သတင်း

စစ်ကောင်စီနှင့် သွားတွေ့သည့် အဖွဲ့ LDU ကိုယ်စားမပြုဟု ကြေညာ

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်သည့်  ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည်  လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အား ကိုယ်စားမပြုကြောင်း အသိပေး ထုတ်ပြန်လာသည်။

နေပြည်တော်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့ ရောက်ရှိနေချိန်တွင် LDU ဥက္ကဋ္ဌ ကျာဟား က ယင်းသို့ လက်မှတ်ရေးထိုး၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

LDU အထွေထွေအတွင်းရေးမှူး ကျာကော် က  ”သွားတွေ့တဲ့သူတွေ ကျနော်တို့ LDU နဲ့ မသက်ဆိုင်ဘူး။ သူတို့က အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ အတွက်ကြောင့် တရားဝင် ထုတ်ပယ်ထားသူတွေ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

LDU တွင် ယခင်က အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ကျာဆော်လမွန်၊ တွဲဖက် အတွင်းရေးမှူး (၂) ကျာယာကုပ်နှင့် ဗဟိုကော်မတီဝင် ကျာဖူး တို့သုံးဦးကို အဖွဲ့အစည်း၏ စည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် တာဝန်မှ ရပ်စဲလိုက်ပြီဖြစ်ကြောင်း ယခုနှစ် ဇူလိုင် ၈ ရက်နေ့ ရက်စွဲဖြင့် LDU က ထုတ်ပြန်ကြေညာထားသည်။

ယခုနှစ် မေလထဲတွင် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည့်အပေါ်  LDU ဥက္ကဌနှင့် ဒုဥက္ကဌ တို့က တက်ရောက်မည်မဟုတ်ကြောင်း တရားဝင် အကြောင်းပြန်ခဲ့သော်လည်း ကျာဆော်လမွန် ဦးဆောင်၍ အာဏာသိမ်းခေါင်းဆောင်နှင့် သွားရောက် တွေ့ဆုံခဲ့အပြီးတွင် ယင်းသို့ တာဝန်များမှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

ဩဂုတ် ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက်ထဲတွင်လည်း “ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး လားဟူအမျိုးသားများ စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဥ်ကို ရှေးရှုခြင်းမဟုတ်ဘဲ မိမိ၏ ကိုယ်ကျိုးစီးပွားများ အတွက်သာ လုပ်ဆောင်နေခြင်းအပေါ် များစွာရှုတ်ချကြောင်းနှင့် မိမိတို့ ဆောင်ရွက်နိုင်သည့် နည်းလမ်းများဖြင့် တုန့်ပြန်သွားမည်ဖြစ်ကြောင်း LDU အနေဖြင့် ပြင်းထန်စွာ သတိပေး ထုတ်ပြန်ကြေညာ အပ်ပါသည်” ဟု ဖော်ပြထားသည်။

နေပြည်တော်တွင် အာဏာသိမ်းခေါင်းဆောင်နှင့် သွားရောက် တွေ့ဆုံခဲ့သည့် ကျာဆော်လမွန် ဦးဆောင်သည့် အဖွဲ့

စစ်ကောင်စီနှင့် ဆွေးနွေးခဲ့သော ကျာဆော်လမွန် ဦးဆောင်သည့် အဖွဲ့မှလည်း ဇူလိုင်လ ၂၇-၂၈ ရက်နေ့က ဗဟိုကော်မတီ အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး ကျာဆော်လမွန်ကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သလို ကျာဖူး က ဒုဥက္ကဋ္ဌနှင့် ကျာယာကုပ် အား အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က သတင်းဖော်ပြထားသည်။

ထို့အတူ ဩဂုတ်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာ တွင်လည်း ကျာဆော်လမွန် အား LDU “ဥက္ကဋ္ဌ” အဖြစ်ဖော်ပြထားသည်။

ထို့အတူ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ဆုံရန် ဖိတ်ခေါ်ထားသည့်အပေါ် တွေ့ဆုံရန်အတွက် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့နှင့် အတူ ကျာဆော်လမွန် ဦးဆောင်သည့် အဖွဲ့လည်း တက်ရောက်ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် အာဏာသိမ်းခေါင်းဆောင်နှင့် သွားရောက် တွေ့ဆုံခဲ့သည့် ကျာဆော်လမွန် ဦးဆောင်သည့် အဖွဲ့

LDU ဥက္ကဋ္ဌ ကျာဟားနှင့် ဒုက္ကဋ္ဌ ကျာခွန်ဆာ တို့ ဦးဆောင်သည့် အဖွဲ့သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ငြင်းဆန်ထားသလို “LDU အနေဖြင့် လားဟူလူမျိုးအတွက် တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့် ရရှိနိုင်စေရေးအတွက် အာဏာရှင်အား ဆန့်ကျင် တော်လှန်နေသော တော်လှန်ရေး အင်အားစုများနှင့်အတူ စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းလက်တွဲကာ လုပ်‌ဆောင်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ထားသည်။

အထွေထွေအတွင်းရေးမှူး ကျာကော် က “ကျနော်တို့လူကြီးတွေက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ သူတို့ စစ်တပ် အကျိုးစီးပွားအတွက် ဟန်ပြလုပ်နေတယ်လို့ မြင်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

LDU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် ၁၉၃၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်းခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

LDU သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့်အတူတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

Loading