အိန္ဒိယ နယ်စပ်က မြန်မာမြို့များတွင်လည်း အခြေခံစား သောက်ကုန် ပစ္စည်းများ စျေးမြင့်တက်မှုဒဏ် ခံနေရကြောင်း ယင်းနယ်စပ် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
မြန်မာ- အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တမူးမြို့နယ်၊ ကလေး မြို့နယ်နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝ မြို့နယ်တို့ တွင် ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုဒေသများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုနှင့် အတူ စစ်ကောင်စီတပ်များသည် ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် စားသောက်ကုန်စျေးနှုန်းများ အဆမတန် ထိုးတက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
တမူးမြို့ခံတဦးက “စျေးနှုန်းတက်ကတော့ မပြောချင်တော့ဘူး။ အကုန်တက်တယ်။ ခရမ်းချဉ်သီး၊ ငရုတ်၊ ကြက်သွန်ကအစ တက်တယ်။ ကြက်ဥဆိုရင် တထောင်ဖိုး ၆ လုံးကနေ အခု ၄ လုံးပဲရတယ်။ ဓါတ်ဆီကတော့ ဆိုင်တွေမှာ ပြတ်နေတဲ့အတွက် ဝယ်မရတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တမူးမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကြောင့် အိန္ဒိယ – တမူးနယ်စပ်ဂိတ်များကိုလည်း အိန္ဒိယဘက်က ရက်အကန့်အသတ် မရှိ ပိတ်ထားသည့် အတွက် နှစ်နိုင်ငံ ကုန်စည်းစီးဆင်းမှုများ ပြတ်တောက်ကာ ဒေသခံများ အခက်အခဲရှိလာကြောင်း တမူးမြို့ခံများက ပြောသည်။
အလားတူ ကလေးမြို့နယ်တွင်းတွင်လည်း ကလေး- ဂန့်ဂေါ်ကားလမ်း၊ ကလေး- တမူး ကားလမ်းများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး အဓိက အရေးပါသည့် ကားလမ်းများအား အပြန်အလှန် ထိန်းချုပ်ရန် ကြိုးစားနေကြလျှက်ရှိနေသည်။
စစ်ကောင်စီသည် ကုန်သွယ်၊ ကူးသန်းရေး လမ်းကြောင်းများ ပိတ်ထားခြင်းနှင့် ကျေးရွာများအား မီးရှို့ဖျက်စီးမှုများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ ကုန်စျေးနှုန်း မြင့်တက်မှုအပြင် စစ်ဘေးဒုက္ခကိုပါ ရင်ဆိုင်ခံစားနေကြရသည်။
ကလေးမြို့နယ် သာကုန်း ကျေးရွာသားတဦးက “ပုံမှန် ဆန် ၁ အိပ်ကို ၃၅၀၀၀ ကျပ်ကနေ အခု ကျပ် ၆၀၀၀၀ အထိ ဖြစ်သွားပြီ။ ကျနော်တို့ ရွာသားတွေက ဝယ်စရာ ပိုက်ဆံလည်း မရှိတော့ဘူး။ ရွာမီးရှို့ခံရတဲ့ အတွက် တချို့ကတော့ မြို့ကို ပြောင်းဖို့ လုပ်နေတယ်။ ရွာသားတချို့ကလည်း ရွာမှာ မနေရဲတော့တဲ့ အတွက် တခြားနေရာကို ပစ္စည်းတွေ သယ်ယူပြီးတော့ ပြောင်းသွားကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
ကလေးမြို့ပေါ်တွင် စက်သုံးဆီ အရောင်းဆိုင်ကြီး ၁၀ ဆိုင်ကျော်ရှိသော်လည်း လတ်တလောတွင် ဓါတ်ဆီများ ပြတ်လတ်မှုဖြစ်ပေါ်နေသည့်အတွက် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ဆီဆိုင်ကြီးများပိတ်ထားကြောင်းလည်း ကလေး မြို့ခံများ က ပြောသည်။
ပြီးခဲ့သော သြဂုတ်လ ၅ ရက်နေ့က အဆိုပါ သာယာကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ကလေးမြို့နယ်အတွင်းက တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုများ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် အထိနာပြီး သာယာကုန်းကျေးရွာရှိ နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း ရွာသားများက ပြောသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် လည်း စစ်ကောင်စီက ကာလကြာရှည် ဖြတ်လေးဖြတ် စစ်ဆင်ရေးပြုလုပ်၍ ကုန်စည် စီးဆင်းမှုများကို ဖြတ်တောက်ထားသဖြင့် ဆန်အပါအဝင် စားဆီနှင့် ဓါတ်ဆီ ပြတ်လပ်မှုဖြစ်ပေါ်နေလျှက်ရှိသည်။
