သတင်း

စစ်ကောင်စီကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း UN အထူးသံပြော

ကုလသမဂ္ဂ (UN) အထူးသံတမန် အနေဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ခြင်းသည် စစ်ကောင်စီအပေါ် တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ က ပြောသည်။

စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ကုလသမဂ္ဂအထူးသံတမန်၏ ခရီးစဉ်မှာ မြန်မာနိုင်ငံအစိုးရ နှင့် တရားဝင် တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံမှုမှတဆင့် ကောင်းမွန်သည့်ရလဒ်များရရှိရန် မျှော်လင့်ကြောင်း ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မစ္စနိုလင်းဟေဇာသည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ယမန်နှစ် အောက်တိုဘာလအတွင်းက ခန့်အပ်ခံရပြီး နောက် မြန်မာနိုင်ငံသို့ ဩဂုတ် ၁၇ ရက်တွင် ပထမဆုံးအကြိမ် ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မစ္စနိုလင်းဟေဇာက “ကျမရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုကိုဖော်ပြပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ ပဋိပက္ခတွေ ကို လျှော့ချဖို့လိုအပ်တဲ့ ခိုင်မာတဲ့ခြေလှမ်းတွေကို အဆိုပြုပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုဟာ ဘယ်လို တရားဝင် မှုမှ ပေးတာ မဟုတ်ပါဘူး” ဟု ပြောသည်။

ယခုခရီးစဉ်သည် အကြမ်းဖက်မှုများ လျှော့ချရေး၊ မြန်မာပြည်သူများ၏ဆန္ဒနှင့် လိုလားချက်များအား အခြေခံပြီး အရပ်သား အစိုးရ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်သူများကိုယ်တိုင် ဦးဆောင်ကာ ထိရောက်ငြိမ်းချမ်းသည့် နိုင်ငံရေးလမ်း ကြောင်းတခု ပေါ်ထွက်လာရေး ပံ့ပိုးကူညီရန် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မစ္စနိုလင်းဟေဇာ၏ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ထောင်သွင်းအကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရေး တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရသည့် အခြေ အနေများအပေါ် အထူးစိုးရိမ်ကြောင်း၊ မကြာမီနေအိမ်သို့ အမြန်ပြန်လည်ရောက်ရှိရေးအတွက် တောင်းဆိုခဲ့ကြောင်းလည်း ကုလသမဂ္ဂဘက်က ထုတ်ပြန်သည်။

ကုလသမဂ္ဂ အထူးသံတမန်၏ တာဝန်အနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခများအား နိုင်ငံရေးအရ ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်ပြီး အထူးသံတမန်၏ တောင်းဆိုချက်များသည် အာဆီ ယံအထူးကိုယ်စားလှယ်၏ လုပ်ဆောင်မှုများအပေါ် မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က ပြောသည်။

UN အထူးသံတမန်သည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်

၎င်းက “အကျိုးသက်ရောက်မှုက အာဆီယံကိုယ်စားလှယ်ရဲ့ လုပ်ဆောင်မှုနောက်မှာပဲ ရှိမယ်။ သူတို့က အာဆီယံကိုယ်စားလှယ်ရဲ့ လုပ်ဆောင်မှုကိုပဲ ရှေ့တန်းတင် ဦးစားပေးထားတာ။ အာဆီယံကိုယ်စားလှယ် လုပ်ဆောင်မှုကောင်းရင်၊ အခြေ အနေကောင်းရင် သူက ရောပြီးတော့ နောက်ကလိုက်လာပြီး ပံ့ပိုးကူညီမယ်ပေါ့။ ထပ်လာမယ့် အာဆီယံကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ဘာတွေ ထူးခြားတဲ့တိုးတက်မှုတွေ ရလာမလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် ဘာတွေ သတင်းအချက် အလက်ရမလဲ။ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့အတွက် ဘာတွေအကျိုးဖြစ်မလဲ။ အဲဒါ စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု မှတ်ချက်ပေးသည်။

လက်ရှိတွင် စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး တောင်းဆိုမှုအား ငြင်းဆိုထားပြီး နေပြည် တော်ထောင်အတွင်း အကျဉ်းချထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို UN အထူးသံတမန် မလာခင်ရက်ပိုင်းအလို ဩဂုတ် ၁၅ ရက်၌ အဂတိလိုက်စားမှုစွပ်စွဲချက် ၄ မှုဖြင့် ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့သည်။

ထို့ပြင် ဒီမိုကရေစီလိုလားသူများ ဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ် တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်ကွပ်မျက်ခဲ့ပြီး စစ် အုပ်စု အနေဖြင့် လူသတ်မှုနှင့် အကြမ်းဖက်မှုမှတဆင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ဓားစာခံအဖြစ် ဖမ်းဆုပ်ရန် ကြိုးပမ်း နေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုထားသည်။

ယမန်နေ့က နေပြည်တော်တွင် UN အထူးသံတမန်နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက “ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ နောက်ထပ်ကြေညာချက်တခု ထွက်လာရုံသက်သက် မဖြစ်သင့်တော့ပါဘူး။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ ဦးတည်ရမှာ ဖြစ်ပါတယ်။ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေလောက်နဲ့ မလုံလောက်တော့ပါဘူး ဆိုတာ နားလည်သင့်ပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းပြီး ထောင်တွင်းလူသတ်မှုတွေ ကျူးလွန်ခဲ့တာ၊ ရွာပေါင်းများစွာကို မီးလောင်တိုက်သွင်းခဲ့တာတွေက မမြင်ချင်ယောင်ဆောင်လို့မရတဲ့ သက်သေတွေပါ” ဟု ဆိုသည်။

ကုလသမဂ္ဂ အထူးသံတမန် အနေဖြင့် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရာတွင် သေဒဏ်ချကွပ်မျက်မှုများအား ရပ်တန့်ထားရေး နှင့် မစ္စတာရှောင်တာနယ် အပါအဝင် အကျဉ်းထောင်နှင့် အခြားနေရာများ၌ ဖမ်းဆီးချုပ်နှောင်ထားသည့် ကလေးငယ်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရေးအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်ကမူ ကုလသမဂ္ဂအထူးသံတမန်၏ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ကြား ယုံကြည် မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းနှင့် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ အပြုသဘော သုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် တွေ့ဆုံမှုအတွင်း ကုလသမဂ္ဂအထူးသံတမန်၏ ပြောဆိုချက်များ၊ အပြန်အလှန် ဆွေးနွေးချက်များနှင့် ပတ်သက်၍ မူ စစ်ကောင်စီ အနေဖြင့် သတင်းထုတ်ပြန်ခြင်း မရှိပေ။

Loading