ဇန်နဝါရီလနောက်ပိုင်း မြန်မာတွင် ပျောက်ဆုံးနေသူ ၈ ဦး ရှိနေကြောင်း ဟောင်ကောင်မှ လာသော သတင်းများအရ သိရသည်။
ဟောင်ကောင်သတင်းဌာန Hong Kong Free Press ၏ သတင်းတပုဒ်အရ အာဏာပိုင်များသည် ထိုသူများအားလုံး မြန်မာတွင် ပျောက်ဆုံးနေပြီး ၎င်းတို့ကို ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ပြောကြသည်။
သို့သော် မည်သည့်နေရာတွင် ရှိနေကြောင်း မပြောဆိုဘဲ ယင်းလူပျောက်မှုအပါအဝင် အရှေ့တောင်အာရှမှ အလုပ်အကိုင်လိမ်လည်မှုများကို စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့တခုကို ဟောင်ကောင်တွင် ထူထောင်လိုက်ကြောင်း သိရသည်။
လတ်တလော ပျောက်ဆုံးခဲ့သူ ၂၀ ဦးတွင် ၁၂ ဦးသည် ဘေးအန္တရာယ်ကင်းကြောင်း လက်ထောက်လုံခြုံရေးဝန်ကြီး မိုက်ကယ်ချော့ ပြောသည်။ ၎င်းတို့အနက် ၁၀ ဦးသည် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိပြီး ကျန် ၂ ဦးသည် ဟောင်ကောင်ပြင်ပတွင် ရှိနေဆဲဟု သိရသည်။
“အထူးအဖွဲ့တွေက ဒီအမှုတွေကို အပြင်းအထန်စုံစမ်းနေပြီး သူတို့ရဲ့ဆွေမျိုးတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အဲဒီနိုင်ငံတွေ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်” ဟု ချော့ က သတင်းထောက်များကို ကြာသပတေးနေ့တွင်ပြောသည်။
ထိုအထူးအဖွဲ့တွင် လုံခြုံရေးဗျူရိုမှအရာရှိများ၊ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ပါဝင် ကြောင်း သိရသည်။
ထိုင်ဝမ်သား ၂၀၀၀ ခန့်ကို ဝင်ငွေကောင်းသောအလုပ်များဖြင့် ဆွဲဆောင်ကာ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအို ကဲ့သို့သောနိုင်ငံများသို့ လူမှောင်ခိုကူးခံရကြောင်း သတင်းများထွက်လာပြီးနောက် အရှေ့တောင်အာရှ အလုပ်အကိုင်လိမ်လည်မှုများတွင် အလိမ်ခံရသည့် ဟောင်ကောင်သား အနည်းဆုံး ၂၀ ရှိသည်ဆိုသည့် သတင်းများထွက်လာခြင်းဖြစ်သည်။
လူကုန်ကူးခံရသူများသည် ထိုဝင်ငွေကောင်းသည်ဟု ဆိုသော အလုပ်အကိုင်များမရရှိကြဘဲ ရာဇဝတ်ဂိုဏ်းများတွင် လုပ်ကိုင်ရပြီး ဖုန်းခေါ်ဆို လိမ်လည်မှုများ ပြုလုပ်ရကာ အိမ်ပြန်လိုပါက ငွေအမြောက်အမြားပေးကြရကြောင်း သတင်းက ဆိုသည်။
ထိုပျောက်ဆုံးနေသူ ၈ ဦးသည် မြန်မာမှ မည်သည့်နေရာတွင်ရှိနေသည်ကို အာဏာပိုင်များ အတည်မပြု နိုင်သေးကြောင်း ချော့ ကပြောကြားပြီး ပြည်သူများအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းသို့ သွားရောက်ခြင်းမပြုရန် မေတ္တာရပ်ခံသည်။ ထိုအမှုများတွင် ခြိမ်းခြောက်ငွေတောင်းခြင်း ရှိမရှိဖြေဆိုရန် သူငြင်းဆန်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ထိုကိစ္စကို ပြောရန် မသင့်တော်ဟု သူပြောသည်။
ထိုသို့ လိမ်လည်လူကုန်ကူးခံရသူတဦးထံမှ ပထမဆုံး အကူအညီတောင်းမှုကို ဇန်နဝါရီလတွင် အာဏာပိုင်များ ရရှိကြောင်း သူပြောသည်။ ထိုနောက် ထိုသို့သောအမှုများ ကျိုးကြားကျိုးကြားဖြစ်နေရာမှ ဇွန်လတွင် အများအပြား ဖြစ်လာကြောင်းလည်း သူပြောသည်။
အွန်လိုင်းမှ အလုပ်အကိုင် ခေါ်ယူမှုများကို သတိထားရန် ဟောင်ကောင်သားများကို သူတောင်းဆိုသည်။ “အွန်လိုင်းမှာတွေ့တဲ့ အလုပ်အကိုင်ကြော်ငြာတွေကို အလွယ်တကူ မယုံနဲ့။ ပညာအရည်အချင်းတို့၊ လုပ်ငန်းအတွေ့အကြုံတို့ မလိုဘဲ အရမ်းများတဲ့ ငွေကို အလွယ်တကူ မြန်မြန်ဆန်ဆန်ရမယ်ဆိုရင် သတိထားသင့်တယ်” ဟု သူပြောသည်။
