အာဏာသိမ်းစစ်ကောင်စီတပ်က ၎င်း၏ လက်အောက်ခံ စစ်တိုင်းမှူး ၅ ဦးကို ဩဂုတ်လ ၁၉ ရက်တွင် နေရာပြောင်းရွှေ့မှူများ ပြုလုပ်ခဲ့ကြောင်း စစ်ဘက်ရေးရာအခြေအနေများကို စောင့်ကြည့်နေသည့် ဧရာဝတီ သတင်းရင်းမြစ်များက ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ပြောင်းရွှေ့ခဲ့ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အား မြောက်ပိုင်းတိုင်းသို့ ပြောင်းရွှေ့လိုက်သည်။
အလားတူ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်လှမိုးကို တြိဂံတိုင်းသို့ ပြောင်းရွှေ့ပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အစားထိုးခဲ့သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်သို့ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
တိုင်းမှူး အပြောင်း အရွှေ့နှင့် ပတ်သက်၍ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဧရာဝတီ၏ သတင်းရင်းမြစ်တဦး က “ဒီလို တိုင်းမှူးပြောင်းရွေ့တာတွေက ပုံမှန်ပဲလို့ ပြောလို့တော့ ရတယ်။ ဒီကာလမှာတော့ တိုင်းမှူးတွေက ပိုပြီး အာဏာရှိလာတယ်။ တိုက်လေယာဉ်၊ ရဟတ်ယာဉ်ခေါ်ခွင့်တွေ တိုင်းမှူးတွေဆီမှာ အပြည့်အဝ ရှိတယ်။ အရင် ကက ကြည်းက ကိုင်တာတွေပေါ့” ဟု ပြောသည်။
ယင်းအပြင် ကရင်ပြည်နယ်တွင် စစ်ဆင်ရေးဝင်နေသည့် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှူ ဌာနချုပ် (စကခ) မှ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်ကိုလည်း ရာထူးကပြောင်းရွှေ့လိုက်ပြီး သူ၏ နေရာတွင် ပဲခူးတိုင်း အင်းမ အခြေစိုက် တပ်မ (၆၆) တပ်မမှူးကို အစားထိုးလိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။
ထိုကဲ့သို့ နေရာပြောင်းရွှေ့ရခြင်းမှာ စကခ (၁၃) လက်အောက်ခံတပ်များသည် ကရင်ပြည်နယ်တွင် အကျအဆုံးများပြားနေ သောကြောင့်ဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် လူထုအာဏာဖီဆန်ရေး (CDM) တွင် ပါဝင်လာပြီး CDM စစ်သည်များကို ကူညီနေသည့် ဗိုလ်ကြီးဟောင်း လင်းထက်အောင်ကလည်း စစ်ကောင်စီတပ်သည် မြေပြင်တွင် အနီးကပ်တာဝန်ထမ်းဆောင်ခဲ့သည့် တိုင်းမှူးများကို ပုံမှန်လုပ်ရိုးလုပ်စဉ်အနေနှင့် ပြောင်းရွှေ့ခြင်းသာဖြစ်ကြောင်း မှတ်ချက်ပေးသည်။
ဗိုလ်ကြီး လင်းထက်အောင် က “ဘာကြောင့်လဲဆိုတော့ တဖြည်းဖြည်းနဲ့ ခေါင်းဆောင်ပိုင်းက မြေပြင်က ကျဆုံးမှုတွေနဲ့ ဆက်စပ်ပြီးတော့ အားနည်းလာတာတွေတော့ ရှိတယ်။ အဲဒါကြောင့် သူတို့အနေနဲ့ ဗျူဟာအချိန်းအပြောင်းတွေနဲ့ အတူ ခေါင်းဆောင်ပိုင်းအချိန်းအပြောင်းတွေ လုပ်လိုက်တယ်လို့မြင်ပါတယ်။ အခုပြောင်းတာကလည်း ဟိုဘက်တိုင်းက လူကို ဒီဘက်တိုင်းပြောင်းပေါ့။ တည့်ပြောင်းတာမျိုးလို့ပဲ ကြားထားပါတယ်” ဟု ဆိုသည်။
တိုင်းမှူးများအား ပြောင်းလဲလိုက်သဖြင့် စစ်ကောင်စီတပ်၏ နွေဦးတော်လှန်ရေးအင်အားစုများအပေါ် စစ်ဆင်မှုပုံစံများ တစုံတရာ ပြောင်းလဲဖွယ်ရှိကြောင်း ဗိုလ်ကြီးဟောင်း လင်းထက်အောင်က သုံးသပ်သည်။
