စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားပြီးနောက် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် ရုပ်အလောင်း ၁၈ လောင်းထိ ရှာဖွေ တွေ့ရှိ ထားကြောင်း ဒေသခံ သတင်း ရင်းမြစ်များက ဧရာဝတီသို့ အတည်ပြုသည်။
ရင်ပေါင်တိုင်ရွာကို သုံးရက်အကြာ အကြမ်းဖက်စီးနင်းခဲ့သည့် စစ်ကြောင်းသည် ဩဂုတ် ၁၄ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားပြီးနောက် မီးရှိူ့ခံထားရသည့် ရုပ်အလောင်း ၇ လောင်းနှင့် ပုပ်ပွနေသော ရုပ်အလောင်း ၁၁ လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Young Ranger Force (YRF) မှ ကိုဗလက “စစ်ကောင်စီ တပ်စွဲသွားတဲ့ ဘုန်းကြီးကျောင်းထောင့်မှာ အလောင်း ၁ လောင်း တွေ့တယ်။ ဘယ်သူဘယ်ဝါ အတည်ပြုလို့ မရသေးဘူး။ ခန္ဓာကိုယ်မှာ ဘာအဝတ်အစားမှ မတွေ့ရ ဘဲ အတွင်းခံတထည်နဲ့ မြှုပ်ထားတာ။ ရွာသားတွေက မီးသဂြိုဟ် လိုက်ကြပြီ။ မီးရှို့ထားတဲ့အလောင်းတွေက အကြော်တဲမှာ တွေ့တယ်။ နောက်အလောင်းတွေက အိမ်တွေထဲမှာ၊ လမ်းတွေပေါ်မှာ၊ လယ်ကွင်းပြင်တွေမှာ တွေ့တာ” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ၁၈ ဦးအနက် မခိုင်ခိုင်ဝင်း (၁၂ နှစ်)၊ မအေးသူဇာနွယ် (၁၆ နှစ်)၊ ကိုသော်ဘုန်းနိုင် (၁၇ နှစ်)၊ ကိုငြိမ်းသူအောင် (၂၇ နှစ်)၊ ဦးဆောင်းဝင်းလတ် (၄၀ နှစ်)၊ ဦးပွကြီး (၄၂ နှစ် – စိတ်ကျန်းမာရေးမကောင်းသူ)၊ ဒေါ်ယဉ်မြင့် (၅၀ နှစ်)၊ ဦးမောင်မြင့် (၅၅ နှစ်)၊ ဒေါ်နွယ်နွယ်ဝင်း (၅၇ နှစ်)၊ ဒေါ်နီ (၆၇ နှစ်)၊ ဦးကျော်မွှေး (၇၀ နှစ်)၊ ဦးကျော်စိန်ဝင်း (၇၅ နှစ်) နှင့် ဒေါ်ခင်မြ (၈၂ နှစ်) တို့ ၁၃ ဦးကို အတည်ပြုနိုင်ပြီး ၃ ဦးမှာ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းများအနက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးတို့မှအပ ကျန် ၁၅ ဦးမှာ ဒေသခံ အရပ်သားပြည်သူများ ဖြစ်ကြောင်း သိရသည်။
ရွာအတွင်း လူသေရုပ်အလောင်းများအပြင် မြင်း ၇ ကောင်၊ နွား ၆ ကောင်နှင့် အိမ်မွေးခွေးများလည်း သေဆုံးနေပြီး အပုပ်နံ့ များ လှိုင်နေသဖြင့် ရွာအတွင်း ရှင်းလင်းရေးကို ရက်ခြားပြီး လုပ်ဆောင်နေရကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ပြောပြသည်။
ချင်းတွင်းရိုးမတပ်ပေါင်းစုကော်မတီမှ ဦးမြတ်ကိုက “ရာသီဥတုကပူတော့ အနံ့တွေက မခံနိုင်ဘူး။ ရှင်းတဲ့အဖွဲ့တွေကို ချိန်း လွှတ်ရတယ်။ ဓာတ်ပုံမှတ်တမ်းယူပြီး တာယာကွင်းတွေ မီးရှို့ပြီး ရှင်းယူရတယ်” ဟု ဆိုသည်။

ထို့ပြင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရလူနာ ၁၅ ဦးထိရှိပြီး ၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ရင်ပေါင်တိုင်ရွာ စီးနင်းခံရမှုတွင် ဆိုင်ကယ် ၆၅ စီး၊ ဆိုင်ကယ်နှင့် ကားဝပ်ရှော့ပြင်ဆိုင် ၁ ဆိုင်၊ ဆိုင်ခန်း ၆ ခန်းတို့ မီးရှို့ခံရပြီး အိမ်စီးကား ၄ စီး နှင့် ဘုန်ကြီးကျောင်းကား ၁ စီး ဖျက်ဆီးခံရကာ လက်နက်ကြီးကျည်ကျသဖြင့် နေအိမ် ၁၅ လုံး ပျက်စီးခဲ့ ကြောင်း သိရသည်။
သြဂုတ် ၁၄ ရက်တွင် အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် ပုလဲမြို့နယ် ပုထိုးသာရွာဘက်ကို စစ်ကြောင်း ထိုးလာသဖြင့် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါအဖွဲ့သည် ပုလဲမြို့ နယ်ထဲ၌ပင် ရှိသေးကြောင်း သိရသည်။
