သတင်း

ရနောင်း၌ ပိတ်မိနေသည့် မြန်မာအလုပ်သမား ၁၆၀ ကျော် စားသောက်ရေး ခက်ခဲနေ

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားများက ခေါ်လာသည့် မြန်မာ ၁၆၆ ဦးအရေး အလုပ်သမား သံအရာရှိရုံးက ကူညီမည်ဟု ဆိုသော်လည်း ယခုတိုင် အလုပ်အကိုင်မရသဖြင့် စားသောက်ရေးခက်ခဲနေကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အမျိုးသား ၁၀၀ နှင့် အမျိုးသမီး ၆၆ ဦးတို့ ပါဝင်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့မှ ဖြစ်ကြောင်း၊ မေလနှင့် ဇွန်လတို့အတွင်းက ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ နှစ်နိုင်ငံ သဘောတူနယ်စပ် ဖြတ်သန်းခွင့် လက်မှတ် (Border Pass) ဖြင့် ပွဲစားများ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံဘက်သို့ ရောက်သော်လည်း အချိန်မီ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လုပ်ဆောင်ပေးခြင်း မရှိသည့် အပြင် အလုပ်အကိုင်လည်း ရှာဖွေ မပေးကြောင်း၊ လက်ရှိအချိန်တွင် ၎င်းတို့ အဆောက်အအုံတခု၌ ထားရှိကြောင်း သိရသည်။

ပွဲစားများက ထိုင်းနိုင်ငံသို့ ရောက်ပြီး တပတ်ကြာလျှင် အလုပ်ရမည်ဟု အာမခံသဖြင့် ကျပ် ၁၇သိန်းပေးခဲ့ရကြောင်း၊ ယခု ၂လခန့် ကြာသော်လည်း အလုပ်မရသေးကြောင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ လာရောက်သည့် ကိုအောင်ခန့် ကျော် ပြောသည်။

“အခန်းကျဉ်းကျဉ်းလေးကို လူတွေကို စုပြုံပြီးထားထားတာ။ ၁၀၀ ကျော်ကို ခွဲခွဲပြီးတော့ ထားတယ်။ ရောက်စကတော့ ထမင်းတနပ်ကျွေးတယ်။ နောက်ရက်လည်းကျရော ထမင်းစားဖို့ တယောက်ကို ဘတ် ၅၀ ပေးရမယ်။ ကျနော်တို့က လင်မယား ၂ယောက်ဆိုတော့ ၁၀၀ ပေးရတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူဆို ထမင်းမဝေဘူး။ စာရင်းကောက်တယ်။ ပိုက်ဆံပေးနိုင်တဲ့သူပေး မပေးနိုင်တဲ့သူဆို ထမင်းမဝေဘူး” ဟု ပြောသည်။

ယင်း မြန်မာအလုပ်သမား ၁၆၆ ယောက်တို့သည် ထိုင်းအစိုးရမှ ပြုလုပ်ပေးမည့် အလုပ်လုပ်ခွင့်လက်မှတ်များ ရရန် ပွဲစားများထံ မြန်မာငွေကျပ် ၁၇ သိန်းမှ ၂၄ သိန်း ထိပေး၍ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

၎င်းတို့ ကိုင်ဆောင်လာသည့် နယ်စပ်ဖြတ်သန်းခွင့် (Border Pass)မှာ ယခင်က ၇ ရက် သွားလာ လည်ပတ်ခွင့်ပြုခဲ့ သော်လည်း၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ၂ ည အိပ် ၃ ရက်ဖြင့်သာ ဝင်ထွက်ခွင့် ဖြတ်သန်းသွားလာ ခွင့်ပြုထားသည်။

ရနောင်းမြို့မှ မိတ္တသဟာရအလုပ်သမားရေး ကူညီဆောင်ရွက်ရေးအဖွဲ့ မှ ကိုသားကျော်က “ကျနော်တို့အဖွဲ့တွေတော့ သူတို့တွေကို အစားအသောက်တွေ သွားပေးပြီး ကူညီခဲ့ကြသေးတယ်။ သံရုံးကတော့ တခေါက်ရောက်လာပြီး ပြီးသွား ရော။ နောက်ပိုင်းကျ ဖုန်းဆက်လည်းမကိုင်တော့ဘူး။ အကြောင်းလည်း မကြားလာတော့ဘူး” ဟု ပြောသည်။

သို့သော်ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အလုပ်သမား သံအရာရှိရုံးမှ တာဝန်ရှိသူများက ၎င်းအလုပ်သမားများနှင့် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ပြီး နေရပ်ပြန်လိုခြင်း ရှိမရှိ၊ အလုပ်လုပ်ကိုင်လိုခြင်း ရှိမရှိ မေးမြန်း၍ ဥပဒေဆိုင်ရာ အကာကွယ်နှင့် ထိုင်းအလုပ် အကိုင်ဌာနတွင် စာရင်းပေးသွင်းကာ အလုပ်ခန့်ပေးရေးနှင့် စားဝတ်နေရေး ကူညီဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားသည်။

