သတင်း

ပေလိုစီခရီးစဉ် ၁၂ ရက်အကြာ ကန်ကွန်ဂရက်အမတ်များ ထိုင်ဝမ်ထပ်လာ

တရုတ်က ခြိမ်းခြောက်သော စစ်ရေးလေ့ကျင်မှုများ ပြုလုပ်ခဲ့ရသည့် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စ နန်စီ ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး ၁၂ ရက်အကြာ တနင်္ဂနွေနေ့တွင် အမေရိကန် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် ထိုင်ဝမ်သို့ ရောက်လာသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ကျင့်သုံးနေသော ထိုင်ဝမ်သည် တနေ့တွင် ၎င်းတို့ထိန်းချုပ်မှုအောက် ရောက်ရမည်ဟု တရုတ်က ကြေညာထားသည်။

ဦးဆောင်သည့် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မက်ဆာချုးဆက်မှ မစ္စတာ အက်မာကီ အပါအဝင် စုစုပေါင်း ၅ ဦးပါသော ကိုယ်စားလှယ်အဖွဲ့သည် သမ္မတ မစ္စ ဆိုင်အင်းဝန်၊ အခြားအရာရှိများနှင့် သာမက ပုဂ္ဂလိက ကဏ္ဍမှ လူများနှင့်ပါ တွေ့ဆုံပြီး ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှု လျှော့ချရေးနှင့် တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရေး အပါအဝင် ကိစ္စများကို ဆွေးနွေးမည်ဖြစ်သည်။

သြဂုတ်လ ၂ ရက်နေ့က မစ္စ ပေလိုစီ၏ ထိုင်ဝမ်ခရီးကို တရုတ်က ဒုံးကျည်များ၊ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များကို ထိုင်ဝမ်ပတ်ဝန်းကျင် ဝေဟင်နှင့်ရေပြင်သို့ ရက်အတန်ကြာစေလွှတ်ပြီး တုံ့ပြန်သည်။ တရုတ်အစိုးရသည် ထိုင်ဝမ်နှင့် ပြည်ပအစိုးရများ တရားဝင်ဆက်သွယ်ခြင်း၊ အထူးသဖြင့် မစ္စ ပေလိုစီ ကဲ့သို့သော အဆင့်မြင့် ကွန်ဂရက်ခေါင်းဆောင်များနှင့် ဆက်ဆံခြင်းကို ကန့်ကွက်သည်။

ထိုင်ဝမ်ရုပ်သံတခုက အမေရိကန်အစိုးရ လေယာဉ်တစီး တနင်္ဂနွေနေ့ည ၇ နာရီခန့်တွင် ထိုင်ဝမ်မြို့တော် တိုင်ပေရှိ ဆောင်ရှန်းလေဆိပ်သို့ ဆက်သက်လာသည်ကို ပြသသည်။ လေယာဉ်ပေါ်တွင်အခြားကွန်ဂရက်ဖွဲ့ဝင် ၄ ဦး ပါဝင်သည်။

ထိုင်ဝမ်သို့မရောက်မီက မစ္စတာ မာကီသည် တနင်္ဂနွေနေ့အစောပိုင်းတွင် သီးခြားလေယာဉ်ခရီးစဉ်ဖြင့် တောင်ကိုရီးယားနိုင်ငံ၊ တောက်ယွမ် နိုင်ငံတကာလေဆိပ်သို့ တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုးလ်နှင့် တွေ့ဆုံခဲ့သည်။

ထိုလေဆိပ်သည် ထိုင်ဝမ်သို့လေကြောင်းခရီးစဉ် ဝန်ဆောင်မှုပေးသော လေဆိပ်ဖြစ်သည်။ မစ္စတာ မာကီးသည် အထက်လွှတ်တော် အရှေ့အာရှ နိုင်ငံခြားဆက်ဆံရေးနှင့် နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေး ဆပ်ကော်မတီ ကော်မတီဥက္ကဋ္ဌဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့အဖွဲ့ဝင်များသည် ထိုင်ဝမ်ကို အမေရိကန် ထောက်ခံမှုအား ထပ်မံအတည်ပြုမည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့၏ အခြားအဖွဲ့ဝင်များမှာ ရီပတ်ဘလီကန် အောက်လွှတ်တော်ကိုယ်စားလှယ် အော်မူအာ အမ်မာတာ ကိုးလ်မန်း ရာဒီဝါဂျန်၊ အမေရိကန် ဆာမိုအာမှ ကိုယ်စားလှယ်တဦး၊ ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ်များဖြစ်သော ကယ်လိဖိုးနီးယားမှ ဂျွန် ဂါရာမန်ဒီနှင့် အလန် လိုဝန်သယ်နှင့် ဗာဂျီးနီးယားမှ ဒွန်ဘေးယားတို့ ပါဝင်သည်။

လွန်ခဲ့သော ဗုဒ္ဒဟူးနေ့က စစ်ရေးလေ့ကျင့်မှု ပြီးသွားပြီးနောက် တရုတ်စစ်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြား အလယ်မှတ်ကို နေ့စဉ် ကျူးကျော်ဝင်ရောက်နေပြီး တနင်္ဂနွေနေ့တွင် တရုတ်စစ်လေယာဉ် အနည်းဆုံး ၁၀ စီး ကျူးကျော်ဝင်ရောက်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

