သတင်း

ဟားခါးတွင် စစ်တပ်ကို ချင်းကာကွယ်ရေးတပ်များ ဝိုင်းတိုက်

ချင်းပြည်နယ်၏ မြို့တော် ဟားခါးနှင့် ထန်တလန်မြို့အကြား ဆက်သွယ်ထားသည့် လမ်းမကြီးကို စစ်ရေး အရ စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်များကို ချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်နေလျှက်ရှိသည်။

ဟားခါးမြို့နယ်အတွင်းရှိ Timit မြစ်ကူးတံတားကို အာဏာသိမ်းတပ်များ လက်နက်ခဲယမ်းနှင့် စစ်သည်များ တင်ဆောင် ဖြတ်သန်းနိုင်ခြင်း မရှိစေရန် ဒေသခံ ချင်းကာကွယ်ရေးတပ် (CDF) က ဇူလိုင်လကုန်ပိုင်းတွင် ဖောက်ခွဲဖျက်ဆီးထားသည်။

ဟားခါးနှင့် ထန်တလန် လမ်းမကြီးပေါ်ရှိ အဆိုပါ မြစ်ကူးတံတားကို ပြုပြင်ရန်အတွက် ဟားခါးမြို့ အခြေစိုက် အမှတ် ၂၆၆ ခြေလျင်တပ်ရင်းမှ ဇူလိုင်လကုန်ပိုင်းကတည်းက စစ်ကြောင်းထိုး၍ ကြိုးပမ်းနေသည့် အပေါ် ဒေသခံ ကာကွယ်ရေး တပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

တံတားပြုပြင်နိုင်ရေးအတွက် ခလရ ၂၆၆ သည် ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်း ထိုးခဲ့သော်လည်း ၎င်းတို့၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် မြေပြင်စစ်ကြောင်းသာမကဘဲ ဝေဟင်ကပါ ရဟတ်ယာဉ်များသုံး၍ ကြိုးပမ်းနေကြောင်း CDF ဟားခါး ပြောခွင့်ရပုဂ္ဂိုလ် က ဧရာဝတီသို့ ရှင်းပြသည်။

၎င်းက “သူတို့က တံတားနားက တောင်တန်းတွေမှာ နေရာယူပြီးတော့ တံတားကို ပြုပြင်ချင်တယ်ပေါ့။ အခုတိုက်ပွဲကတော့ ပြောက်ကျားတော့ မဟုတ်ဘူး။ တံတား ပတ်ပတ်လည်မှာက ကျနော်တို့ စခန်းတွေ ရှိတယ်။ အဲဒီနေရာတွေကို စစ်တပ်က လာထိုးတော့ တိုက်ပွဲ ဖြစ်နေတာပါ” ဟု ဆိုသည်။

Timit မြစ်ကူးတံတား ဝန်းကျင်တွင် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ် (CNA) နှင့် ချင်းဒေသ ကာကွယ်ရေး တပ် (CDF) များဖြစ်သော CDF-Zophei၊ CDF-Hakha၊ CDF-Thantlang၊ CDF-Lautu၊ CDF Mara နှင့် ချင်းကာကွယ်ရေး ပူးတွဲကော်မတီ (CJDC) မှ တပ်ဖွဲ့ဝင်များက တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း CDF သိရသည်။

ဟားခါးနှင့် ထန်တလန်ကြားတွင် သိမ်းဆည်းရရှိသော စစ်ကောင်စီ၏ လက်နက်တချို့ (ဓာတ်ပုံ- CDF)

CDF ဟားခါး ပြောခွင့်ရပုဂ္ဂိုလ် က “ဩဂုတ် ၁၅ ရက် တိုက်ပွဲကတော့ တော်တော် ပြင်းထန်တယ်ဗျ။ မနေ့ကတော့ ဟားခါးမှာ ရဟတ်ယာဉ် ၂ စီး လာချတယ်။ လက်နက်နဲ့ လူ လာချတာလား ဘာလားတော့ မသိဘူး။ အဲဒီနောက်တော့ လက်နက်ကြီးတွေနဲ့ ကျနော်တို့ဘက် ပစ်တာပေါ့။ လက်နက်ကြီးက မနားတမ်းပဲ။ တနေ့လုံးကို ပစ်တာ။ အရင်ကတည်းကလည်း လက်နက်ကြီးတွေ တောက်လျှောက် ပစ်နေတာ” ဟု ဆိုသည်။

ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၅ ဦး ကျဆုံးပြီး စစ်ကောင် စီ တပ်ဖွဲ့ဝင်များ ကိုင်သည့် MA-15 စက်သေနတ် ၁ လက်၊ ၇ ဒသမ ၆၂ ကျည်အချို့နှင့် MA-1 ချေမှုန်းရေး ရိုင်ဖယ် ၁ လက်တို့ ရရှိခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် The Chin Journal က ရေးသားသည်။

ဩဂုတ်လ ၁၆ ရက် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍လည်း လတ်တလော သတင်း မရောက်လာသေးသော်လည်း စစ်ကောင်စီ စစ်ကြောင်းသည် ဟားခါးမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာနေပြီဖြစ်ကြောင်း CDF ဟားခါး ဘက်က ပြောသည်။

CDF ဟားခါး ပြောခွင့်ရပုဂ္ဂိုလ် က “တိုက်ပွဲတွေကတော့ ပိုပြီး ပြင်းထန်လာမှာပါ။ သူတို့ မြို့ပြင်ထွက်တာနဲ့ ကျနော်တို့က သူတို့ကို တိုက်မယ်။ ဟားခါးမြို့ နယ်မှာဆိုရင် စစ်ခွေးတွေက ၂၆၆ တပ်ထဲမှာ ရှိတယ်။ ဟားခါးမြို့နယ် ဘုံဆိုးစခန်းမှာ ရှိတယ်။ ကျန်တာက CDF ဟား ခါးရဲ့ လက်အောက်မှာပဲ ရှိပါတယ်” ဟု ဆိုသည်။

You may also like these stories:

ရွှေတောသို့ အလုပ်သွားသည့် လူငယ် ၇ဦး PDF ဟုဆိုကာ သတ်ဖြတ်ခံရ

ပလက်ဝရှိ ခလရ၂၈၉ တပ်ရင်း ကာကင်းစခန်းများ AA တိုက်ခိုက်

Loading