စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ပုလဲမြို့နယ် အစပ်ရှိ ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီ တပ်က တိုက်ခိုက်ရေး ရဟတ်ယဉ်များသုံး၍ ဝင်ရောက် စီးနင်းထားပြီး ရွာသူ၊ ရွာသားများလည်း ဖမ်းဆီး၊ ပစ်ခတ်မှုများ ခံထားရကြောင်း ရွာခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်က ရင်ပေါင်တိုင်ရွာ အနီးတဝိုက်ကို ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် စက်သေနတ်များ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ရင်ပေါင်တိုင် ရွာခံ တဦးက “ကျမတို့လည်း ဝပ်လိုက်ပြေးလိုက်နဲ့ပေါ့ လက်နက်ကြီး ကျတဲ့ အိမ်လည်း တွေ့ခဲ့တယ်။ နောက်တအိမ်ဆိုလည်း ခြေထောက်ကြီးကျိုးထားတာ။ ကျမတို့လည်း ပြေးတာ။ လေယာဉ်ကလည်း ဝဲတယ် တဒိုင်းဒိုင်း တဝုန်းဝုန်းနဲ့ နေတာပဲ။ ကြောက်အား လန့်အားပြေးတာ ဆူးတွေလည်းဆူး ဖိနပ်တွေလည်း ကျွတ်ပေါ့” ဟု ပြောသည်။
တိုက်ခိုက်ရေး ရဟတ်ယာဉ်အပြင် လူသယ်သည့် ရဟတ်ယာဉ် ၁ စီးဖြင့် ၃ ကြိမ်တိုင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ကျော်ကိုချကာ ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းထားခြင်း ဖြစ်သည်။
ယနေ့ (ဩဂုတ် ၁၂) ရက်နေ့ညနေပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။
ရွာအတွင်း ပိတ်မိနေသော ၅၀ ဦးထက်မနည်းတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အို နှင့် အမျိုးသမီးများ ပါဝင်ပြီး လေကြောင်းက ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသူ ၁၀ ဦး နှင့် ၂၀ ကြားတွင် ရှိနေကြောင်း ရွာအတွင်း ပိတ်မိသူများကို ကယ်ထုတ်ရာတွင် ပါဝင်ခဲ့သူများနှင့် မျက်မြင် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မျက်မြင်တွေ့ရှိသည့် ရင်ပေါင်တိုင်ရွာခံ ဒေါ်တိုးတိုး (အမည်လွှဲ) က “ကျမတို့ တွေ့ခဲ့တဲ့ ၁ ယောက်ကဆိုရင် ခြေထောက်မှာ ထိထားတာ သွေးတွေလည်း ပုံလို့ ဘယ်သူကမှလည်း လုပ်မပေးနိုင်ဘူး။ အကုန်လုံးပြေးလွှားနေကြတာ ဆိုတော့။ ပြေးရင်းလွှားရင်း နားထင်တွေမှာ သွေးတွေဘာတွေနဲ့ လူလည်း တွေ့ခဲ့တယ်။ လက်နက်တွေ မှန်ထားတာတွေ” ဟု ပြောသည်။
ရွာထဲပိတ်မိနေသည့် အထဲတွင်း ၎င်း၏ မိသားစုဝင်တဦးလည်း ကျန်ခဲ့သဖြင့် စိတ်ပူပန်နေကြောင်း ပြောသည်။
ပိတ်မိနေသည့် မိသားစုဝင်နှင့် ပတ်သက်၍ “ဘေးကင်းပါစေလို့ပဲ ဆုတောင်းရမှာပေါ့။ လမ်းသိပ်မလျှောက်နိုင်တော့ ရွာနောက်ဖျားကျတော့ ဆက်မလိုက်နိုင်တာ အပေါ်ကလည်း ပစ်ဆိုတော့ မလိုက်ရဲဘဲ သမီးတွေနဲ့ ကွဲသွားတာပေါ့။ ကျန်းမာရေးလည်း သိပ်မကောင်းတော့ အရမ်းစိတ်ပူနေတာ” ဟု ဒေါ်တိုးတိုးက ပြောသည်။
အခြားဒေသမှ လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ ဖွဲ့က လမ်းခရီး တထောက်ဝင်နားရန် ရင်ပေါင်တိုင်ရွာသို့ အဝင် ၊ ၎င်းတို့ရောက်ပြီး ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ အဖွဲ့က PDF များ ရွာအတွင်းမှ ပြန်လည်လွတ်မြောက်ခဲ့ သော်လည်း ၆၀ မမ ၈ လက်၊ ပုခုံးထမ်း လောင်ချာ ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်း၊ ကျည်များ ရွာအတွင်း ကျန်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ”ပစ္စည်းသယ်ပြီး ပြန်လာတဲ့ လမ်းကြောမှာ ဝင်နားတာ