ရနောင်းမြို့ရှိ မြန်မာများက ယင်းအလုပ်သမားများထံ သွားရောက်ကာ ကူညီစဉ်

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီအနေဖြင့် ရနောင်းမြို့အလုပ်သမားသံအရာရှိထံသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ (AAC) မှ ကိုရဲမင်းက “သံအရာရှိရုံးက ထုတ်ပြန် ကြေညာထားတာ တော့ အလုပ်သမားတွေက အလုပ်လုပ်ခွင့် ပန်းရောင်ကတ်အတွက် နာမည်စာရင်း ဝင်ပြီးသား ဖြစ်တယ်။ အလုပ် အကိုင် တွေလည်း ရဖို့အတွက် စီစဉ် ထားပြီးသား ဖြစ်တယ်။ စားဝတ်နေရေးလည်း သံရုံးဘက်က တာဝန်ယူ ကျွေး မွေးခဲ့တယ်ဆိုပြီး ရေးထားတာ ရှိတယ်။ ဒါပေမယ့် အခုချိန်ထိ သူတို့ပြောတဲ့အတိုင်းလည်း အလုပ်အကိုင် မရသေးဘူး။ ပြီးတော့ နေထိုင်ခွင့် ပန်းရောင်ကတ် ကိစ္စတွေလည်း ဘာမှန်းမသိသေးဘူး။ အခုထိ သူတို့ အဲ့ဒီအဆောက်အအုံ ထဲမှာ ပဲ ရှိပါသေးတယ်” ဟု ပြောသည်။

ယင်း မြန်မာနိုင်ငံသား ၁၆၆ဦးသည် အဆောက်အအုံတလုံးတွင် ပိတ်မိနေပြီး အချိန်ကာလကြာလာသည်နှင့်အမျှ စား ဝတ်နေရေးလည်း ခက်ခဲလာသဖြင့် အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ (AAC) အဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက “ထိုင်းဘက်က ပွဲစားကနေ ဒီဘက်မှာ ပန်းရောင်ကတ်ရမယ်ဆိုပြီး ခေါ်သွားလာတာ။ အများစုကို ဘတ် ၂ ထောင်ပေးပြီးတော့ Border Pass တွေ လုပ်ပေးလိုက်တယ်။ မြန်မာပြည်ဘက်ကို ပြန်မလာဘူးဆိုရင် အဲဒီ ၂ ထောင် အဆုံးပဲ။ အများစုက Border Pass ကတော့ ရှိနေတယ်။ တခြား အထောက်အထား မရှိတော့ အကူအညီတောင်း တာတွေ ရှိလာတာ။ ပန်းရောင်ကတ်ကလည်း ချက်ချင်းလုပ်လို့ ရတာမျိုး မဟုတ်တော့ လူတအုပ်စုလုံးနဲ့ ကျတော့ ခက်ခဲကုန်တာပဲ” ဟု ပြောသည်။

ယခုအခါ ၎င်းတို့အား ခေါ်လာသည့် မြန်မာနှင့် ထိုင်း လူပွဲစားများကို ယခုအခါ ရှောင်တိမ်းနေသဖြင့် အရေးယူရန် လို ကြောင်း၊ အရေးယူမှသာ နောက်နောင် ထိုသို့သော ကိစ္စများ မပေါ်ပေါက်မှာ ဖြစ်ကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အလုပ်သမားဌာနက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ (AAC) မှ ကိုရဲမင်းကပြောသည်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအပါအဝင် ကမော္ဘဒီးယား၊ လာ အိုနှင့် ဗီယက်နမ် နိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်း နယ်မြေတခုထဲ၌ အလုပ် လုပ်ကိုင်၍ ရသည့် အလုပ် လုပ်ကိုင် ခွင့် လက်မှတ်အား ဩဂုတ်လ ၁ ရက်မှ ဩဂုတ်လ ၁၅ ရက်ထိ လုပ်ဆောင်ပေးလျက် ရှိသည်။

အဆိုပါ အလုပ် လုပ်ခွင့်လက်မှတ် လုပ်ပေးသည်ဆိုသည့် သတင်းများကြောင့် ထိုင်းနိုင်ငံအတွင်း နေ့စဉ်ရာနှင့်ချီသည့် အလုပ်သမားများ ဝင်ရောက်လာနေကြပြီး နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံနေရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်၍ ယင်းနှစ်ကုန်ပိုင်းအထိ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးခံရသူ ၆၀၀၀၀ နှင့် ၈၀၀၀၀ ကြား ရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်အစပိုင်းမှ ဩ ဂုတ်လ ၁ ရက်ထိ ဖမ်းဆီးခံရသူ ၄၁၅၀၀ ကျော်ရှိကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

You may also like these stories:

မရေရာသည့် အနာဂတ်ကြောင့် ရေကြည်ရာ မြက်နုရာသို့

ထိုင်းတောင်ပိုင်းရှိ အချုပ်ကျမြန်မာနိုင်ငံသားများ ငွေကြေးလိမ်လည်ခံရ

ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ်ကိုင်အခွင့်အလမ်း ဆိုးရွားစွာဆုံးရှုံးနေဟု ILO ဆို

Loading