတာဗျ။ တောထဲမှာ နေတဲ့သူတွေ အတွက်တော့ မိုးကာတွေနဲ့ ဆေးပစ္စည်းတွေ လိုတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ နတ်မြောင်းရွာမှ ဒေသခံတဦးက စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့် ဒေသခံနေအိမ်များအား မီးရှို့ ဖျက်ဆီးမှုများကြောင့် ကလေးတောင်ပိုင်းဒေသမှ ပြည်သူလူထု၏ လူမှုစီးပွားဘဝမှာ အတော်ပင် နိမ့်ကျသွားသည့် အခြေအနေ ဖြစ်နေကြောင်း ပြောပြသည်။
“ကလေးဒေသတောင်ပိုင်းရဲ့ လူမှုစီးပွားအခြေအနေက တော်တော်လေးကို ယိမ်းယိုင်သွားပြီ။ အရင်တုန်း ကျောက် ခေတ်ကလိုပေါ့ဗျာ။ ဝိုင်းလုပ်ဝိုင်းစားပုံစံမျိုး ဖြစ်သွားတယ်ဗျ။ မီးမရှို့ခံရတဲ့ရွာတွေမှာ သွားကပ်နေပြီး သူတို့နဲ့အတူ စိုက်ပျိုးရေးဖြစ်ဖြစ် အလုပ်တွေ ဝိုင်းလုပ်ပေး၊ ဝိုင်းစားပေါ့။ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝက အခြေအနေ မကောင်း တော့ဘူးပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။