ထိုတိုက်လေယာဉ် ၁၀ စီးသည် တနင်္ဂနွေနေ့ ညနေ ၅ နာရီက ထိုင်ဝမ် ပတ်ဝန်းကျင်တွင် ထောက်လှမ်းတွေ့ရှိသည့် တရုတ်စစ်လေယာဉ် ၂၂ စီးနှင့် ရေတပ်သင်္ဘော ၆ စီးတွင် ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာတွင် ရေးသားသည်။

တရုတ်သည် မစ္စ ပေလိုစီ၏ ခရီးစဉ်ကို ထိုဝမ်အပေါ် ဖိအားပိုမိုပေးရန် အကြောင်းပြချက်အဖြစ် အသုံးပြုပြီး ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်းတွင် ငြိမ်းချမ်းတည်ငြိမ်မှု ပျက်စီးစေကြောင်း အိမ်ဖြူတော်မှ အာရှမူဝါဒ ဆိုင်ရာအရာရှိတဦးက ပြောသည်။

“တရုတ်ဟာ အလွန်အကျွံ တုံ့ပြန်ပြီး သူတို့လုပ်ရပ်ဟာ ရန်လိုပြီး တည်ငြိမ်မှုပျက်စီးစေကာ အရင်က မလုပ်ဖူးတဲ့ လုပ်ရပ်မျိုးဖြစ်တယ်” ဟု သမ္မတ ဘိုင်ဒင်၏ ဒုလက်ထောက် မစ္စတာ ကတ် ကမ်းဘဲလ်က သတင်းထောက်များကို ပြောသည်။

“တရုတ်က နှစ်ဘက်လုံးကတည်ငြိမ်မှု ထိန်းသိမ်းဖို့အချက်တခုအဖြစ် နှစ်ပေါင်း ၆၀ ကျော် လေးစားလိုက်နာတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိုင်ဝမ်ကြားက ဗဟိုမျဉ်းကို မလေးမစားလုပ်ဖို့ ကြိုးစားတယ်” ဟု သူက ပြောသည်။

အမေရိကန် ပြည်ထောင်စုသည် လက်နက်များ ရောင်းချခြင်း၊ ထိုင်ဝမ်အရာရှိများနှင့် ဆက်ဆံခြင်းဖြင့် ထိုင်ဝမ် လွတ်လပ်ရေး အင်အားစုများကို အားပေးနေသည်ဟု တရုတ်က စွပ်စွဲသည်။ အမေရိကန် ပြည်ထောင်စုကမူ ၎င်းတို့သည် ထိုင်ဝမ်လွတ်လပ်ရေးကို အားမပေးကြောင်းပြောပြီး ထိုင်ဝမ်နှင့် တရုတ်အကြား သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့သည် ထိုင်ဝမ်က တရုတ်နှင့် ငြိမ်းချမ်းစွာ ပူးပေါင်းသည်ကို လိုလားကြောင်း ကာလကြမြင့်စွာ ပြောကြားသော်လည်း လိုအပ်လျှင် အင်အားမသုံးဘဲ နေမည်မဟုတ်ကြောင်း ပြောသည်။

တရုတ်နှင့် ထိုင်ဝမ်တို့သည် ၁၉၄၉ ခုနှစ်က ပြည်တွင်းစစ်တွင် သီးခြားစီ ဖြစ်သွားသည်။ ထိုပြည်တွင်းစစ်တွင် ကွန်မြူနစ်တို့က တရုတ်ပြည်မကြီးကို သိမ်းပိုက်လိုက်ပြီး ရှုံးနိမ့်သည့် အမျိုးသားရေးဝါဒီများက ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာရသည်။

ပြီးခဲ့သည့် သောကြာနေ့က ပြောကြားရာတွင် မစ္စတာ ကမ်းဘဲလ်က အမေရိကန် ပြည်ထောင်စုသည် လာမည့်အပတ်များတွင် ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောများနှင့်လေယာဉ်များ စေလွှတ်မည်ဖြစ်ကြောင်း ထိုင်ဝမ်နှင့် ကုန်သွယ်ရေးအတွက် လမ်းပြမြေပုံတခု ရေးဆွဲမည်ဖြစ်ကြောင်း ပြောသည်။ ထိုလမ်းပြမြေပုံကို မကြာမီကြေညာမည်ဟု သူကပြောသည်။

ကိုးကား။ ။ Foreign Policy သတင်း More U.S. lawmakers visiting Taiwan 12 days after Pelosi trip

You may also like these stories:

ပေလိုစီ၏ ထိုင်ဝမ်ခရီးက သမ္မတ ရှီ အာဏာတည်မြဲရေး နောက်ဆုံးစာမေးပွဲဖြစ်နေ

ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်

ဂျိုးဘိုင်ဒင် ပထမဆုံး အာရှခရီး ဘာထူးလဲ

မြန်မာ ချန်ကေရှိတ်အပေါ် တရုတ်ကွန်မြူနစ်များ သဘောထား ဘာလဲ ဘယ်လဲ

ကမ်မလာဟားရစ်ရဲ့ အရှေ့တောင်အာရှ ခရီး ဘာလဲ

Loading