ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီ `တို့ကြား မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း KNU နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့က ဘုံရည်မှန်းချက်တူညီတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါကျတော့ ရှေ့ဆက်ပြီး ဘယ်လို ပူးပေါင်း ဆောင်ရွက်သွားမလဲ။ ဆက်လက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေပေါ့။ အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေးဘက် မှာ ကျနော်တို့ အဓိကထားဆွေးနွေးတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်က NLD ဗဟိုအလုပ်ကော်မတီနှင့် KNU ခေါင်းဆောင်ပိုင်းများ ပါဝင်သော အွန်လိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်များအား ပဒိုစောတောနီးက ရှင်းပြခြင်း ဖြစ်သည်။
အစည်းအဝေးကို KNU မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် အမြဲတမ်း ဗဟိုကော်မတီဝင်များ ဖြစ်သော ပဒိုစောတောနီးတို့ တက်ရောက်ခဲ့ပြီး NLD ဗဟိုအလုပ်ကော်မတီမှ ဦးအောင်ကြည် ညွန့်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေးနှင့် ဦးမျိုးနိုင်တို့ တက်ရောက်ခဲ့သည်။
ပဒိုစောတောနီးက လက်ရှိ မြန်မာနိုင်ငံ ကြုံနေရသည့်ပဋိပက္ခကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုမြင်ပုံများကွဲပြားနေပြီး နိုင်ငံတကာ၏ အမြင်များကို တခုတည်းဖြစ်စေရန် လုပ်ဆောင်သွားနိုင်ရေး အစည်းအဝေး၌ ဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။
“စစ်တပ်က ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်မရှိဘူးဆိုတာကို ကျနော်တို့ တောက်လျှောက်ပြောနေပေမယ့် တချို့နိုင်ငံတွေ မြင်နေတာက ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ခင်ဗျားတို့ စစ်ကောင်စီနဲ့ ဆွေးနွေးသင့်တယ်ဆိုတာမျိုး ရှိနေတယ်။ ကျနော်တို့ပြောတာက ဒီစစ်တပ်ကလူတွေနဲ့ ကျနော်တို့ KNU လောက် ဆွေးနွေးတာ ကျနော်တို့ပဲ ရှိတယ်။ အခုက တချို့နိုင်ငံတွေ မြင်နေတာက မြန်မာနိုင်ငံ အခြေအနေက မရတော့ဘူး။ ပုံစံတမျိုး ပြောင်းလုပ်ရမယ်လို့ မြင်နေတယ်။ တချို့ကျတော့လည်း လက်ရှိပုံစံအတိုင်း ဆွေးနွေးရေးလမ်းကသွားတာ ပိုကောင်းပါတယ်ဆိုတာမျိုး မြင်နေကြတယ်။ စစ်ကောင်စီက အချိုးမပြောင်းဘူး။ သူနဲ့ ဆွေးနွေးလို့ မရဘူးဆိုတာကို တခုတည်းမြင်လာအောင် ကျနော်တို့ ဆက် လုပ်သွားဖို့ လိုတယ်ဆိုတာ အဓိကထားပြီး ဆွေးနွေးခဲ့တာပါ” ဟု ၎င်းက ရှင်းပြသည်။
NLD ဗဟိုအလုပ်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးကလည်း KNU နှင့် NLD ကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှု များရှိပြီး လက်ရှိ မြန်မာ့နိုင်ငံအရေးနှင့် နိုင်ငံတကာ အခြေအနေများကို သဘောထားဖလှယ် ဆွေးနွေးခဲ့ကြခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မေလနှောင်းပိုင်းတွင် NLD သည် နိုင်ငံရေးပါတီတရပ် အနေဖြင့် မြန်မာနိုင်ငံရှိ အာဏာသိမ်းမှုဆန့်ကျင် သော အတိုက်အခံများ၏ အမြင့်ဆုံးစုဖွဲ့မှုဖြစ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် မပါဝင် တော့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
KNU သည် NUCC တွင် တိုင်ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အနေဖြင့် ဆက်လက် ပါဝင်နေဆဲ ဖြစ်သည်။
NLD သည် NUCC တွင် နိုင်ငံရေးပါတီတရပ် အနေဖြင့် မပါဝင်သော်လည်း NLD နှင့် KNU ကြား အာဏာရှင်စနစ် ဆန့် ကျင်ရေး အပါအဝင် အခြားသော နိုင်ငံရေးမျှော်မှန်းချက်များ၌ တူညီမှုရှိနေသဖြင့် ပူးပေါင်းဆောင်ရွက်၍ ရနေခြင်းဖြစ် ကြောင်း ပဒိုစောတောနီးက ပြောသည်။
၎င်းက “အဓိကကတော့ ဘုံရည်မှန်းချက် တူနေလို့ပါပဲ။ တချို့ကတော့ NUCC ထဲမှာ မပါဘူး။ NLD နဲ့ ကျနော်တို့ကြား မှာ ဘုံရည်မှန်းချက်တူတာတွေ အများကြီး ရှိတယ်။ NUCC မှာ မပါတာက NLD မှ မဟုတ်ဘူး။ တခြားတော်လှန်ရေး အဖွဲ့အစည်းတွေလည်း ရှိတယ်။ သူတို့ မပါပေမယ့် ကျနော်တို့ ချိတ်ဆက် လုပ်ဆောင်လို့ရတယ်။ NLD က နှစ်ပေါင်း များစွာရှိလာတဲ့ ပါတီကြီးတခုလည်း ဖြစ်တယ်။ အစိုးရတရပ် အနေနဲ့လည်း ဖွဲ့စည်းအုပ်ချုပ်ခဲ့ဖူးတယ်။ ကျနော်တို့က တော့ ရနိုင်သမျှနည်းလမ်းတွေနဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ လက်တွဲချိတ်ဆက် လုပ်ဆောင်နေတာတွေ ရှိပါ တယ်” ဟု ဆိုသည်။
KNU နှင့် NLD ဗဟိုအလုပ်ကော်မတီတို့၏ ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုမှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် မေ ၂၆ ရက်က တတိယအကြိမ်မြောက် တွေ့ဆုံမှုတွင် စစ်အာဏာရှင်ဖယ်ရှားရေးနှင့် ဖက်ဒရယ်အရေးတို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။