စစ်ကောင်စီ၏ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန (PPRD) က ဈေးကွက်အတွင်း စက်သုံးဆီကို အကန့်အသတ်နှင့် ဖြန့်ဖြူးသဖြင့် ဈေးကွက်အတွင်း ဆီပြတ်လပ်မှု ဖြစ်နေသည်။
သြဂုတ် ၁၁ရက်စ၍ ရန်ကုန်မြို့ ရှိ ဆိုင်များတွင် ဓာတ်ဆီ ၉၂ နှင့် ၉၅ များ အရောင်းပြတ်ခဲ့သလို မြို့အတော်များများ၌ ဓာတ်ဆီရရှိရေး ဆီဆိုင်များရှေ့တွင် တန်းစီပြီး ဝယ်ယူနေရသည်ကို တွေ့ရသည်။
ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန (PPRD)၏ ဖော်ပြချက်အရ ယနေ့ ရန်ကုန်ဈေးကွက် စက်သုံးဆီပေါက်ဈေးမှာ ဓာတ်ဆီ ၉၂ တလီတာ ၂၂၄၅ကျပ်၊ ၉၅ တလီတာ ၂၃၁၀ကျပ်၊ ပရီမီယံ ဒီဇယ် တလီတာ ၂၆၂၅ကျပ် အထိ ဈေးမြင့် လာကြောင်း သိရသည်။
စက်သုံးဆီလက်ကားဖြန့်ဖြူးသူ တဦးက “တရက်အတွင်း ကျပ် ၁၀၀ တက်တယ်ဆိုတာ တော်တော်ကြမ်းတာ။ ဒါပေမဲ့ ဈေးပဲရှိတယ်။ ဆီတော့ မရှိဘူး။ အခု နာမည်ကြီးဆီဆိုင်တွေလည်း လိုသလောက် မရောင်းပေးနိုင်ဘူး။ တဦးကို ၁သောင်း ဖိုး ၂ သောင်းဖိုး အကန့်အသတ်နဲ့ပဲ ရောင်းပေးနိုင်တယ်။ ဆိုင်တော်တော်များများလည်း ဆီပြတ်နေတာ များတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ PPRD မှ ဆီထုတ်ပေးရာတွင် လုပ်ငန်းရှင်များက တင်ပြသည့် ခွဲတမ်းအတိုင်း ချပေးနိုင်ခြင်းမရှိသလို ကန့်သတ်ချက်များစွာ ချမှတ်ထားသည့်အတွက် ဈေးကွက်အတွင်း ဆီရောက်ရှိမှုနည်းပါးပြီး ပြတ်လပ်မှု ဖြစ်ပေါ်လာ ခြင်း ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်ပြောဆိုသည်။
တခြားသော ပြည်နယ်နှင့်တိုင်းများတွင်လည်း သယ်ယူစရိတ်အပေါ်မူတည်ပြီး ရန်ကုန်ဈေးထက် ပို၍မြင့်နေသည့် အပြင် ဆိုင်အများစု၌လည်း စက်သုံးဆီ ပြတ်နေကြောင်း၊ ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်များမှာလည်း စစ်ကောင်စီ သတ်မှတ်ဈေးနှင့် မရောင်းဘဲ ပြင်ပပေါက်ဈေးဖြင့်သာ ရောင်းချနေကြောင်း စက်သုံးဆီဝယ်ယူသူများက ပြောသည်။
မန္တလေးမြို့ရှိ ဒေသခံတဦးက “မနေ့ကလည်း မန္တလေး၊ မူဆယ်၊ လာရှိုး အဲဒီနေရာတွေမှာ စက်သုံးဆီ ပြတ်နေသလို ဒီနေ့လည်း မန္တလေးက ဆိုင်တော်တော်များများမှာ ပြတ်နေတယ်။ မူဆယ်မှာလည်း ပြတ်နေတယ်။ ရောင်းတဲ့ဆိုင်တွေ က ဓာတ်ဆီ ၉၂ ကို တလီတာ ၃၀၀၀ ကျပ်နဲ့ ရောင်းတယ်” ဟု ဆိုသည်။
