ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး အပါအဝင် ၄ ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဖမ်းဆီးထားသည်မှာ ၁ လ ကြာပြီ ဖြစ်သော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသ လို မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရသဖြင့် စိုးရိမ်နေကြကြောင်း ကာယကံရှင်မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်တွင် မောင်တောမြို့နယ်အတွင်းက မြဝတီကျေးရွာနှင့် တရိန်းကျေးရွာ၌ စစ်ကောင်စီ လက် အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၁ စီးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက တိုက် ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲ ၁၄ ဦး ဖမ်းဆီးခံရပြီး အများအပြား သေဆုံးခဲ့သည်။
ထိုသို့ ဖြစ်ပွားပြီးနောက် ဇူလိုင် ၁၉ ရက် နံနက် ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၅ မိုင်ခန့် ကွာဝေးသည့် ကြိမ် ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် အပါအဝင် ကျေးရွာလူကြီးများ ဖြစ်ကြသည့် ဦးထွန်းရွှေ၊ ဦးထွန်းအေးကြိုင် တို့ကို စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်ရဲများက နေအိမ်သို့ လာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဇူလိုင် ၂၀ ရက်တွင်လည်း သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘသိန်းကို တောင်ပြိုစစ်ဗျူဟာသို့ အစည်းအဝေး တက် ရောက်ရန် ခေါ်ယူခဲ့ပြီးနောက် ပြန်မလွှတ်တော့ဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ယနေ့အချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီး ထားသည်ကို မသိရသလို ဖမ်းဆီးသည့် အကြောင်းရင်းကိုလည်း မသိရှိရကြောင်း ဖမ်းဆီးခံရသူ ဦးဘသိန်း၏ မိသားစုဝင် တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “သူနဲ့ သင်္ဘောလှအုပ်ချုပ်ရေးမှူးကို တောင်ပြိုဗျူဟာက အစည်းအဝေးတက်ဖို့ ဖုန်းဆက်ခေါ်တော့ သွားလိုက်တာ။ သင်္ဘောလှအုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပြီးတော့ သူ့ကို စစ်ဆေးစရာ ကျန်သေးတယ်ဆိုပြီး ခေါ်ထားလိုက်တာ။ အခုထိ ဘာ တွေ ဖြစ်နေမှန်းကို မသိရဘူး။ ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာဖမ်းထားတယ် ဆိုတာလည်း မသိရဘူး။ ဥပဒေကြောင်းအရ တရားရုံးထုတ်တာလည်း မရှိဘူး။ ကြိမ်ချောင်းစခန်းထဲမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့အပြင် သတင်းလောက်ပဲ ကြားရတာ ရှိတယ်” ဟု ဆိုသည်။
ကြိမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်၊ ဦးထွန်းရွှေနှင့် ဦးထွန်းအေးကြိုင်တို့ ၃ ဦးမှာလည်း ဖမ်းဆီးခေါ်ဆောင် သွားသည့်အချိန်မှစ၍ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရဘဲ အဆက်အသွယ် ပြတ်နေကြောင်း ဦးထွန်းရွှေ ၏ မိသားစုဝင်တဦးက ပြောသည်။
၎င်းက “ဇူလိုင် ၁၉ ရက် မနက် ၃ နာရီလောက်မှာ အိမ်ကိုလာပြီး စစ်ဆေးစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားကတည်း က အခုထိ ကျမတို့ တွေ့ခွင့်မရဘူး။ ဘယ်မှာ ဖမ်းထားတယ်၊ ဘာလုပ်ထားတယ်၊ ဘယ်အမှုနဲ့ တရားစွဲတယ် ဆိုတာလည်း မသိရဘူး။ ကျမတို့ကတော့ ကျန်းကျန်းမာမာနဲ့ ပြန်လွတ်တာကိုပဲ လိုချင်တယ်” ဟု ပြောဆိုသည်။
ထိုသို့ ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး စစ်တပ် တာဝန်ရှိသူများ အနေဖြင့် ဖမ်းဆီးရသည့် အကြောင်းအရင်းကို တစုံ တရာ အသိပေးပြောဆိုခြင်း မရှိသည့်အပြင် မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးခြင်းမှာ မဖြစ်သင့်ကြောင်း မောင်တော မြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက မှတ်ချက်ပြုသည်။
၎င်းက “မိသားစုနဲ့ တွေ့ခွင့်မပေးတာကတော့ မဖြစ်သင့်တဲ့ ကိစ္စတခု ဖြစ်တယ်။ ဥပဒေကြောင်းအရ ဘယ်လို ဆောင်ရွက်ထား တယ်၊ ဘယ်မှာဖမ်းထားတယ်ဆိုတာ မိသားစုဝင်တွေကို အသိပေးသင့်တယ်။ ဘာကြောင့်လဲဆိုရင် အရင်တုန်းက ဖမ်းဆီး ခံရသူ တချို့လည်း စစ်ဆေးမှုကာလမှာ သေဆုံးတဲ့ ဖြစ်စဉ်တွေ၊ အဲဒီလိုဖြစ်တဲ့ သတင်းတွေကလည်း ရှိနေတော့ မိသားစု ဝင်တွေ အနေနဲ့ စိုးရိမ်စရာ ဖြစ်တာပေါ့” ဟု ပြောသည်။
အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေပြီး မကြာခဏဆိုသလို တကျော့ပြန် တိုက်ပွဲ များ ဖြစ်ပွားနေကာ မကြာသေးမီ သြဂုတ် ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ်အတွင်းရှိ ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလိန် ကျေးရွာကြားနှင့် မောင်တောမြို့နယ်အတွင်းက ကျောက်ပန်းဒူကျေးရွာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးတို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ၊ အကြပ်၊ စစ်သည် အပါအဝင် ၃၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲအတွင်း အထိနာသည့် အာဏာသိမ်း စစ်ကောင်စီတပ်သည် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ တွင် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းများအပြင် ဒေသခံများကို လည်း မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။