သတင်း

ရန်ကုန်၊ မွန်နှင့် ကယားတို့တွင် ရေကြီးရေလျှံ၍ ပြည်သူများ စားသောက်ရေး အခက်ကြုံ

မုတ်သုံမိုးအားကောင်းကာ သည်းထန်စွာ ရွာသဖြင့် ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နေရာ တချို့တို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်နေရာ ရေဘေးသင့် ပြည်သူများ စားသောက်နေထိုင်ရေး အခက်ကြုံနေကြောင်း သိရသည်။

ရန်ကုန်မြို့တဝိုက်တွင် ယမန်နေ့ညပိုင်းကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေရာ မရမ်းကုန်းမြို့နယ်တွင် မိုးရေချိန် လက်မ ၆ ဒသမ ၆၉ အထိ ရှိခဲ့သလို မင်္ဂလာဒုံမြို့နယ်တွင် ၅.၅၅ လက်မ၊ ခရမ်းမြို့နယ်တွင် ၉.၄၁ လက်မအထိ စံချိန် တင်ခဲ့သဖြင့် လသာ၊ လမ်းမတော်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ကမာရွတ်၊ မရမ်းကုန်၊ မြောက်ဥက္ကလာ၊ အလုံ၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ကမာရွတ်၊ သန်လျင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်း ကျွန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဗဟန်း စသည့် မြို့နယ်အများစုတွင် ရေကြီးရေလျှံမှု ဖြစ်နေသည်။

ရန်ကုန်မြို့ခံတဦးက “နှစ်တိုင်း ရေတက်ပေမယ့် ဒီတခေါက်တော့ တော်တော် ဆိုးတယ်။ အဓိကက ရာသီဥတု သတင်း ကို ဘာဆိုဘာမှ မသိရဘူး။ အရင်တုန်းကဆို ကြိုပြီး သိရတော့ ဘယ်လောက်တက်မယ် ဆိုရင် ခန့်မှန်းလို့ ရခဲ့တော့ ပစ္စည်းတွေ ရွှေ့နိုင်တာလေးတွေ ရွှေ့လို့ရတာပေါ့။ အခုက ဘာမှ မသိတော့ ဘာမှ မရွှေ့နိုင်ဘူး။ လမ်းတောင် ကောင်း ကောင်း သွားလို့မရဘူး။ အရေးထဲ မီးကပါ ပြတ်တယ်” ဟု ဆိုသည်။

ယခင် အရပ်သား အစိုးရ လက်ထက်တွင် ရာသီဥတု သတင်းများ ထုတ်ပြန်နေခြင်းကို ပြည်သူများအနေဖြင့် အာရုံစိုက် နိုင်သော်လည်း အာဏာသိမ်းပြီးနောက် ပဋိပက္ခ အခြေအနေများကိုသာ အာရုံစိုက်နေရသဖြင့် သဘာဝဘေး ဖြစ်လာ ပါက ကြိုတင်ပြင်ဆင်နိုင်မှု အားနည်းနေသလို စစ်ကောင်စီခန့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့် ရေစီး ရေလာ ကောင်းမွန်ရန် လုပ်ကိုင်မှု နည်းပါးကြောင်း သိရသည်။

အင်းစိန်မြို့နယ်နေ ပြည်သူတဦးက “အခုက မိုးများတာကလည်း တကြောင်း၊ ရေမြောင်းတွေ ပိုပိတ်လာလို့လား၊ ရေမြောင်းတွေ မဆယ်ကြတော့လို့လား ဆိုတာလည်း တွေးမိပါတယ်။ ကျမတို့ နေတဲ့ နေရာဆို တခါမှ ဒီလို ရေကြီး တာတွေ မကြုံဖူးဘူးရှင့်။ အခုက အိမ်ထဲထိ ရေဝင်တာက ဒီနှစ် ပထမဆုံးပါ။ အရင်က ဘယ်လောက် မိုးများများ ဒီလို ရေမတက်ဘူး။ အခုက မတက်စဖူး နေရာတွေလည်း အကုန် ရေမြှုပ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်မြို့ရှိ ရေဘေးသင့်ပြည်သူများကို ရပ်ကွက်နေ ပြည်သူအချင်းချင်း အထပ်မြင့်ရှိရာ အဆောက်အအုံများသို့ ပြောင်းရွှေ့ခြင်း၊ ထမင်းထုပ် ဝေငှခြင်းများကို လုပ်ဆောင်နေသည်ကို တွေ့ရပြီး လူကယ်ပြန်ဟု အများက ခေါ်သည့် စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ကူညီမှု မတွေ့ရကြောင်း သိရသည်။

မွန်ပြည်နယ်နှင့် ရန်ကုန်မြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- ဧရာဝတီ)