လက်ရှိ စက်သုံးဆီဈေးကွက်မှာ ခန့်မှန်းရခက်နေပြီး ဈေးနှုန်းမှာလည်း တရက်ထက်တရက် ထပ်တက်လာနေသလို စစ်ကောင်စီ၏ စက်သုံးဆီခွဲတမ်းနှင့် ထုတ်ပေးသည့် PPRD ကလည်း လက်ရှိတွင် ခွဲတမ်းပမာဏကိုပင် ပြည့်ဝစွာ ထုတ်ပေးနိုင်ခြင်း မရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်တဦးက “ရှေ့လျှောက်တော့ အခုထက် ပိုဆိုးမှာပဲ။ အခုတောင် ကျနော်တို့ လီတာ ၄ သောင်း တင်ရင် ၁ သောင်းတောင် အနိုင်နိုင်ရတာ။ ပြည်တွင်းဆီ သုံးဖို့ကျတော့လည်း လုံလုံလောက်လောက် ထုတ်မပေးနိုင် သလို အရည်အသွေးကလည်း လိုသေးတယ်။ အခု အခြေအနေအရဆို ဆီက ပြတ်လပ်မှု ပိုရှိလာမှာ” ဟု ဆိုသည်။
လတ်တလော စက်သုံးဆီ ပြတ်လပ်နေခြင်းမှာ စစ်ကောင်စီ၏ PPRD က အဓိက ကြီးကြပ်ပြီး ဈေးကွက်အတွင်း ဖြန့် ဖြူးရာတွင် စိစစ်ကန့်သတ်ချက်များကြောင့် ကြန့်ကြာမှုများ ရှိနေသလို လုပ်ဆောင်သည့် လုပ်ငန်းစဉ်များ လွဲမှားနေ သဖြင့် ဈေးကွက်သို့ ရောက်ရှိမှု နောက်ကျပြီး ဆီပြတ်ခြင်း ဖြစ်ကြောင်း ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချနေ သော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးကလည်း ဧရာဝတီသို့ ပြောသည်။
“ဆီထုတ်ဖို့တင်ရင် သူတို့ စိစစ်နေတာနဲ့ကြာပြီး နေ့လယ်လောက်မှ ကုမ္ပဏီတွေကစာကျ။ အဲဒီမှာ ပြုံပြီးထုတ်ကြတော့ ဆီဘောက်ဆာတွေက အကြီးကြီးတွေလေ။ သီလဝါမှာတင် အကုန်လုံး ကားတွေပိတ်ကုန်ရော။ ဒီတော့ ထည့်ပြီးသား ကားလည်း ထွက်မရ၊ ဝင်လာတဲ့ကားလည်း ထည့်မရ ဖြစ်ကုန်ရော။ အဲဒီမှာ ဆီပြတ်ကုန်တာ။ တကယ်တမ်း ဆီမရှိ တာ မဟုတ်ဘူး၊ ရှိသေးတယ်။ လုပ်ငန်းစဉ်တွေ လွဲနေတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်မြို့ရှိ စက်သုံးဆီသိုလှောင်ကန်များ၏ ဆီလက်ကျန်စာရင်းများကို ကိုင်ထားသော ကြောင့် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မှု အခြေအနေများကို သိရှိသော်လည်း လုပ်ငန်းရှင် များကို ထုတ်ပေးရာ၌ ခွဲတမ်း၊ အကန့်အသတ်ဖြင့်သာ ပေးနေကြောင်း သိရသည်။
You may also like these stories:
ဗဟိုဘဏ် ဒေါ်လာဈေး မြှင့်မှု စက်သုံးဆီ ဈေးတက် ဆီပြတ်လပ်မှုနှင့် ကြုံနေ