စစ်ကောင်စီလက်ထက် ပြီးခဲ့သည့်ရက်ပိုင်းမှ စ၍ စက်သုံးဆီဈေးများ အဆမတန် မြင့်တက်ပြီးနောက် မြို့ကြီးများ အပါ အဝင် တနိုင်ငံလုံးတွင် ဆီပြတ်တောက်မှုများ ရှိလာသဖြင့် စက်သုံးဆီ ဆက်တိုက် ပြတ်တောက်မှု ၃ ရက်ထက် ပိုလာပါက စက်ရုံ အလုပ်ရုံ လုပ်ငန်းများ ရပ်တန့်လာနိုင်သည့် အခြေအနေများ ရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
စစ်ကောင်စီက နိုင်ငံခြား ငွေကြေးဈေးကွက်ကို ထိန်းချုပ်လိုက်သည့်အပြင် ရေနံထွက်ပစ္စည်း ကြီးကြပ်ရေး ဦးစီးဌာန (PPRD)က ဈေးကွက်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချရာတွင် အကန့်အသတ်များနှင့် ထုတ်ပေးခြင်း၊ စစ်ခေါင်းဆောင် ကိုယ်တိုင်က စက်သုံးဆီ တင်သွင်းမှုကို လျော့ချမည်ဟု ပြောဆိုခြင်းတို့ကြောင့် ဈေးကွက်အတွင်း ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ကာ ပြည်တွင်း သုံးစွဲမှုကို လုံလောက်အောင် ဖြည့်ဆည်းမပေးနိုင်သည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။
လှိုင်သာမြို့နယ်ရှိ အထည်ချုပ် စက်ရုံ ပိုင်ရှင် တဦးက“တချို့ လျှပ်စစ်မီးက ၂၄ နာရီ မရတဲ့ ဇုန်တွေဆို တော်တော်ဒုက္ခ ရောက်ပါတယ်။ သူတို့ လိုအပ်ချက်က တနေ့တနေ့ အရမ်းကြီးတယ်။ စက်ရုံကလည်း ရပ်ထားလို့ မရတော့ ကျနော်တို့ လောင်စာဆီက အရေးကြီးပါတယ်။ ပြတ်သွားရင်တော့ စက်ရုံက ရပ်ထားရမယ့်အပိုင်း ရှိတယ်။ စနေနေ့ (ဩဂုတ် ၁၃) ရက်တုန်းကဆိုရင် ကျနော်တို့ စက်ရုံ အနေနဲ့ဆိုရင် ဖယ်ရီကားတချို့က ဆီမရှိလို့ မလာနိုင်ဘူး။ သွားရေး၊ လာရေး အ ခက်အခဲ ဖြစ်သွားတယ်။ စက်ရုံတွေမှာ လောင်စာဆီ ပြတ်တောက်မှုက သုံးရက်ထက် ပိုပြတ်လို့ မရဘူး။ ဒါက အကြမ်းဖျင်း ဖြစ်တယ်။ အဲဒီထက်ပြတ်ရင်တော့ တော်တော်များများက ခဏနားရမယ့် အနေအထား ရှိတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ စက်ရုံ အလုပ်ရုံများမှာ အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ရရှိမှု နည်းပါးသောကြောင့် လောင်စာဆီကိုသာ အားထားပြီး အများစုမှာ လည်ပတ်နေရသဖြင့် လောင်စာဆီ ပြတ်လပ်မှု ကြာလာလျှင် မှီခိုနေသည့် လုပ်ငန်းကွင်းစက်ကြီး တခုလုံး ရပ်တန့်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
စက်ရုံအလုပ်ရုံများမှာ ယခင်ကဲ့သို့ ဆီဆိုင်များတွင် ပုံးများ၊ ဆီပေပါများနှင့် ဝယ်ယူခြင်းကို စစ်ကောင်စီက တားမြစ်ထားသဖြင့် စက်ရုံ၊ အလုပ်ရုံများသို့ ဆီထည့်ရာတွင် ဆီဘောက်ဆာ အသေးများနှင့် လိုက်လံရောင်းချသူများထံမှ သာ သတ်မှတ်ဈေးထက် သယ်ယူခ ပိုပေး၍ ဝယ်ယူရပြီး ထိုသူများက လက်ရှိတွင် ဆီပြတ်လပ်မည်ဆိုသည့် ပြောဆိုမှုများ ရှိနေကြောင်း လုပ်ငန်းရှင်များ အသိုင်းအဝိုင်းက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ မြန်မာနိုင်ငံအတွင်း စက်သုံးဆီ တန်ချိန် ၆ သောင်း ရှိပြီး ဆီတင်သဘောင်္များလည်း ဆက်တိုက်ဝင်ရောက်ရန် ရှိနေကြောင်း သတင်းမီဒီယာများသို့ ယနေ့ ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် ပကတိအခြေအနေမှာ ပြင်ပတွင် စက်သုံးဆီ ဝယ်ယူ၍ မရသည့် အခြေအနေများ ဖြစ်ပေါ်နေပြီး ရန်ကုန်မှာပင် မနက် ၁၀ နာရီ ကျော်ပါက လိုသလောက် ဝယ်ယူ၍ မရသည့် အခြေအနေ ရှိနေသည်။
