စစ်ကောင်စီက ထောင်ချထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးဘမျိုးသိန်း၊ ဦးစိုးလေးနှင့် ဦးကြည်တိုး တို့၏ အမှုများ ခရိုင်အဆင့် အယူခံပယ်ချခံရပြီးနောက် တိုင်းအဆင့်သို့ အယူခံတင်မည် ဖြစ်ကြောင်း နီးစပ်သူများ က ပြောသည်။
NLD ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်းနှင့် ဦးစိုးဝင်း(ခ) ဦးစိုးလေး၊ ရခိုင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက် တို့အား စစ်ကောင်စီက ၂၀၂၁ မတ် ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့တွင် သေနတ်ထောက် ဖမ်းဆီးခဲ့ပြီး နောက် ၂၀၂၂ မေ ၁၂ ရက်တွင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ကျပ် ၅ ထောင်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်း ထောင်ဒဏ်အပေါ် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးသို့ အယူခံတက်ခဲ့သော်လည်း ပယ်ချသည့်အတွက် ယနေ့ ရန်ကုန်တိုင်းတရားရုံးသို့ အယူခံ ထပ်မံတင်သွင်းခဲ့ခြင်း ဖြစ်သည်။
“သူတို့ကို NUG၊ CRPH တို့နဲ့ ဆက်သွယ်ပါတယ်ဆိုပြီး ထောင်ချလိုက်တာ။ အဲဒါကို ခရိုင်တက်တော့ အကျဉ်းနည်းနဲ့ ပယ် ချတယ်။ အခုကတော့ တိုင်းကိုဆက်ပြီး အယူခံတင်သွင်းခဲ့တာပါ” ဟု နီးစပ်သူတဦးက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ် အများစုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် အဖွဲ့ အစည်းများအဖြစ် ကြေညာထားခြင်း ဖြစ်သည်။
ထို့ပြင် NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သူ ဦးကြည်တိုးကို စစ်ကောင်စီက ၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့တွင် ဖမ်း ဆီးခဲ့ပြီးနောက် ထောင်ဒဏ် ၅ နှစ် ချမှတ်ထားမှုနှင့် ပတ်သက်သည့် အယူခံအား အနောက်ပိုင်းခရိုင်းတရားရုံးက အကျဉ်း နည်းဖြင့် စစ်ဆေးကာ ပယ်ချခဲ့သည့်အတွက် ရန်ကုန်တိုင်းတရားလွှတ်တော်သို့ အယူခံဆက်လက်တင်မှုအား ဩဂုတ် ၁၀ ရက်၌ လျှောက်လဲချက် ပေးခဲ့သည်။
ဦးကြည်တိုး အနေဖြင့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်ရေးသားမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ၂၀၂၂ မတ် ၃၁ ရက်တွင် ဗဟန်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင် ၂ နှစ်၊ ကမာ ရွတ်မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင် ၃ နှစ်တို့ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့အားလုံး အနေဖြင့် အင်းစိန်အကျဉ်းထောင်ထဲ၌ ဆက်လက် ချုပ်နှောင်ခံနေရကြောင်းလည်း သိရသည်။
NLD ပါတီ ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီး နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်များနှင့် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များအား စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးကာ စွပ်စွဲချက်အမျိုးမျိုးဖြင့် ထောင်ဒဏ်များ ချမှတ်လျက် ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းကလည်း အရပ်ဝတ်များ ပါဝင်သော စစ်ကောင်စီ တပ်ဖွဲ့ဝင် များသည် ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်အား သော့များဖျက်ကာ အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပါတီရုံး၏ မီးခံ သေတ္တာအတွင်းမှ ငွေနှင့်ပစ္စည်းများ၊ ပါတီစာရွက်စာတမ်းများ ပျောက်ဆုံးခဲ့သည့်အပြင် ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရ သည်။
You may also like these stories:
စစ်ကြောရေးတွင် NLD ပါတီဝင်တဦး အသတ်ခံရပြန်
NLD ပါတီဝင်များ ဆက်တိုက် သတ်ဖြတ်ခံနေရ
ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ
နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ဒုမြို့တော်ဝန် ဦးရဲမင်းဦးအား ထောင်နှစ်ရှည်ချ