မိုးများသည့်အပြင် ဒီရေတက်ခြင်းပါ ဖြစ်ပေါ်နေသဖြင့် မြို့တွင်းရှိ ချောင်းများ၊ မြောင်းများမှ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းများအတွင်း စီးဝင်သည့် မြစ်ထွက်ပေါက် ရေတံခါးများကို ပိတ်၍ ရေစုပ်စက်များဖြင့် မြို့တွင်းမှ ရများကို မြစ်ထဲသို့ ပြန်လည် စုပ်ထုတ်ခြင်းများ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ အနီးတဝိုက် ယခု ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၆ ဒသမ ၆၉ ထိရှိခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ် တင်ခဲ့ခြင်းဖြစ်ကာ ယခင်က စံချိန်တင် မိုးရေချိန်လက်မမှာ ၅ ဒသမ ၈၇ လက်မဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အလားတူပင် ယမန်နေ့ကစပြီး မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင်မြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများအပြင် မြေပြိုမှုများ၊ လမ်းမြေသားပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိသည်။

မော်လမြိုင်မြို့ပေါ် ရှိ သီရိမြိုင်၊ လှိုင်၊ သာယာအေး၊ ရွှေပြည်အေး၊ ဇေယျာမြိုင်၊ ဇေယျာသီရိ အစရှိသဖြင့် ရပ်ကွက် ၆ ခု မြေနိမ့်ပိုင်းတွင် ရေနစ်မြုပ်နေပြီး ပြည်သူအချို့ ဘေးလွတ်ရာများ ဖြစ်သည့် ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းတို့တွင် ပြောင်း ရွှေ့နေရကြောင်း ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူများထံမှ သိရသည်။

မွန်ပြည်နယ်နှင့် ရန်ကုန်မြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- ဧရာဝတီ)

မော်လမြိုင် လူမှုကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူက “လက်ရှိ မိုးလည်း ရွာနေတယ်။ ရေကလည်း ရှိနေသေး တယ်။ ရေက ၃ ပေလောက် အိမ်ထဲကို ဝင်နေတာ။ အိမ်ထဲမှာ နေလို့ကို မရတာ။ ၂ ထပ်ရှိတဲ့ အိမ်တွေကတော့ အပေါ် ထပ် တက်နေကြတာပေါ့နော်။ တချို့ကျတော့လည်း ဘယ်လိုမှ ခေါ်လို့ မရဘူး။ တချို့အိမ်တွေကျတော့လည်း သက်ဆိုင်ရာ ရေဘေး ကယ်ဆယ်ရေးစခန်းမှာ လိုက်နေကြပါတယ်” ဟု ပြောသည်။

မော်လမြိုင်မြို့က ရေဘေးသင့် ပြည်သူများအနေဖြင့် စားသောက်ရေး အခက်အခဲကို အဓိက ကြုံနေရပြီး အရပ်ဘက် လူမှုကယ်ဆယ်ရေး အဖွဲ့များက ထမင်းနှင့်ဟင်းများ ချက်ပြုတ်ကာ လိုက်လံ ဝေငှနေကြောင်း သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခြင်းကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကလော့ကျေးရွာတွင် တောင်စောင်းမြေသား ပြိုကျမှုကြောင့် နေအိမ် ၄ လုံးနှင့် အုပ်ချုပ်ရေးမှူးရုံး ၁ လုံး တို့ ပြိုကျပျက်စီးခဲ့ကြောင်း ချောင်း ဆုံမြို့နယ် ကြက်ခြေနီအသင်းက သိရသည်။

ထို့ပြင် အဆိုပါ ကျေးရွာတွင်ပင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံး ပျက်စီးခဲ့သော်လည်း ဘေး လွတ်ရာသို့ ရွှေ့ပြောင်းထားသည့်အတွက် ဒေသခံ ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၊ နှီးပဒေါ်ရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်း၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း ပိုင်းနှင့် ရေးမြို့နယ် စံပြ-မော့ကနင်းကျေးရွာကြားတွင် ရေး-မော်လမြိုင် ကားလမ်း ရေကျော်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ရေး- မော်လမြိုင်ကားလမ်း ရေလျှံမှုကြောင့် ယမန်နေ့က ကားကြီးများသာ ဖြတ်သန်းနိုင်သည့်အတွက် အိမ်စီးကား များ ပိတ်မိနေခဲ့ပြီး ယနေ့တွင်မူ လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်များက ကားငယ်များ ဖြတ်သန်းသွားလာနိုင်ရေး အတွက် အတားအဆီးများ ပြုလုပ် ကူညီပေးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့ ရေဘေးကယ်ဆယ်ရေးများ ပြုလုပ်ရာတွင် ယခင်က ပရဟိတအဖွဲ့များသာမက ပြည်သူများပါ အချင်းချင်း ဝိုင်းဝန်း ကူညီကြသော်လည်း ယခုအခါ အရပ်ဘက်ကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့များသာ တွေ့မြင်နေရကြောင်း ဒေသခံများက ဆိုသည်။