တထောက်ဝင်နားတဲ့ အချိန်မှာ ကားပေါ်ကနေ ဆင်းတဲ့ အချိန်မှာပဲ ဗြုန်းဆို ရောက်ချလာတာ ဖြစ်တဲ့ အတွက် ပစ္စည်းတွေ အကုန်ချထားပြီးတဲ့ အချိန်မှာ ဘာမှ မသယ်လိုက်နိုင်တာပေါ့။ ဗြုန်းကနဲဆိုပြီး လေယာဉ်နဲ့ လာပစ်နိုင်လောက်အောင် သတင်းပေး ကောင်းလွန်းတယ်။ သတင်းပေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်ရှင်းစရာတွေ ရှိသေးတယ်” ဟု ပြောသည်။
ရင်ပေါင်တိုင်ရွာအနီးတွင် KIA/PDF များရှိနေသည်ဟု သတင်းပေးမှုကြောင့် စီးနင်းရာတွင် ဒေသခံ PDF ၇ ဦးသေဆုံးပြီး M-22 သေနတ် ၅ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၂ လက်၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၈ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် နှင့် ဗုံးသီးများ သိမ်းဆည်း ရမိကြောင်းကို စစ်ကောင်စီ သတင်းများကို ထုတ်ပြန်ရေးသားလေ့ ရှိသည့် တယ်လီဂရန် ချန်နယ်များတွင် ဖော်ပြထားသည်။
ယင်းမာမြို့နယ်တွင် စစ်ကောင်စီတပ်မ ၃၃၊ ၇၇ နှင့် ၉၉ တို့ စစ်ကြောင်းထိုးလေ့ ရှိသော်လည်း ယခုတခေါက်လာရောက်သည့် အဖွဲ့သည် မည်သည့် တပ်မက ဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ကာကွယ်ရေး အဖွဲ့များက ဆိုသည်။
ထို့ပြင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူ ရွာအတွင်း ပိတ်မိနေသည့် ဒေသခံများ ရှိနေသည့် အတွက် တိုက်ပွဲဖော်ဆောင်ရန် အခက်အခဲများ ရှိနေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “ဒေသခံတွေကို ဓားစာခံ လုပ်ပြီးတော့ သူတို့ဘက်က ခုခံမှာကို စိုးရိမ်တယ်။ ပြန်ပြီး တိုက်မယ် ဆိုရင်တောင် ဒေသခံတွေကို ငဲ့ညှာနေရတယ်။ ဘယ်လောက်ပဲ ခံတပ်ကောင်းအောင် လုပ်ထားထား အပေါ်က ဝေဟင်က အန္တရာယ်ပေးလာရင် လေယာဉ်ပစ်နိုင်တဲ့ လက်နက်မရှိတာက အားနည်းချက် ဖြစ်တယ်။ ဝေဟင်ပစ်ခတ်မှုကို ပြည်သူရော ကာကွယ်ရေး အဖွဲ့တွေရောက ကြောက်နေရတယ်” ဟု ပြောသည်။
ရင်ပေါင်တိုင် ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ညကရော ယနေ့တွင်ပါ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရွာအနီးတဝိုက်ကို ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယင်းမာပင်နှင့် ပုလဲမြို့နယ် အစပ်ရှိ ရင်ပေါင်တိုင်၊ ပုထိုးသာ၊ ရွာသစ်၊ ညောင်တန်း၊ အေးကုန်း၊ ကျေးစကျ၊ ဇီးရင်း အစရှိသဖြင့် ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်။
ဩဂုတ် ၁ ရက်နေ့မှ စကာ ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း၊ ရေဦး၊ မြင်းမူ၊ အရာတော်မြို့နယ်က ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
ဩဂုတ် ၁ ရက်မှ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ဒီပဲယင်းနှင့် မြင်းမူတွင် ဒေသခံနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂၆ ဦးအထိ သေဆုံးမှု ရှိခဲ့သည်။