၎င်းက “ဒီအချိန်မှာက ကြမ်းနေတာကတော့ အကုန်လုံးက ကြမ်းနေကြတာပဲ။ ဒီထက်တော့ ပိုကြမ်းတာတွေလည်း လုပ်နိုင်ပါတယ်။ ဥပမာ တော်လှန်ရေးတပ်ဖွဲ့တွေကို အားနည်းသွားအောင် ပြည်သူနဲ့ခွဲတာမျိုး၊ အဆက်ပြတ်အောင်ပေါ့။ ပိုလုပ်မယ့် အနေအထား ရှိတယ်။ နေရာစုံက လက်ရုံးတပ်တွေပါ သုံးပြီး ပူးပေါင်းစစ်ဆင်ရေးတွေပါ လုပ်မယ့်ပုံစံလို့ ပြောလို့ရတယ်။ ဒီထက်ပိုကြမ်းရင်တော့ အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ လက်နက်တွေ ပိုသုံးတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်တွင် စစ်ဆင်ရေးလုပ်နေသည့် စကခ (၁၃) တပ်မှူးမကို နေရာရွှေ့ပြောင်း သတင်းနှင့် ပတ်သက်၍လည်း “ကရင်ပြည်နယ်ထဲကို စစ်ဆင်ရေးဝင်နေတဲ့ ကာလပေါ့။ စကခ ၁၃ လက်အောက်က မြေပြင်တပ်တွေအနေနဲ့ လက်နက်နဲ့ ထွက်ပြေးလာတာတွေလည်းရှိတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကော်ဘရာစစ်ကြောင်းထဲကို ကူးဝင်နေတာလည်း တွေ့ရတယ်။ CDM ဆိုပြီးတော့ ထွက်လာတာတွေလည်း တွေ့ရတယ်။ တိုက်ပွဲတွေမှာလည်း ဥပမာဆိုရရင် သေဘောဘိုးတို့ဘာတို့ ဆိုရင် စကခ ၁၃ လက်အောက်က တပ်တွေပေါ့။ ဒီဘက်တွေက အဲဒီလောက်အကျအဆုံးများနေတော့ သူတို့ရဲ့ ခေါင်းဆောင်ပိုင်း အချိန်းအပြောင်းကို လုပ်မှာပဲ။ သူတို့ကတော့ ခေါင်းဆောင်အသုံးမကျလို့ဆိုတာမျိုးနဲ့ လုပ်တာပေါ့” ဟု ဗိုလ်ကြီး လင်းထက်အောင် က ဆိုသည်။
ကချင်ပြည်နယ်တွင် တာဝန်ထမ်းခဲ့သည့် ဗိုလ်ချုပ်နှင့် ကရင်ပြည်နယ်တွင် တာဝန်ထမ်းခဲ့သည့် ဗိုလ်ချုပ်ကို နေရာချင်းလဲလိုက်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အလယ်ပိုင်းတွင် တာဝန်ထမ်းခဲ့သည့် ဗိုလ်ချုပ်ကို ရှမ်းအရှေ့ကျိုင်းတုံ နယ်ထဲသို့ ပို့လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနယ်ထဲတွင် တာဝန်ထမ်းခဲ့သည့် ဗိုလ်ချုပ်ကို ကရင်နီစစ်နယ်ဝှန်းရှိရာ အရှေ့ပိုင်းတိုင်းသို့ ပို့လိုက်ခြင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းတွင် တာဝန်ထမ်းခဲ့သည့် ဗိုလ်ချုပ်ကို ရှမ်းပြည်နယ် အလယ်ပိုင်းသို့ ပို့လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက နေရာပြောင်းရွှေ့မှု ပြုလုပ်လိုက်သည့် စစ်တိုင်း ၅ တိုင်းအနက် အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံတိုင်းတို့မှာ စစ်ကောင်စီတပ်နှင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များအကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ၂ ဖက်တပ်များ ဆိုင်ထားသည့် အနေအထားသာရှိသည့် နေရာများဖြစ်သည်။
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ပါဝင်သည့် မြောက်ပိုင်းတိုင်း၊ အရှေ့တောင်တိုင်းနှင့် အရှေ့ပိုင်းတိုင်းတို့သည်ကား အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင် တပ်ပေါင်းစုများ အကြား တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ဒေသများဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးများပြားသည့် နေရာများလည်း ဖြစ်သည်။