ပုလဲမြို့နယ် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ဦးဆောင်သူ ဗိုလ်နဂါးက သြဂုတ် ၁၁ ရက် ညပိုင်းတွင် ရွာထဲပိတ်မိ နေသည့် ရဲဘော်များအား ကယ်ထုတ်ခဲ့ကြောင်း၊ ၁၂ ရက်တွင် စစ်ကောင်စီ သိမ်းထားသည့် လက်နက်များအား ပြန်လုရန် တိုက်ပွဲ ၁ ကြိမ် ဖြစ်ခဲ့ကြောင်း၊ ၁၃ ရက်တွင် ရွာများအတွင်း စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ၁ ကြိမ် ထပ်ဖြစ်ကြောင်း၊ ၁၄ ရက်တွင် ပုလဲဘက်ကို ဦးတည်လာသဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရှင်းပြသည်။
ဗိုလ်နဂါး က “အာဏာသိမ်းထားတဲ့အုပ်စုက ပြည်သူလူထုကို လုံးဝ မျက်နှာမမူတော့ဘူး။ သူတို့ကိုယ်သူတို့ စစ်တပ်တခု မဟုတ်တော့ဘူး။ မိစ္ဆာအဖွဲ့အစည်း ဖြစ်နေပြီဆိုတာကို ပြောင်ပြောင်းတင်းတင်း ဝန်ခံတဲ့ဖြစ်စဉ်တွေ ဆင့်ကဲဆင့်ကဲ တွေ့နေရတယ်။ သူတို့ကိုယ်သူတို့ ယူနီဖောင်းနဲ့ ဂုဏ်သိက္ခာရှိရှိ အခြေအနေကနေ စွန့်ခွာသွားပြီ။ ယူနီဖောင်းမှအစ မဝတ်တော့ဘဲ စိတ်ဓာတ်၊ အမူအကျင့်တွေက ရက်စက်ယုတ်မာတာကို ဦးတည်သွားနေတဲ့ ပရမ်းပတာ အဖွဲ့အစည်း တခု အဖြစ်နဲ့ပဲ တွေ့နေရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရင်ပေါင်တိုင်ရွာအပြင် တခြားသောရွာများမှ ဒေသခံ ၂၀ ကျော် ကိုလည်း ယနေ့ အချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းမှစ၍ စစ်တပ်က ရင်ပေါင်တိုင်ရွာ အနီးတဝိုက်ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် စက်သေနတ်များ အသုံးပြု ပစ်ခတ်သကဲ့သို့ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွာထဲ၌ ၃ ရက်ကြာ တပ်စွဲခဲ့သည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ ရင်ပေါင်တိုင်ရွာသို့ ရောက်ရှိနေသည်ဟူသော သတင်း ကြားပြီးနောက် စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာကွယ်ရေး အဖွဲ့ ရွာသို့ရောက်ရှိပြီး ၁၅ မိနစ် အကြာတွင် စစ်တပ်က စီးနင်းလာသည့်အတွက် ဒေသခံ အများအပြား ရွာအတွင်း ပိတ်မိခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်မ ၃၃၊ ၇၇ နှင့် ၉၉ တို့ စစ်ကြောင်း ထိုးလေ့ရှိသော်လည်း ယခုတခေါက်လာရောက် သည့် စစ်ကြောင်းမှာ မည်သည့်တပ်မက ဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် အဆိုပါ စစ်ကြောင်း၌ ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းနှင့် အင်မထီးရွာမှ ပျူစောထီးများလည်း ပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ရင်ပေါင်တိုင်ရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)/ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ရှိနေသည်ဟူသော သတင်းပေးမှုကြောင့် စီးနင်းရာတွင် ဒေသခံ PDF ၇ ဦး သေဆုံးပြီး M-22 သေနတ် ၅ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၂ လက်၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၈ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်နှင့်ဗုံးသီးများ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ သတင်းများကို ရေးသား ဖော်ပြလေ့ရှိသည့် တယ်လီဂရမ် ချန်နယ်များ၌ ဖော်ပြထားသည်။

ဩဂုတ် ၁ ရက်မှ စတင်ကာ ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း၊ ရေဦး၊ မြင်းမူ၊ အရာ တော်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဩဂုတ် ၁ ရက်မှ ၆ ရက် ထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ဒီပဲယင်းနှင့် မြင်းမူ၌ ဒေသခံပြည်သူ များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၆ ဦးထိ သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်