သတင်း

ရွှေတောသို့ အလုပ်သွားသည့် လူငယ် ၇ဦး PDF ဟုဆိုကာ သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဝန်းကြီး ကျေးရွာမှ ရွှေလုပ်ကွက်များသို့ အလုပ်လုပ်ရန် သွားသည့် လူငယ် ၇ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) များဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးပြီး နှိပ်စက် သတ်ဖြတ် လိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။

ယင်း လူငယ်၇ဦးသည် မိသားစုစားဝတ်နေရေးအတွက် ဩဂုတ် ၁၄ ရက်က ခင်ဦးမြို့မှ မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်ရှိ ရွှေလုပ်ကွက်တွင် အလုပ်လုပ်ရန် အသွား ရွှေဘိုမြို့ ကျောက်မြောင်းလမ်း အမှတ် ၂ ကျောင်းရှေ့ရှိ စစ်ဆေး ရေးဂိတ်၌ ဖမ်းဆီး၍ အမှတ် ၈ စစ်တပ် လေ့ကျင့်ရေးကျောင်းသို့ ခေါ်ဆောင်ကာ သတ်ဖြတ့်ပြီး အလောင်းများကို ရွှေဘို- မြစ်ကြီးနား လမ်းဘေးရှိ ရသာရွာ အနောက်ဘက် ဇရပ်အနီး၌ လာရောက် စွန့်ပစ်သွားခြင်း ဖြစ်ကြောင်းဒေသခံ များက ဆိုသည်။

ဒေသခံတဦးက “ကားကို တားပြီး စစ်ရင်းနဲ့ ယောက်ျားလေးတွေချည်းပဲ ဆိုတော့ ဖမ်းလိုက်တာပေါ့ဗျာ။ လက်၊ ခြေ ထောက်၊ ဒူးတွေမှာ ဆိုတာ ညိုမဲနေတဲ့ ဒဏ်ရာတွေ၊ ရှော့တိုက်ထားတာတွေ တွေ့ရတယ်။ ခင်ဦးက စစ်ကိုင်းထဲမှာ စစ်ကောင်စီကို တော်လှန်နေတော့ PDF ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လူငယ်မြင်ရင် ခင်ဦးကဆိုရင် ဖမ်းမယ်၊ ဆီးမယ် ဖြစ်နေတာ” ဟု ပြောသည်။

အသတ်ခံရသူများတွင် သတ္တမတန်းနှင့် နဝမတန်းကျောင်းသား နှစ်ဦးလည်း ပါဝင်ပြီး မင်းညီ (အသက် ၁၄ နှစ်)၊ ဇော်ဟိန်း ( အသက် ၁၅ နှစ်)၊ ကျော်သူဟိန်း (အသက် ၁၉ နှစ်)၊ ဖြိုးဝေစိုး (အသက် ၁၉ နှစ်)၊ မင်းကို (အသက် ၂၀ နှစ်)၊ နိုင်နိုင်း (အသက် ၂၂ နှစ်)၊ သူရထွန်း (အသက်၂၈ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။

ထို ၇ ဦး၏ ရုပ်အလောင်းများကို သြဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး ညနေပိုင်း၌ သဂြိုဟ်လိုက်ကြခြင်း ဖြစ်သည်။

ရုပ်အလောင်းများအား မျက်မြင်တွေ့ခဲ့သည့် ဝန်းကြီးရွာ ဒေသခံတဦးက “အတော့်ကို ကြောက်နေရတာပါဗျာ။ ရိုးရိုး သားသားလုပ်ငန်း သွားလုပ်တာတောင်မှ မလုပ်ရဲတဲ့ ဘဝမျိုးတောင် ရောက်နေပြီ။ PDF သင်တန်းတက်တယ်များ ထင်လား မသိဘူး။ သူတို့ မထင်ရင် မထင်သလို လုပ်နေတာ။ ရုပ်အလောင်းတွေမှာလည်း ကျည်ဆံရာလေးတွေနဲ့ ပေါ့ဗျာ။ မကြည့်ရက် မရှုရက်ပါ။ သွားသယ်တုန်း အသက်အန္တရာယ် လွတ်အောင်လို့ မနည်း ကတိုက်ကရိုက်နဲ့ ပြန်လာရတယ်” ဟု ပြောသည်။

သတ်ဖြတ်၍ စွန့်ပစ်ထားသည့် လူငယ် ၇ ဦး အလောင်းများ (ဓာတ်ပုံ- CJ)

အသတ်ခံရသူများထဲတွင် မင်းကိုနှင့် မင်းညီမှာ ညီအကိုဖြစ်ပြီး ရွာတွင် စပါးစိုက်ပျိုးပြီးနောက် ယခင်လုပ်ကိုင်ခဲ့ ဖူး သည့် အလုပ်ရှင်က ပြန်ခေါ်သဖြင့် ရွှေလုပ်ကွက်များသို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ၎င်းတို့ မိသားစုဝင်တဦးက ပြောသည်။

“လုပ်ငန်းလုပ်သွားတာတောင် ဒီလို သတ်ခံလိုက်ရတော့ စိတ်ထဲ မကောင်းဘူးပေါ့ဗျာ။ ငယ်သေးတယ်လေဗျာ။ မင်းကိုမှာဆို ၁ နှစ်အရွယ် ကလေးလေး ၁ ယောက် ကျန်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အမှတ် ၃၃ ခြေမြန် တပ်မဌာနချုပ် လက်အောက်ခံ အမှတ် ၁၁၊ အမှတ် ၁၂ ခြေမြန် တပ်ရင်းများ၊ အမှတ် ၄၂ ခြေလျင် တပ်ရင်းတို့ အခြေစိုက် လှုပ်ရှားနေကြသော်လည်း အမှတ် ၂ ကျောင်းရှေ့တွင် အဆိုပါ လူငယ် ၇ ဦးကို ဖမ်းဆီးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုမူ မည်သည့်တပ်ဖွဲ့ကဆိုသည်ကိုမူ အတည် ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

ခင်ဦးမြို့နယ်အတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိပြီး ဩဂုတ်လ ၁၃ ရက်က ခင်ဦးမြို့နယ်၊ ကံသစ်ရွာတွင် စစ်ကောင်တပ်က ပစ်လိုက်သည့် လက်နက်ကြီး ထိမှန်ပြီး ကောက်စိုက်နေသည့် ဒေသခံ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

ကျောက်တော်၌ စစ်တပ် လှုပ်ရှားနေသဖြင့် ဒေသခံများ ထွက်ပြေး

ဆယ်ဇင်းရွာကို စစ်ကောင်စီ မီးရှို့ ၊ အိမ် ၄၀၀ကျော်ပျက်စီး

ရေဦးတွင် စစ်တပ်ဝင်ပြီးနောက် အလောင်း ၁၁လောင်း တွေ့

Loading