ကန်ပက်လက်မြို့နယ် ဒေသခံတဦးကလည်း “မာမီးခေါက်ဆွဲ ၁ ထုတ်ကို အရင်က ၃၀၀ ကနေ အခု ၁၀၀၀ ဖြစ်သွားတယ်။ ဒီဘက်မှာ အဓိက အခက်အခဲ ဖြစ်နေတာ က စားဆီနဲ့ ဆေးဝါးပဲ၊ ဆေးဝါး ပစ္စည်းတွေဆိုရင် လုံးဝ ဝယ်မရအောင် ရှားတယ်။ ဆန်ကတော့ ယောဒေသကိုပဲ မှီခိုနေရတယ်ဆိုတော့ ယောဘက်က ထွက်တဲ့ ဆန်စပါးကို ကျနော်တို့ တောင်ပေါ်ဒေသကို ရောင်းဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် အချင်းချင်း သဘောတူထားတာရှိတယ်လို့ သိရတယ်။ ဆန်ကတော့ စျေးတက်ပေမယ့် အခက်အခဲ့ဖြစ်တာတော့မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ- အိန္ဒိယ – ဘင်္ဂလား စသည့် သုံးနိုင်ငံနယ်စပ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း အာဏာသိမ်းမှုကြောင့် နယ်စပ် အခြေအနေ မတည်မငြိမ်ဖြစ်နေလျှက်ရှိသည်။
ယင်းဒေသသို့ အဓိက ကုန်စည်စီးဆင်းရာဖြစ်သည့် ကုလားတန်မြစ် ကြောင်းနှင့် ပလက်ဝ- မတူပီ ကားလမ်းကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပေါ်ပေါက်လာသည့် အချိန်ကတည်းက ပိတ်ဆို့ ထားသဖြင့် ကုန်စျေးနှုန်း အဆက်မ တန်မြင့်တက်မှုဒဏ်ကို ယခုအချိန်အထိ ခံစားနေကြရသည်။
ပလက်ဝမြို့ခံတဦးက “ကျနော်တို့ ပလက်ဝကတော့ အင်တာနက်လည်း မရှိ၊ ဘယ်မှ လည်း မသွားရ၊ မလာရဖြစ်နေတာကြာကြီးဆိုတော့ တခြား ကမ္ဘာတခုကို ရောက် နေသလိုပဲ၊ အခု ကြက်ဥ တလုံးကိုတောင် ကျပ် ၅၀၀၊ တချို့ဆိုင်တွေမှာ ဆို ၂၀၀၀ ဖိုး ၃ လုံး၊ ဆန်ကြမ်း ၁ အိတ်ကို ကျပ် ၇၀၀၀၀၊ ပေါ်ဆန်းမွေးဆိုရင် တသိန်းကျော် ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ဓါတ်ဆီကတော့ ပြတ်နေတာကြာပြီ၊ ဓါတ်ဆီရှိလJ ဆိုင်ကယ်သွားဖို့ ကားလမ်းလည်း ပိတ်ထားတယ်။ စက်လှေနဲ့ သွားဖို့ ရေလမ်းလည်း ပိတ်ထားတယ်ဆိုတော့ ဓါတ်ဆီ ရှိရင်လည်း ကျနော်တို့အတွက် ဘာမှ အသုံးမဝင်တော့တဲ့ အနေအထား ဖြစ်နေတယ်” ဟု ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်များနှင့် ထိစပ်နေပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရားမှုများ ရှိသည်။
လက်ရှိအချိန်တွင်လည်း ထိုဒေသတွင် အာဏာသိမ်း စစ်တပ်နှင့် AA တို့အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေသည်။
သြဂုတ်လဆန်းပိုင်းကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းက ရသေ့တောာင်၊ မောင်တော စသည့် နယ်စပ်ဒေသ များတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားလျှက်ရှိသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ရသေ့တောင်နှင့် မောင်တောမြို့ နယ်အတွင်းသို့ ဆက်သွယ်ထားသည့် အငူမော် ကားလမ်းနှင့် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ များသို့ ဆက်သွယ်ထားသည့် ကားလမ်းအားလုံးကို ပိတ်ထားပြီး စစ်အင်အား ဖြည့်တင်းနေကြောင်း ဒေသခံများနှင့် စစ်ရေးအကဲခတ်များက ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွာရာ နယ်စပ်မြို့နယ်များတွင် စစ်ကောင်စီတပ်များက လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများကို ပိတ်ဆို့ထားသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် စားသောက်နေထိုင်ရေး အခက်ကြုံတွေ့နေရကာ ယခု အတိုင်း ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့ လာနိုင်ကြောင်း ဒေသခံများက ပြောပြသည်။
မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြဝတီကျေးရွာခံ တဦး က “မောင်တောမြို့နယ် တခုလုံးကို ကားလမ်းပိတ်ထားတော့ စျေးနှုန်းတွေက တအား ထိုးတက်နေတယ်။ ဆန်တအိတ် ၇ သောင်း၊ ဓါတ်ဆီ ၁ လီတာ ၄၅၀၀၊ ကြက်ဥ ၁၀၀၀ ဖိုး ၃ လုံး၊ လူတွေ ဒုက္ခတော်တော် ရောက်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ဝင်ငွေလည်း မရှိဆိုတော့ ကြက်တွေ၊ ဝက်တွေ ပေါ်ပြီး ရောင်းကြတယ်။ လမ်းပိတ်ထားတော့ ကြက်ဝယ်မယ့် လူလည်း မရှိကြဘူး။ သေနတ်သံ ဆိုရင်လည်း နေ့ရော၊ ညပါ ကြားနေရတော့ ကောင်းကောင်းလည်း မအိပ်ရဘူး။ ကျမတို့လည်း နောက်ပိုင်း ကြားရဖန်များတော့ သေနတ် ပစ်သံလို့တောင် မထင်တော့ဘူး” ဟု ပြောသည်။