နိုင်ငံတဝန်း စက်သုံးဆီဆိုင်အများစုတွင် ဆီ ပြတ်လပ်မှုများနှင့်အတူ ဈေးနှုန်းကြီးမြင့်မှု၊ ဝယ်ယူရရှိနိုင်ရေး အခက်အခဲ များ ကြောင့် မန္တလေးတိုင်းအတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းအချို့ ယာယီရပ်နားလာကြကြောင်း သိရသည်။
သြဂုတ် ၁၀ ရက်ခန့်မှ စတင်ပြီး တချို့သောအသင်းများက လုံးဝ ရပ်နားခဲ့ကြသလို တချို့ကလည်း တနေ့တာ ကူညီ ပေးနေ သည့် အခေါက်ရေ လျှော့ချခြင်း၊ ဓာတ်ဆီအသုံးပြု မော်တော်ယာဉ်များကို အသုံးမပြုတော့ခြင်းများ ရှိကြောင်း ဧရာဝတီက မေးမြန်းသည့် လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ လူမှုကူညီရေးအသင်းတသင်း၏ ဥက္ကဋ္ဌက “စက်သုံးဆီက ရတဲ့ဆိုင်ကရ၊ မရတဲ့ဆိုင်က မရဘူး။ အသင်းကြီးတွေလောက်သာ လည်ပတ်နိုင်တော့တယ်လက်ရှိမှာ အသင်းကြီးတွေကတော့ ဓာတ်ဆီကားတွေ မသုံးတော့ ဘဲ ဒီဇယ်ကားတွေတော့ ထွက်ပေးနေတယ်။ 92/95 က ဝယ်မရတာကြောင့် ဓာတ်ဆီကားတွေ ရပ်နားထားကြတယ်။ အချို့ အသင်းငယ်လေးတွေကတော့ ယာယီ ရပ်နားထားကြတာမျိုးတွေ ရှိတယ်” ဟု ရှင်းပြသည်။
စစ်ကောင်စီ၏ နိုင်ငံခြားငွေဈေးကွက်ကို ထိန်းချုပ်ခြင်း၊ ဈေးကွက်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် အကန့်အ သတ်များဖြင့် ထုတ်ပေးခြင်း၊ စစ်ခေါင်းဆောင်ကိုယ်တိုင်က စက်သုံးဆီတင်သွင်းမှု လျှော့ချမည်ဟု ပြောဆိုခြင်းတို့ကြောင့် ဈေးကွက်အတွင်း ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ကာ ပြည်တွင်းသုံးစွဲမှုကို လုံလောက်အောင် ဖြည့်ဆည်းမပေးနိုင်သည့် အခြေ အနေ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်က မြန်မာနိုင်ငံအတွင်း စက်သုံးဆီ တန်ချိန် ၆ သောင်းရှိပြီး ဆီတင်သင်္ဘောများလည်း ဆက်တိုက် ဝင်ရောက်ရန် ရှိနေကြောင်း ပြောဆိုထားသော်လည်း မြေပြင်တွင်မူ စက်သုံးဆီ လိုသလောက် ဝယ်ယူ၍မရသည့် အခြေ အနေ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်အတွင်း လူမှုကူညီရေးအသင်းတသင်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့ သိရသလောက်တော့ အချို့ အသင်းငယ်လေးတွေက ဆီဈေးကြီးတာ၊ ဝယ်မရတာတွေကြောင့် ယာယီရပ်နားကြတာမျိုး။ အချို့အသင်းတွေကလည်း လူ နာကောက်တာကို အရင်ကလောက် မလုပ်နိုင်ကြတော့ဘူး။ အကူအညီ တောင်းလာတာတွေတိုင်းကို မလိုက်နိုင်ကြတော့ တာပေါ့။ အရင်က ၁၀ ခေါက်ဆိုရင် အခု ၅ ခေါက်လောက်ပဲ ထွက်ကြတော့တယ်” ဟု ဆိုသည်။
စစ်တပ် အာဏာမသိမ်းခင်က အောက်တိန်း ၉၂ တလီတာလျှင် ကျပ် ၇၀၀ ဝန်းကျင်သာ ရှိခဲ့သည့် စက်သုံးဆီဈေးနှုန်းမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်အကြာ ယခု သြဂုတ်လအတွင်း၌ မန္တလေးမြို့တွင် ကျပ် ၂၅၀၀ ဝန်းကျင်ထိ မြင့်တက်နေ လျက် ရှိသည်။
ပြည်ကြီးတံခွန်မြို့နယ်မှ လူမှုကူညီရေးအသင်းတသင်း၏ ဥက္ကဋ္ဌက “နားတယ်ဆိုတဲ့ အသင်းတွေက အလှူရှင်နည်းတာ ရယ်၊ လစဉ်ကြေးအလှူရှင်တွေ နည်းပါးတာတွေကြောင့် ဆီဈေးကြီးတော့ မဝယ်နိုင်ကြလို့ နားတာမျိုးလည်း ရှိတယ်။ ဆီက ပိုက်ဆံရှိမှ ဝယ်လို့ရတာလေ။ အချို့ဆီဆိုင်တွေက အသင်းကားတွေဆိုရင် လိုသလောက် ရောင်းပေးနေကြပါတယ်။ သူတို့မှာ ဆီရှိရင်ပေါ့လေ” ဟု ပြောသည်။
ပရဟိတလုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာရန် မျှော်မှန်းထားကြသော်လည်း ယခုထက် ဈေးထပ်တက်ဦးမည်ဆိုပါက လူမှုကူညီရေးအသင်းကား အများစုမှာ လုံးဝ ရပ်နားရမည့် အခြေအနေသို့ ရောက် ရှိနေကြောင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းတသင်း၏ အတွင်းရေးမှူးက ဆိုသည်။
အခြားသော လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးကလည်း “လက်ရှိမှာ စက်သုံးဆီက ဝယ်ရတာ အတော်ခက်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မူဆယ်ဘက်က လူနာပို့ပြီးအပြန် ဆီလိုတော့ ၁၀ ဂါလံ ဆီ ၁ ပုံးကို ၁၆၀,၀၀၀ ပေးပြီး ဝယ်ခဲ့ရတယ်။ ဒါတောင် အသင်းကားမို့ မဖြစ်မနေ ရောင်းပေးတာ။ အခုဆိုရင် အကူအညီ တောင်းလာတဲ့သူတွေကို ဆီလုံလောက်အောင် ထည့်ပေးဖို့ပဲ ပြောနေရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းမှစပြီး စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သလို နိုင်ငံတဝန်း စက်သုံးဆီဆိုင်များ၌ ဆီပြတ် လပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ရောင်းချပေးနိုင်သည့် ဆိုင်များတွင်လည်း ဆီဝယ်ယူရရှိနိုင်ရေး မနက်အစောကတည်းကပင် တန်းစီစောင့်ဆိုင်းနေကြရသည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း ဦးဆောင်သူတဦးက “ဆီဆိုင်မန်နေဂျာတွေက လူနာတင်ယာဉ်ဆို ဦးစားပေးစနစ်နဲ ဆီရောင်းပေးမယ်လို့ ပြောတယ်။ အဲဒါကြောင့် တနေ့က နာမည်ကြီး ဆီဆိုင်တခုကို လူနာတင်ယာဉ်နဲ့ ဆီ သွားဝယ်တာ လူနာမပါလို့ ဆီမရောင်းဘူးပြောလို့ ကားကို အသင်းရုံးထိရောက်အောင် မနည်းမောင်းပြန်ခဲ့ရတယ်။ ကျနော် တို့ အသင်းတော်တော်များများက စီးပွားဖြစ် ဆီထုတ်ရောင်းနေတာမျိုး မလုပ်ကြပါဘူး၊ အဲဒီနေ့ကတော့ ဘယ်မှ ဝယ်လို့မရ တာနဲ့ လမ်းဘေးဆိုင်ကနေ ဈေးကြီးပေးဝယ်ထည့်ပြီး လူနာကောက်ပေးခဲ့ရတယ်” ဟု ပြောသည်။
ယနေ့ ဩဂုတ် ၁၈ ရက်တွင် မန္တလေး၌ အောက်တိန်း ၉၂ တလီတာ ၂၃၃၅ ကျပ်၊ အောက်တိန်း ၉၅ တလီတာ ၂၄၁၅ ကျပ်၊ ဒီဇယ် တလီတာ ၂၇၃၀ ကျပ်၊ ပရိမီယံဒီဇယ် တလီတာ ၂၈၁၅ ကျပ်ခန့်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။
ထို့အတူ မန္တလေးတိုင်းအတွင်းရှိ လူမှုကူညီရေးအသင်းများကဲ့သို့ပင် တခြားသော ပြည်နယ်နှင့်တိုင်းများအတွင်းက ပရဟိ တအသင်းများ အထူးသဖြင့် အသင်းငယ်များသည်လည်း စက်သုံးဆီ အခက်အခဲကြောင့် ကူညီပေးနေသည့် အသင်းကား တချို့ကို ရပ်နားခြင်း၊ အခေါက်ရေလျှော့ချခြင်းများ လုပ်ဆောင်နေရကြောင်း ပြောဆိုကြသည်။
စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိအမှတ်ပြု ထောက်ခံပေးထားသော ပရဟိတအသင်းအဖွဲ့ နိုင်ငံတဝန်းလုံး၌ ၆၉၆ ဖွဲ့သာ ရှိသော်လည်း မြေပြင်တွင် လှုပ်ရှားနေသည့် အဖွဲ့ပေါင်းမှာ ၃၀၀၀ ကျော်ထိ ရှိကြောင်း သိရသည်။