အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက် ပိုမိုအရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ကုလသမဂ္ဂအထူးသံတမန် နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းတို့၏ လုပ်ဆောင်ချက်များအပေါ် တုံ့ပြန်လာမှုများကို မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် စဉ်းစားဆောင် ရွက်သွားမည် ဖြစ်ကြောင်းလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောဆိုခဲ့သည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၎င်းအပေါ် ဥပဒေအရ တရား စီရင်မှုကိစ္စများ ပြီးဆုံးပြီးနောက် မိမိတို့၏ လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုများကို မူတည်၍ ၎င်းအပေါ် စဉ်းစားဆောင် ရွက်သွားမည် ဖြစ်သည်။ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက်ပိုမို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင် သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်သွား မည်ကို ပြောရန် အချိန်စောလွန်းသေးပါသည်” ဟု ဆိုသည်။
သြဂုတ် ၁၇ ရက် ကုလသမဂ္ဂအထူးသံတမန်နှင့် တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရေးနှင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ရေး တောင်းဆိုမှုအပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်က ထိုသို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ် သည်။
မဲစာရင်းမှားယွင်းမှုအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်၏ ပြောဆိုချက်များသည် နိုင်ငံတကာက အလေးထားသည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဓားစာခံတဦးသဖွယ် သဘောထားသည်ကို ထင်ဟပ်နေပြီး ၎င်းအနေဖြင့် ယခုထက် ပိုမိုသည့် စွပ်စွဲထောင်ချမှုများ ပြုလုပ်နိုင်မှု အခြေအနေအား ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေ သည်။
ထို့ပြင် ကုလသမဂ္ဂအထူးသံတမန်၏ ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်အား ပြန်လွှတ်ပေး ရေး တောင်းဆိုမှုနှင့် ပတ်သက်၍လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က အပေးအယူ သဘောသဖွယ် တုံ့ပြန်ပြောကြားခဲ့ သည်။
၎င်းက “မစ္စတာ ရှောင်တာနယ်ကိစ္စတွင်လည်း ဩစတေးလျနိုင်ငံအစိုးရ အနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင် ချက်များ ဆောင်ရွက်မည်ဆိုလျှင် မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ တင်းမာစွာ ဆောင်ရွက်ရမည့် အခြေအနေ မျိုး မရှိပါ။ မစ္စတာရှောင်တာနယ်ကိစ္စနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိရသည့် အချက်အလက်များမှာ ၎င်းအား ကြီးလေး သောပြစ်ဒဏ် ချမှတ်နိုင်သည့် သက်သေအထောက်အထားများ ဖြစ်ပါသည်” ဟု ဆိုသည်။
လက်ရှိတွင် အာဏာသိမ်း စစ်ခေါင်းဆောင် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်တို့ နှစ်ဦးစလုံးအား နေပြည်တော် အချုပ်ထောင်အတွင်း၌ ထောင်သွင်းအကျဉ်းချ ချုပ်နှောင်ထားပြီး ထောင် ၁၄ နှစ်ထိ ချမှတ်နိုင်သည့် အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် စွပ်စွဲတရားစွဲဆိုထားသည်။
အဆိုပါ စွပ်စွဲမှုနှင့် ပတ်သက်ပြီး မစ္စတာရှောင်တာနယ်က ၎င်းထံမှ သိမ်းဆည်းရမိသည်ဆိုသည့် စီးပွားရေးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများမှာ လျှို့ဝှက်ချက်များ မဟုတ်သည့်အပြင် တာဝန်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် အပြစ် မရှိကြောင်း ငြင်းဆိုထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လက်ရှိတွင် စစ်ကောင်စီ စွပ်စွဲတရားစွဲဆိုသည့်အမှု များဖြင့် ထောင် ၁၇ နှစ် ချမှတ်ခံရကာ နေပြည်တော်ထောင်အတွင်းရှိ သီးခြားအဆောက်အဦးတခုတွင် အကျဉ်းချခံထားရ သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၎င်းနှင့် တွေ့ဆုံဆွေးနွေးချက်များအား ကုလသမဂ္ဂအထူးသံတမန် အနေဖြင့် သတင်း ထုတ်ပြန်ရာ၌ တဖက်သတ် ပြောကြားချက်များသာပါဝင်ပြီး ၎င်းတို့ ရှင်းပြပြောဆိုချက်များအား ထင်ဟပ်ဖော်ပြခြင်း မပြုဘဲ ဆွေးနွေးချက်များအား ဖွင့်ချထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ အထူးသံတမန်၏ ထုတ်ပြန်ချက်များသည် နှစ်ဦးနှစ်ဖက် အပြု သဘော ပူးပေါင်းဆွေးနွေးမှုများအပေါ် အနှောင့်အယှက်၊ အဟန့်အတား ဖြစ်စေနိုင်ကြောင်းလည်း ပြောထားသည်။
ကုလသမဂ္ဂအထူးသံတမန် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကာ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှုသည် စစ်ကောင်စီအပေါ် မည်ကဲ့သို့သော တရားဝင်မှုမှ ပေးခြင်းမျိုး မဟုတ်ကြောင်း ရှင်းလင်းစွာ ထုတ်ပြန်ခဲ့သည်။