ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်သည့် မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုလ်တွင် လောင်းကစားမြို့အဖြစ် နာမည်ကြီးသည့် မြို့သစ်စီ မံကိန်း ရင်းနှီးမြုပ်နှံလုပ်ကိုင်သူ တရုတ်လူမျိုး She Zhijiang အား ပြီးခဲ့သည့်အပတ်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည် ပြုပြောကြားခဲ့သည်။
အသက် ၄၀ နှစ်ခန့်ရှိ She Zhijiang ဆိုသူသည် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက အလိုရှိ နေသူတဦးဖြစ်သည့်အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ၏ သတိပေးထုတ်ပြန်ချက်တွင်လည်း အနီရောင်အဆင့် သတ်မှတ်ထားပြီး လောင်ကစားလုပ်ငန်းများအပြင် ရာဇဝတ်ဂိုဏ်းများနှင့်လည်း ပတ်သက်မှုရှိနေကြောင်း သိရသည်။
၎င်းအား ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့က ဖမ်းဆီးပြီးနောက် ပြည်ဝင်ခွင့်ဗီဇာအား ပယ်ဖျက်ခဲ့ပြီး တရုတ်နိုင်ငံနှင့် သဘောတူညီထားချက်များအရ တရားခံလွှဲပြောင်းပေးရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း လည်း သိရသည်။
ရွှေကုက္ကိုလ်စီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိ ထိုင်းက ဖမ်းဆီးလိုက်သည့် She Zhijiang သည် Kai အမည်ဖြင့်သာ မှတ်ပုံတင် စာရင်းသွင်းကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းဖမ်းဆီးခံရမှုကြောင့် စီမံကိန်းအပေါ် တစုံတရာ ထိခိုက်မှုရှိမည်မဟုတ်ဘဲ ပုံမှန်ဆက်လက် လည်ပတ်နေ ဆဲသာ ဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “အရင်လုပ်ခဲ့တာတော့ အန်ကယ်တို့လည်း မသိဘူးလေ၊ သူ့ဟာသူ ကန်ပူးချား (ကမ္ဘောဒီးယား) မှာ၊ ဖိလစ်ပိုင်မှာ လုပ်ခဲ့တာတော့ အန်ကယ်တို့လည်းမသိဘူး။ ဒီမှာတော့ မြို့သစ်စီမံကိန်းကို အစိုးရနဲ့ တရားဝင်လုပ်ထားတာပဲလေ။ စီမံကိန်းကတော့ မဆိုင်ပါဘူး၊ သူ လည်းဒီမှာ အမြဲမှမနေဘဲ၊ သူ့တာဝန်ခံတွေပဲရှိတာ။ ရှိထားပြီးသား ဟာကတော့ ဒီလိုပဲလည်ပတ်နေတာပဲပေါ့” ဟု ပြောသည်။
ယင်းအပြင် She Zhijiang အနေဖြင့် ယခင်ကတည်းက ရွှေကုက္ကိုလ်တွင် နေထိုင်သူမဟုတ်ဘဲ ထိုင်းနှင့် ကမ္ဘောဒီးယားတို့တွင် သွားလာ နေထိုင်သူဖြစ်ပြီး ယခုကဲ့သို့ ရုတ်တရက်ဖမ်းဆီးမှုအပေါ် နားမလည်းနိုင်ကြောင်းနှင့် ရွှေကုက္ကိုလ်စီမံကိန်းအပေါ် ရိုက်ခတ်လာနိုင်သည့် အခြေအနေများကို စောင့်ကြည်နေကြောင်းလည်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူက “အရင်တုန်းက သူတို့မှာ Blacklist ထိထားတာရှိတယ်လို့တော့ ကြားတယ်။ သူတို့က တကယ်၍မှာ ဒီကိုမ ရောက်လာခင်ကတည်းက တရုတ်မှာ တခုခု ကျူးလွန်ထားတာဖြစ်ခဲ့ရင်တော့ သူတို့ ဒီအပြစ်ကို သူရင်ဆိုင်ရမှာပေါ့၊ သူ မရင်ဆိုင်လို့ မရဘူးလေ။ စီမံကိန်းကို ဘယ်လိုရိုက်ခတ်လာမလဲဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တွင် မွေးဖွားခဲ့သည့် တရုတ်လူမျိုးတဦးဖြစ်သူ She Zhijiang သည် ကမ္ဘောဒီးယာနိုင်ငံသား ခံယူထားပြီး She Lun Kai ၊ Tang Kriang Kai စသည့် နာမည်အမျိုးမျိုးဖြင့်လည်း ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့တွင် လောင်းက စားနှင့် ဆက်နွယ်သည့် လုပ်ငန်းများ လုပ်ကိုင်းခဲ့သူဖြစ်ကြောင်းလည်း သိရသည်။
၎င်းအနေဖြင့် မြန်မာနိုင်ငံတွင်မူ စစ်တပ်လက်အောက်ခံဖြစ်သည့် BGF နှင့် ပူးပေါင်းကာ ရွှေကုက္ကိုလ်ဒေသတွင်း မြို့သစ်စီမံကိန်း တည် ထောင်ခဲ့ပြီး ဟိုတယ်လုပ်ငန်း၊ အဆင့်မြင့်လူနေအိမ်ယာ၊ စိုက်ပျိုးရေးနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိ ကြောင်း ဒေသခံများက ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအတွက် She Zhijiang နှင့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူတို့အကြား အကျိုးတူ ပူးပေါင်းမှုအနေဖြင့် မြန်မာရထိုက်ကုမ္ပဏီအား ထူထောင်ကာ လုပ်ကိုင်ခဲ့ပြီး လောင်းကစားလုပ်ငန်းများနှင့် အစိုးရ၏ ခွင့်ပြုချက်ထက် ကျော်လွန်ကာ တရားမဝင် တည်ဆောက်လုပ်ကိုင်ခြင်းများကြောင်း ဝေဖန်မှုများမြှင့်တက်ခဲ့သည်။
သို့သော် အဆိုပါပြောဆိုချက်များသည် ချဲ့ကားပြောဆိုသည့် စွပ်စွဲချက်များသာဖြစ်ပြီး စီမံကိန်းအား ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ် လုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
၎င်းက “လောင်းကစားလုပ်တယ်ဆိုတာလည်း ပြောသလောက်မဟုတ်ပါဘူး၊ ကာစီနိုသေးသေးလေးပါပဲ၊ ကြီးကြီးကျယ်ကျယ်လဲ မရှိ ပါဘူး။ အဓိက အိမ်ယာစီမံကိန်း၊ စိုက်ပျိုးရေးလဲပါတယ်။ လောင်းကစားမြို့တော်ဆိုတာ မဟုတ်ပါဘူး” ဟု ပြောသည်။
တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံမှုဖြင့် ခေတ်မီတိုက်တာ အဆောက်အအုံများ ပေါ်ထွက်လာနေသော ရွှေကုက္ကိုလ်ဒေသအား မြို့အဆင့် တိုးမြှင့်သတ်မှတ်ပေးရန် BGF ဘက်က ယခင်အစိုးရလက်ထက်ကတည်းက တင်ပြထားသော်လည်း လက်ရှိအချိန်အထိ တရားဝင်အသိ အမှတ်ပြု သတ်မှတ်ပေးခြင်းတစုံတရာ မရှိသေးကြောင်းလည်း သိရသည်။
ယင်းအပြင် အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှုကဲ့သို့ တရားမဝင်သည့် လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခဲ့သည့် စစ် တပ်အရာရှိ ၃ ဦးကိုလည်း အာဏာမသိမ်းမီက စစ်တပ်က အရေးယူခဲ့သေးသည်။