မော်လမြိုင်မြို့ ဒေသခံ တဦးက “အခုနောက်ပိုင်းကတော့ အရပ်ဘက် ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေပဲ အဓိက လုပ်တာ တွေ့တယ်။ စစ်ကောင်စီဘက်က လာတာဆိုလို့ မီးသတ်လောက်ပဲ ရှိမယ်။ အရပ်ဘက်တွေကလည်း အဓိက ပြည်သူတွေ အခက်အခဲဖြစ်ရင် ကူညီတဲ့ ပုံစံမျိုးနဲ့ သွားတာပဲ။ အခက်အခဲ တခုရှိတာကတော့ ညပိုင်းပေါ့။ ညပိုင်းတွေ သွားလာတဲ့ အခါမှာတော့ စစ်တာဆေးတာ မေးမြန်းတာ နေရာတိုင်းမှာတော့ ရှိတယ်” ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံမုန်တိုင်းငယ် တခု အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက်သို့ ရွေ့လျား အဆုံးသတ် နိုင်ခြင်း၊ နောက်ထပ် မုတ်သုံလေဖိအားနည်းဆဲလ်တခု ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ထပ်မံဖြစ်ပေါ်လာနိုင် ခြင်း၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပြီး ကမ်းရိုးတန်း ဒေသများတွင် မိုး သည်းထန်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်နှင့် ရန်ကုန်မြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- ဧရာဝတီ)

အထူးသဖြင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးရေလျှံ ရေကြီးမြေပြို ဘေးကြုံ တွေ့နိုင်သကဲ့သို့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်များတွင် မြစ်ရေများ အနည်းငယ် ဆက်လက်မြင့်တက်လာနိုင် ပြီး ရေကြီးမှုဘေးအန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း သတိပေးထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ၁၃ ဒသမ ၉၄ လက်မ၊ ပေါင်မြို့တွင် ၁၀ ဒသမ ၉၈ လက်မ၊ ချောင်းဆုံမြို့တွင် ၁၀ ဒသမ ၈၃ လက် ရေးမြို့နှင့် မုဒုံမြို့ တို့တွင် ၉ ဒသမ ၂၉ လက်မ၊ မော်လမြိုင်မြို့တွင် ၉ ဒသမ ၂၁ လက်မ ၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ၆ ဒသမ ၆၉ လက်မ၊ မင်္ဂလာဒုံမြို့နယ်တွင် ၅ ဒသမ ၅၆ လက်မနှင့် ကြာအင်းဆိပ်ကြီးမြို့ တွင် ၄ ဒသမ ၉၆ လက်မ တို့ရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းတွင်လည်း မိုးသည်း ထန်ရွာသွန်းခဲ့ခြင်းကြောင့် ဆောင်ဒူကျေးရွာအနီး ဒီးမော့ဆို- တောင်ငူလမ်းပိုင်းတွင် စစ်ဘေးရှောင်မိသားစုများ ခိုလှုံနေသည့် နေရာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ဒေသခံတဦးက “အဲဒီနေရာက တောင်ကြားမှာ ကားလမ်းဖြစ်နေတော့ မိုးရွာရင် ရေမြုပ်တယ်။ အခုက မိုးတအား များတော့ ရေပြည့်သွားတာပေါ့။ အဲဒီ အနီးအနား ပတ်ဝန်းကျင်မှာလည်း စစ်ဘေးရှောင်တွေက တဲလေးတွေ ထိုးပြီး နေကြတာ။ ရေက သွားစရာ နေရာမရှိဘဲ တချို့ အိမ်မြုပ်တဲ့ သဘောဖြစ်တာပေါ့” ဟု ပြောသည်။

ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအား အလွန်ကောင်းနေ၍ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာ ရီတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးဇလက ထုတ်ပြန်ထားသည်။ နောက် ရက်များတွင်လည်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် မိုးဆက်လက် ရွာမည် ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ထို့အပြင် ဒီရေမြင့်တက်ချိန် ဖြစ်သဖြင့် ရေပြန်ကျရန် မလွယ်ကူသေးကြောင်း ခန့်မှန်းပြောဆိုမှုများလည်း ရှိသည်။

You may also like these stories:

ရေဘေးသင့် တောင်ပေါ်မြို့ ပြင်ဦးလွင်

စစ်အုပ်ချုပ်ရေးကြောင့် ရာသီဥတုပြောင်းလဲမှု ရိုက်ခတ်ချက် ပိုမိုဆိုးရွားနိုင်

ငလျင်များကြောင့် ကမ်းခြေတလျှောက် ရေဘေးသတိပြုရန် ပညာရှင်များ သတိပေး

ဧရာဝတီမြစ်ရေတက်၍ ဗန်းမော်၊ ရွှေကူ၊ ကသာမြို့များတွင် ရေနစ်မြုပ်ကာ အခက်အခဲများ ကြုံ

Loading