ချုပ်နှောင်ထား
အရှေ့တောင်အာရှနိုင်ငံများသို့ မက်လုံးပေး လိမ်လည်ကုန်ကူးခံရသူများ၏ အတွေ့အကြုံအသေးစိတ်များကို ဟောင်ကောင်မီဒီယာများ ဖေါ်ပြကြသည်။
ဟောင်ကောင်သားတဦးသည် အွန်လိုင်းတွင် တွေ့ဆုံသည့် ချစ်သူနှင့်တွေ့ဆုံရန် ဇူလိုင်လက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း Sing Tao သတင်းက အင်္ဂါနေ့တွင် ဖေါ်ပြသည်။ ဘန်ကောက်သို့ရောက်သောအခါ အိမ်နီးချင်းမြန်မာသို့ ခေါ်ဆောင်သွားခံရပြီး သူ၏ဖုန်းနှင့် နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခံလိုက်ရကြောင်း သူပြောသည်။
ထိုနောက် အခြားသူများထံမှ ငွေလိမ်လည်ရန် သူ့ကို ခိုင်းပြီး ခိုင်းသည့်အတိုင်းမလုပ်ပါက ရိုက်နှက်ခံရကြောင်း အထက်ပါသတင်းဌာနသို့ သူပြောသည်။ ထိုင်းနိုင်ငံသို့ ပြန်မရောက်မီ တလခန့် ချုပ်နှောင်ထားခြင်း ခံရကြောင်း သူပြောသည်။ ထိုနောက် အင်္ဂါနေ့တွင် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိလာသည်။
မြန်မာတွင် ချုပ်နှောင်ခံထားရသည့် ဟောင်ကောင်သားတဦးနှင့် အဆက်အသွယ်ရခဲ့ကြောင်း Oriental Daily က ဖေါ်ပြသည်။ ထိုသူက ၎င်းကို ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်မှ အပမ်းဖြေ ဟိုတယ်ဝင်းနှင့်တူသော အဆောက်အအုံတခုတွင် ဖမ်းဆီးထားကြောင်း ပြောသည်။ အခြားသူများထံမှ ယွမ် ၅ သန်းလိမ်လည်ပေးရန် သို့မဟုတ် လွတ်မြောက်လိုပါက ဟောင်ကောင်ဒေါ်လာ ၃ သိန်းပေးရန် ခြိမ်းခြောက်စေခိုင်းနေသည်ဟု သူ ပြောသည်။
သူသည် ထိုသို့လူကုန်ကူးခံရသူနှစ်ဦး၏ ဆွေမျိုးများနှင့် မိတ်ဆွေများနှင့် အဆက်အသွယ်ရှိကြောင်း ခရိုင်ကောင်စီဝင်ဟောင်း တဦးကလည်း ကြာသပတေးနေ့တွင် Commercial Radio သို့ပြောသည်။ Yau Tsim Mong District ရောစင်မောင် ခရိုင်ကောင်စီ ဒုဥက္ကဌဟောင်း အင်ဒီယုက ထိုနှစ်ဦးကို ဖမ်းဆီးထားသူများက မိသားစုထံမှ ဟောင်ကောင်ဒေါ်လာ တသိန်း သို့မဟုတ် ထိုသူ ၂ ဦးအနေဖြင့် အခြားသူများထံမှ ငွေလိမ်ပြီး ပမာဏတခုရလာသောအခါ လွှတ်ပေးမည်ဖြစ်ကြောင်း ပြောသည်။
ယခုသတင်းများသည် ထိုင်းရဲတပ်ဖွဲ့က ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်သည့် မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုလ်တွင် လောင်းကစားမြို့အဖြစ် နာမည်ကြီးသည့် မြို့သစ်စီ မံကိန်း ရင်းနှီးမြုပ်နှံလုပ်ကိုင်သူ တရုတ်လူမျိုး She Zhijiang အား ပြီးခဲ့သည့်အပတ်က ဖမ်းဆီးလိုက်ခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။
အသက် ၄၀ နှစ်ခန့်ရှိ She Zhijiang ဆိုသူသည် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက အလိုရှိ နေသူတဦးဖြစ်သည့်အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ၏ သတိပေးထုတ်ပြန်ချက်တွင်လည်း အနီရောင်အဆင့် သတ်မှတ်ထားပြီး လောင်ကစားလုပ်ငန်းများအပြင် ရာဇဝတ်ဂိုဏ်းများနှင့်လည်း ပတ်သက်မှုရှိနေကြောင်း သိရသည်။
ကိုးကား။ ။ Hong Kong Free Press သတင်း 8 Hongkongers missing in Myanmar as city sets up taskforce to investigate alleged Southeast Asia job scam
You may also like these stories:
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
အခုက ဟိုး တစ်ကနေ သုည ပြန်ဆုတ်သွားတာ
သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း