လက်ရှိ စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ရန်ကုန်တိုင်းတွင် ဓာတ်ဆီ ၉၂ တလီတာ ၂၃၂၀ ကျပ်၊ ၉၅ တလီတာ ၂၃၉၀ ကျပ်နှင့် ဒီဇယ်တလီတာ ၂၇၃၀ ကျပ် သတ်မှတ်ထားပြီး ဓာတ်ဆီဆိုင်တိုင်းတွင် လိုသလောက် ထည့်မရပေ။
ယခုလို ဆီ ပြတ်တောက်မှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီကမူ ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီ အ ရောင်းဆိုင်များကို ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်ပါက ကြီးကြပ်စစ်ဆေးပြီး အရေးယူမည်ဟု ယနေ့ (ဩဂုတ် ၁၅) ရက် မနက်ပိုင်းက ထုတ်ပြန်ထားသည်။
စက်သုံးဆီ လက်ကား ဖြန့်ချီသူ တဦးက “အရေးယူတော့လည်း ယူပေါ့။ ခံရုံပဲရှိတော့တယ်။ လိုင်စင်ဖျက်သိမ်းလည်း သိမ်း ပေါ့။ ဖမ်းလည်း ဖမ်းပေါ့။ စကစ ကိုယ်တိုင်က မပေးနိုင်ပဲ လုပ်နေတာဆိုတော့ ပြောရခက်ပါတယ်ဗျာ။ ကျနော်တို့လည်း မတတ်နိုင်တော့ဘူး။ဆီမှ ဝင်တာ မရှိဘဲနဲ့ သီလဝါမှာ တန်းစီပြီး ထုတ်နေရတုန်းပဲ ရန်ကုန်မှာလည်း ပြတ်သလို မန္တလေးမှာလည်း အခုဆို တချို့ဆိုင်တွေ ပိတ်တောင်ကုန်ပြီ”ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော်မှ လွဲ၍ ကချင်ပြည်နယ်၊ မွန်၊ ရှမ်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး 92 အမျိုးအစား စက်သုံးဆီ တမျိုးတည်းကိုသာ ကျပ် ၂၄၀၀ ကျော်ဖြင့် ဝယ်ယူ နေကြရသလို ဆီဆိုင်အများစုမှာလည်း ပိတ်ထားကြသည်။
ထို့ပြင် ရန်ကုန်တိုင်းမှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် စစ်ကောင်စီ PPRD မှ ထုတ်ပြန်ထားသည့် ဈေးထက် ၂ ဆခန့် ပေးပြီး ဝယ်ယူနေရသလို လိုသည့် ပမာဏလည်း ရရှိမှု မရှိကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် အငှားယာဉ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။
စား သောက်ဆိုင်လုပ်ငန်းများပါ ရပ်ဆိုင်းရမည့် အခြေအနေထိ ရှိလာသည်။
ရန်ကုန်မြို့ရှိ စားသောက်ဆိုင် ပိုင်ရှင် တဦးက“စားသုံးသူတွေက ကုန်ပစ္စည်းတွေ ဈေးတက်လို့ အရင်ကလောက် မစားနိုင် တော့ဘူး။ အရင်ကားနဲ့လာတဲ့သူကလည်း မောင်းဖို့ ဆီမရတော့ မလာတော့ဘူး။ တက္ကစီနဲ့ဆိုလည်း အရင် ၂၀၀၀ ကျပ် တန်ခရီးက အခုမရတော့ဘူး။ အဲဒီတော့ စားသောက်လုပ်ငန်းတွေဆိုလည်း လူမလာတော့တဲ့အခြေအနေနဲ့ ရင်ဆိုင် နေရတယ်။ ပြီးတော့ ကျနော်တို့ ဆိုင်တွေက လျှပ်စစ်မီး မရတော့ စက်သုံးဆီပဲ အားကိုးရတယ်။ ဘာလို့ဆို အသား၊ ငါး ၊ အသီးအရွက် အားလုံးအတွက်က အေးခဲထားဖို့ဆို လောင်စာဆီပဲ အားကိုးပြီးသုံးနေရတယ်”ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်နေ
ဝေးလံခေါင်ဖျားဒေသများ၌ စက်သုံးဆီနှင့် အခြေခံစားကုန်များ ပြတ်နေ
နိုင်ငံခြားငွေ ဈေးမြင့်မှု သွင်းကုန်ပစ္စည်းများပါ ဂယက်ရိုက်လာနိုင်
ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး