ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် ၅၄ ခြံနှင့်အိမ် အမွေဆိုင်မှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ အထူး အယူခံ တင်သွင်းမှုတွင် ဦးအောင်ဆန်းဦး၏ တင်ပြတောင်း ဆိုချက်အတိုင်း ခွင့်ပြုကြောင်း ယနေ့ အမိန့်ချမှတ်လိုက်သည်။
အမိန့်အရ ဒေါ်ခင်ကြည် မကွယ်လွန်မီ တူဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်အေး(မန္တလေး) အား ခြံအမှတ် ၅၄ ထဲမှ ပေ ၇၀၊ ပေ ၁၀၀ ခန့်အကျယ်အဝန်းရှိ မြေနေရာအား စာချုပ်စာတမ်းဖြင့် ပေးအပ်ခဲ့မှုသည် ပျက်ပြယ်သွားပြီး ယင်းနေရာ အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦး တို့က တဝက်စီ ထပ်မံ ခွဲဝေယူရမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ သည် စုစုပေါင်းအားဖြင့် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပြီး ဒေါ်ခင် ကြည် မကွယ်လွန်မီ က အစ်မ အရင်း၏ သားဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်အေး (မန္တလေး)အား အမွေစား အမွေခံ မွေးစားကာ ခြံဝင်းအတွင်းမှ ပေ ၇၀-ပေ ၁၀၀ ခန့် မြေအကျယ်အဝန်းအား စာချုပ်စာတမ်းများဖြင့် လက်မှတ်ရေး ထိုးကာ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၀၁ ခုနှစ်မှ စတင်ကာ ဦးအောင်ဆန်းဦးက အမွေ ခွဲဝေလိုမှုဖြင့် တရားစွဲဆိုခဲ့ပြီး အဆင့်ဆင့် ရင်ဆိုင်ခဲ့ ကြရာတွင် ၂၀၁၆ ခုနှစ်၌ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်အိမ် ပါဝင်သည့် အခြမ်းအား ဒေါ်အောင်ဆန်း စုကြည်ယူရန်နှင့် ကျန်သည့် အခြမ်းအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယူရန် အမိန့်ချခဲ့သည်။
အဆိုပါ အနောက်ပိုင်းခရိုင် တရားရုံး၏ အမိန့်သည် တူဖြစ်သူ ဗိုလ်မှူးကြီးခင်မောင်အေးအား ဒေါ်ခင်ကြည်က စာချုပ် စာတမ်းဖြင့် ပေးအပ်ခဲ့သည့် မြေနေရာအား နုတ်ပယ်ပြီး ကျန်ရှိသည့် အကျယ်အဝန်းထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးအား ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု အမိန့်ချမှတ်မှုနှင့် ပတ်သက်ပြီး မူလ အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦး ခွဲဝေယူရန် အမိန့်ချထားသည့် အကျယ်အဝန်း ခွဲဝေမှုအပေါ် အပြောင်းအလဲ ရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။
ယခုကဲ့သို့ မောင်နှမနှစ်ဦးအနေဖြင့် အမွေဆိုင်ပစ္စည်းနှင့် ပတ်သက်ပြီး တဝက်စီ ခွဲဝေယူရန် တရားရုံး၏ အမိန့်ချမှတ်မှု အပေါ် နှစ်ဦး သဘောတူ ညှိနှိုင်းကာ ခွဲဝေရယူမှု အဆင်ပြေပါက ခြံနှင့်အိမ်အား လေလံတင်ရောင်းချရသည့် အဆင့် သို့ ရောက်လာမည် မဟုတ်ကြောင်းလည်း ရှေ့နေတဦးက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကမူ ခြံနှင့်အိမ်အား မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လူမှုအကျိုးပြု လုပ်ငန်းများ တွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ကတော်ဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက် အဆိုပါ ခြံအမှတ် ၅၄ သည် ဧရိယာအားဖြင့် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပြီး ယနေ့ခေတ်ကာလ ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂၇ သန်းခန့် တန်ကြေးရှိကြောင်းလည်း အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ခန့်မှန်းသည်။
အဆိုပါ ခြံအမှတ် ၅၄ သည် ဒေါ်ခင်ကြည် ကွယ်လွန်သည်အထိ နေထိုင်ခဲ့သည့် ခြံနှင့် နေအိမ်လည်းဖြစ်ပြီး ယခင်စစ် အစိုးရကာလများတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့ရသည့် နေအိမ်လည်း ဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီလက်ထဲက ခြံအမှတ် ၅၄
ဒေါ်အောင်ဆန်းစုကြည် အမွေဆိုင် ခြံအမှတ် ၅၄ ခြံမြေ ခွဲစိတ်ရန် လျှောက်ထားမှု ကန့်ကွက်ခံရ
ဒေါ်အောင်ဆန်းစုကြည်နှင့် အကျယ်ချုပ်နေခဲ့သူများအား ခြံအမှတ် ၅၄ သို့ ပြောင်းရွှေ့
ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