နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုဖြင့် စွပ်စွဲကာ တရားစွဲဆိုမှု ၄ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချခံရန် ယနေ့တွင် နေပြည်တော်ထောင်တွင်းတရားရုံးက ချမှတ်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်နေရာငှားရမ်းမှု၊ နေပြည်တော်ရှိ လရောင်တော စီမံကိန်းမြေနေရာငှားရမ်းမှု၊ လက်တွေ့စိုက်ခင်းနေရာငှားရမ်းမှုနှင့် စီမံကိန်းအတွင်း “L” ပုံစံအဆောက်အအုံတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက အဂတိလိုက်မှု ၄ မှုဖြင့် စွပ်စွဲကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းတရားစွဲဆိုမှု ၄ မှုတွင် အမှုတမှုလျှင် ထောင်ဒဏ် ၃ နှစ်စီချမှတ်သော်လည်း နေပြည်တော်ရှိ လရောင်တောစီမံကိန်းနှင့် ပတ်သက် သည့် အမှု ၃ မှုအတွက် ထောင်ဒဏ်အား တပေါင်းတည်းကျခံစေသည့်အတွက် စုစုပေါင်း ၃ နှစ်သာကျခံရမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဖောင်ဒေးရှင်းရုံးချုပ်နှင့် ပတ်သက်သည့်တမှုအတွက် ထောင်ဒဏ် ၃ နှစ်နှင့်ပေါင်းပါက စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မျှတမှန်ကန်မှု မရှိသည့်အတွက် ဥပဒေကြောင်းအရ အယူခံဆက်လက် တက်ရောက်ရန်လည်း မှတ်ချက်ပေးခဲ့ကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်ကလည်း စစ်ကောင်စီက စွပ်စွဲကာ တရားစွဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်မှတ်ခံထားရပြီး လက်ရှိတွင် နေပြည်တော်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦးတခုတွင် အကျဉ်းချခံထားရသည်။
ယင်းအပြင် အဆိုပါအမှုတွင် ပူးတွဲစွဲဆိုခံရသည့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်အား အမှုနှစ်မှုအား တပေါင်းတည်းကျခံစေသည့်အတွက် ထောင်ဒဏ် ၃ နှစ်၊ ဒုတိယမြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးရဲမင်းဦးအား တမှုအတွက် ထောင် ၃ နှစ်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးမင်းသူအား တမှုအတွက် ထောင် ၃ နှစ်ကျခံစေရန် ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် စီမံကိန်းများအတွက် အစိုးရထံမှ မြေငှားရမ်းမှုအား ထိုစဉ်က စည်ပင်သာယာရေးကော်မတီများ၏ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ပေးဆောင်ကာ ငှားရမ်းရယူခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီက အခွန်သတ်မှတ်ဈေး၊ ပြင်ပပေါက်ဈေးများနှင့် နှိုင်းယှဉ်ကာ နိုင်ငံတော်က ငွေကြေးနစ်နာဆုံးရှုံးမှုများရှိခဲ့သည်ဟု စွပ်စွဲပြီး တရားစွဲခြင်းဖြစ်သည်။
အာဏာသိမ်းပြီး မကြာခင်မှာလည်း စစ်ကောင်စီအနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးအား အကြမ်းဖက်စီးနင်ဝင်ရောက်ကာ ဖောင်ဒေးရှင်းပိုင် ပစ္စည်းများနှင့် နိုင်ငံတကာမှ လှူဒါန်းထားသည့် ငွေကြေးများအား သိမ်းဆည်းရယူခဲ့သည်။