စစ်ကောင်စီ၏ ကျပ်ငွေတန်ဖိုးကျဆင်းမှု မထိန်းချုပ်နိုင်ခြင်းနှင့် ပို့ကုန် မူဝါဒ အပြောင်း အလဲတို့ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မြဝတီ-မဲဆောက် လမ်းကြောင်းမှ ကုန်သွယ်ရေး သိသိသာသာ ထိုးကျနေကြောင်း စုံစမ်းသိရှိရသည်။
ပြောင်းကုန်သည်တဦးက “အခြားနှစ်တွေနဲ့ ယှဉ်လိုက်ရင် ကုန်သွယ်ရေးက တော်တော်ကို လျော့သွားတယ်။ အခုက ငွေလဲလှယ်နှုန်းကြောင့်တွေ ရော ဘတ်ဈေးမှမဟုတ် ဒေါ်လာဈေးရော၊ ကုန်သွယ်ရေးမူဝါဒ တွေကြောင့်ရော ဖြစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ယခုလိုကာလတွင် ထိုင်းနိုင်ငံသို့ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု အခြေအနေသည် ၁ ရက်လျှင် ကုန်ကားအစီးရေ ၃၀၀ ကျော်ထိရှိခဲ့သော်လည်း လက်ရှိကာလတွင်မူ ကုန်ကားအစီးရေ ၁၀၀ ပြည့်အောင်ပင် တင်ပို့နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ယခု ၂၀၂၂ ခုနှစ် ဧပြီလ မှ ဩဂုတ်လ ၅ ရက်နေ့အထိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှု သည် အမေရိကန်ဒေါ်လာ ၃၂၈ သန်း ကျော်ရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၄၆၉ သန်း ကျော် အထိရှိသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မြန်မာဘက်က ပို့ကုန်တင်ပို့ မှုသည် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်လျော့ကျသွားခဲ့ပြီး ကုန်သွယ်မှုပမာဏသည်လည်း အမေရိကန် ဒေါ်လာ ၃၆ သန်းနီးကျဆင်းသွားခဲ့ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီ၏ ဇူလိုင်လအတွင်းကထုတ်ပြန်သော ကုန်သွယ်ရေးမူဝါဒအသစ်အရ ဆန်၊ ပဲ၊ ပြောင်း စသည့် သတ်မှတ်ကုန်များကို မြဝတီနယ်စပ်ကုန်သွယ်ရေး ဇုန်သို့ လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့် မရှိတော့ဘဲ ပို့ကုန်လိုင်စင်လျှောက်ထားရခြင်း၊ သက်ဆိုင်ရာအသင်းများ၏ ထောက်ခံချက်၊ တင်ပို့မည့် တန်ချိန်၊ သယ်ဆောင်မည့် ကုန်တင်ယာဉ်နံပါတ် စသည့် သတ်မှတ်ချက်များ လိုအပ်လာသဖြင့် ပို့ကုန်တင်ပို့မှုများအတွက် အခက်အခဲ ဖြစ်လျက်ရှိကြောင်း ပြောင်းကုန်သည်တဦးက ပြောသည်။
၎င်းက “ကုန်သည်တွေကတော့ ငွေဈေးအတက်အကျ ဖြစ်ရင်လည်း အဆင်ပြေအောင် လုပ်လို့ရတယ်။ ငွေဈေးတက်နေရင် မြတ်မယ်။ ငွေဈေးကျရင် ရှုံးမယ်ပေါ့။ အခုက အဆင့်ဆင့်မှာ ကြန့်ကြာပြီး ဘာမှကို သေချာလုပ်လို့တော့ မရဘူး” ဟု ဆိုသည်။
ထို့ပြင် လယ်ယာထွက်ကုန်များ တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေကို အမေရိကန်ဒေါ်လာနှင့် သတ်မှတ်ခြင်း၊ ဒေါ်လာငွေ တန်ဖိုးကိုလည်း ကြိုတင်ပေးသွင်းမှသာ လိုင်စင်ချပေးခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန် မဟုတ်လျှင် တင်ပို့ခွင့်မရှိခြင်း စသည့် စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကန့်သတ်ချက်များကလည်း ပို့ကုန် သမားများအတွက် အခက်အခဲ ဖြစ်ပေါ်စေသည်။
လက်ရှိအချိန်တွင် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး ယခု ထိုင်းဘတ်ပေါက်ဈေးများ အရဆိုလျှင် မြန်မာကျပ် ၁ သိန်းလျှင် ထိုင်းဘတ် ၁၃၅၀ မှ ၁၃၆၀ ဝန်းကျင်သာ ပေါက်ဈေးရှိတော့သည်။
စစ်တပ်က အာဏာမသိမ်းခင်က ကျပ် တသိန်းလျှင် ဘတ် ၂၄၀၀ စျေးပေါက်ခဲ့ရာမှာ အာဏာသိမ်းပြီးနောက်တွင် ငွေစျေးနှုန်းဆက်တိုက်ကျဆင်းလာခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နေခြင်းဖြစ်သည်။
အဆိုပါ ဈေးနှုန်းများသည် ထိုင်းဘတ်ပေးပြီး မြန်မာကျပ်ငွေ ပြန်လည်ရယူရာတွင် ရရှိသော နှုန်းထားများဖြစ်ပြီး လတ်တ လော ဈေးကွက်အခြေအနေအရ မြန်မာကျပ်ငွေပေးပြီး ထိုင်းဘတ် ပြန်ယူလိုပါက ကျပ် ၁ သိန်းလျှင် ထိုင်းဘတ် ၁၂၆၀ ဝန်းကျင်သာ ပေါက်ဈေး ရှိကြောင်း သိရသည်။
မြဝတီနယ်စပ်ရှိ ကုန်သည်တဦး က “ငွေဈေးက ဒီနေ့ဈေးထက် နောက်နေ့ဈေးက ပိုပိုကျလာတော့၊ လုပ်ရင်လည်း ရှုံးလာနေတော့ ဘယ်ကုန်သည်ကမှ အလုပ်မလုပ်ရဲကြဘူး။ ငွေဈေးက လုံးဝကို မတည်မငြိမ် ဖြစ်နေတော့ ကုန်သွယ်ရေးက ဘာမှ လုပ်မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။