မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘိုထောင်) ၌ အစာငတ်ခံ ဆန္ဒပြသည်ဟု ဆိုကာ တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၉ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၃ ရက်မှ စတင်ကာ နိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ် ကော်မတီ (BEGSC) မှ ဒေါ်သက်ဆုလှိုင်၊ ဦးနောင်ထက်အောင်၊ ဦးနိုင်းသီဟကျော် အပါအဝင် ၄ ဦးတို့ တိုက်ပိတ်ခံခဲ့ရပြီးနောက် ၁၅ ဦး ထပ်မံတိုးလာခြင်း ဖြစ်ကြောင်း အိုးဘိုထောင်နှင့် နီးစပ်သူများက ဆိုသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက “အခုလက်ရှိ ရိုက်နှက်ပြီး တိုက်ပိတ်ခံရတာ ၁၉ ယောက်ထိ ရှိတယ်။ ကိုနောင်ထက်အောင်လည်း ရိုက်နှက်ခံထားရလို့ ရှေ့သွား ၃ ချောင်း ကျိုးတယ်၊ ခေါင်းကွဲတယ်၊ ကျောကွဲဒဏ်ရာတွေ ရတယ်။ ပြီးတော့ ကိုနောင်ထက်အောင် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုသခွင့် မပေးဘူးလို့ သိရတယ်။ ဒါကြောင့် ဆေးကုသခွင့်ရဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။
အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်သူ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည့် ဦးနောင်ထက်အောင်မှာ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရသောကြောင့် ၎င်း၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေရ ကြောင်းလည်း ၎င်းနှင့် နီးစပ်သူများက ဆိုသည်။
တိုက်ပိတ်ခံထားရသည့် ဦးနောင်ထက်အောင်ကို ထောင်တွင်းတရားရုံးက ရုံးထုတ်ခြင်းမရှိဘဲ ပုဒ်မ ၅၀၅-က ဖြင့် သြဂုတ် ၁၀ ရက်တွင် ထောင် ၃ နှစ် မျက်ကွယ်ပြစ်ဒဏ် ချလိုက်ကြောင်းလည်း ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောသည်။
သြဂုတ် ၉ ရက်တွင် အိုးဘိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ၁ ဦး၏ ထောင်ဝင်ပါဆယ်ထုပ်ကို အခြားအမှုဖြင့် ထောင်ကျနေသည့် နာမည်တူ အကျဉ်းသား ၁ ဦးက ခြိမ်းခြောက်လုယူမှုနှင့် ပတ်သက်ပြီး နိုင်/ကျဉ်းများက ထောင်အာဏာပိုင်များကို တင်ပြရန်ကြိုးစားစဉ် စကားများရန်ဖြစ်ခဲ့ပြီး အကျဉ်းထောင်တာဝန်ရှိသူ ၁ ဦးနှင့် အခြားအမှုအကျဉ်းသား များက ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ထိ ရိုက်နှက်ခံခဲ့ရပြီး ၁၅ ဦး ထပ်မံ တိုက်ပိတ်ခံခဲ့ရကြောင်း၊ အိုးဘိုထောင် အာဏာပိုင်များက အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဖြိုခွဲလိုသဖြင့် အကြောင်းရှာ၍ နိုင်/ကျဉ်းများ နှင့် ရာဇဝတ်အကျဉ်းသားများကြား ဆူပူရန်ဖြစ်သည်ဆိုသော ပုံစံမျိုးကို တမင်ဖန်တီးခဲ့ခြင်းသာ ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
ဆက်လက်၍ ၎င်းက “နိုင်ငံရေးအကျဉ်းသားတွေကို သာမန်ရာဇဝတ်အကျဉ်းသားတွေနဲ့ ရောထားတယ်။ ရာဇဝတ်အကျဉ်း သားတွေက နိုင်/ကျဉ်းတွေရဲ့ ထောင်ဝင်စာတွေကို ဖြတ်စားလျှပ်စား လုပ်တာတွေ ရှိလာတယ်။ အဲဒီအခါမှာ နိုင်/ကျဉ်းတွေ က သူတို့ကို ရာဇဝတ်အကျဉ်းသားတွေက အနိုင်ကျင့်တယ်ဆိုပြီးတော့ ဆူပူဆန္ဒပြတာတွေ ဖြစ်တယ်။ အဲဒီလို ဖြစ်တာကို အိုးဘိုထောင် အာဏာပိုင်တွေက ရာဇဝတ်အကျဉ်းသားကို မြှောက်ပေးပြီးတော့ တဖက်သတ် ရိုက်နှက်ခိုင်းတယ်။ အဲဒီလို ရိုက်နှက်ပြီးတော့မှ နိုင်/ကျဉ်းတွေကို တိုက်ပိတ်လိုက်တာပဲ။ ဒါဟာ အိုးဘိုထောင်အာဏာပိုင်တွေရဲ့ သေချာအကွက်ချ စီမံ တာပဲလို့ ပြောချင်တယ်” ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုး အောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးအား သေဒဏ်စီရင်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် အိုးဘိုထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှ စတင်ကာ အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြရာ ယခုအခါ အစာငတ်ခံဆန္ဒပြသူ ၄၀ ဦးခန့်ထိ ရှိနေကြောင်း သိရသည်။
ထောင်တွင်းသဘောထားကြေညာချက်တွင် ပါသည့်အတိုင်း နိုင်/ကျဉ်းများအား သေဒဏ်ပေးခြင်းနှင့် လွတ်လပ်ပြီး ပွင့် လင်းမြင်သာမှု မရှိသည့် တရားရေးစနစ်ကို ဆန့်ကျင်သပိတ်မှောက်သည့် အနေဖြင့် အစာငတ်ခံဆန္ဒပြမှုအပေါ် ဗကသများ အဖွဲ့ချုပ်သည် ထောက်ခံကြောင်း၊ အဖွဲ့ချုပ်အနေဖြင့်လည်း လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု မရှိသည့် တရားစီရင်ရေးစနစ် ကို ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ပြန်သွားမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။
ထောင်တွင်း အစာငတ်ခံဆန္ဒပြနေသူများက သေဒဏ်ကျခံ အကျဉ်းသားများအား အသက်ချမ်းသာပေးရန်၊ အာဆီယံအဖွဲ့ အစည်းက တောင်းဆိုထားသည့်အတိုင်း နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရန်၊ ဖမ်းဆီးထားသော နိုင်/ကျဉ်း များအား မိသားစုများနှင့် တွေ့ခွင့်ပေးရန်၊ အကျဉ်းသားများ ရပိုင်ခွင့်များကို ထိန်းချုပ်ကန့်သတ်ထားမှုများအား ဖြေလျော့ ပေးရန် စသည့် အချက်များကို တောင်းဆိုထားကြောင်း သိရသည်။
စစ်ကောင်စီက မန္တလေးအိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားသဖြင့် ပြည်သူများနှင့် မီဒီယာများ အနေဖြင့် ထောင်တွင်းတိုက်ပွဲများအပေါ် အာရုံစိုက်ပေးကြရန်လည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ပညာ ရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂများက တိုက်တွန်းတောင်းဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး အပါအဝင် ၁၂၅ ဦးထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချခံရသူ ၈၃ ဦးထိ ရှိကြောင်း သိရသည်။